ဆယ်စုနှစ်တစ်ခုကြာသည်အထိ ကိုယ် လိုချင်တဲ့အရာတွေကို ဝယ်ယူပိုင်ဆိုင်နိုင်ခြင်းဖြင့် မိမိရဲ့ပျော်ရွှင်မှုကို ရှာဖွေနိုင်တယ်လို့ သိပ္ပံပညာရှင်များက တွေ့ထင်ကြပါတယ်။ အိမ်အကြီးကြီး ဝယ်ယူနိုင်ခြင်း၊ ကားအကောင်းစား (သို့) နောက်ဆုံးပေါ်ဖုန်းများကို ဝယ်ယူခြင်းဖြင့် ကိုယ့်ရဲ့ပျော်ရွှင်မှုကို ဖန်တီးနိုင်တယ်လို့ ထင်မှတ်ကြပါတယ်။
သို့သော် Cornell University မှ ပရော်ဖက်ဆာတစ်ဦးရဲ့ လေ့လာချက်အရ ဥစ္စာပစ္စည်းများအပေါ် ရင်းနှီးမြှုပ်နှံခြင်းထက် အတွေ့အကြုံများပေါ်မှာသာ ရင်းနှီးမြှုပ်နှံခြင်းက သာလွန်ကောင်းမွန်ပြီး ပျော်ရွှင်မှုအစစ်အမှန်ကို ဆောင်ကျဉ်းပေးနိုင်ကြောင်း သိရှိရပါတယ်။
ဥစ္စာပစ္စည်းများကြောင့် ဖြစ်ပေါ်လာတဲ့ ပျော်ရွှင်မှုသာ တခဏတာသာ
ထိုပရော်ဖက်ဆာရဲ့ ထပ်မံဖြည့်စွက်ပြောကြားချက်အရ ပစ္စည်းဥစ္စာများ ဝယ်ယူကာ ဖြစ်တည်လာသော ပျော်ရွှင်မှုသည် ရက်အနည်းငယ်သာ ခံပြီး ကိုယ့်အတွက်လည်း အချည်းနှီးသာဖြစ်ပါတယ်။ အတွေ့အကြုံများပေါ် ရင်းနှီးမြှုပ်နှံတဲ့အခါ မိမိတစ်ဘဝစာလုံးအတွက် အသုံးဝင်ပြီး ကိုယ့်တက်လမ်းအတွက်လည်း အထောက်အပံ့ပေးနိုင်ကြောင်း ပြောကြားထားပါတယ်။
အတွေ့အကြုံများးသည် ကိုယ့်ရဲ့ရည်မှန်းချက်နဲ့ စိတ်ဝင်စားမှုကို မီးမောင်းထိုးပြနိုင်ခြင်း
မိမိအတွေ့အကြုံသစ်များ ရရှိဖို့ရန်အတွက် ပိုက်ဆံသုံးရမှာ နှမြောတွန့်တိုနေခြင်းသည် ကိုယ့်ဘဝရဲ့ပန်းတိုင်နဲ့ ကိုယ့်စိတ်ဝင်စားမှုကို ဝေဝါးသွားစေပါတယ်။ ကိုယ့်ရဲ့စိတ်ဝင်စားမှုနဲ့ ပန်းတိုင်တို့ ဝေဝါးသွားတဲ့အခါ ရှင်သန်နေထိုင်ရတာ အဓိပ္ပာယ်မဲ့လာသလို ခံစားရမှာဖြစ်ပြီး ကိုယ့်ဘဝကိုယ် ကျေနပ်တင်းတိမ်တော့မှာမဟုတ်ပါဘူး။
အတွေ့အကြုံများသည် အမြင်ကျယ်လာအောင် ကူညီပေးခြင်း
ဥပမာ သင်သည် ခရီးသွားဖို့အတွက် ပိုက်ဆံတွေ သုံးပစ်လိုက်ရတယ်ဆိုပါစို့။ ထိုခရီးသွားခြင်းကနေတဆင့် ရရှိလာတဲ့ ပျော်ရွှင်မှုသည် သင့်ရဲ့အတွေ့အကြုံသစ်ကြောင့်ပဲဖြစ်ပါတယ်။ အတွေ့အကြုံကြောင့် အရင်က တစ်ခါမှ ခရီးမသွားဖူးသောသင်သည် ခရီးသွားရတာကို နှစ်ခြိုက်လာမယ်။ မတူညီတဲ့ လူမျိုးစုများရဲ့ ယဉ်ကျေးမှုများကို သိနားလည်လာပြီး အမြင်ကျယ်လာမယ်။ ဒါဆိုရင် သင်သည် လောကကို ဘောင်ခတ်ကြည့်နေတဲ့ အမြင်ကျဉ်းမြောင်းသူတစ်ယောက် မဖြစ်တော့ပါဘူး။
အတွေ့အကြုံများသည် ဘဝသင်ခန်းစာများကို သင်ကြားပေးတယ်
အတွေ့အကြုံတွေကနေတဆင့် ဘဝသင်ခန်းစာများ ရရှိမယ်။ ထိုမှတဆင့် ကိုယ့်ရဲ့ဘဝကို ဒီ့ထက်ပိုမိုတိုးတက်ပြောင်းလဲလာအောင် ပုံဖော်ပေးနိုင်မယ်။ မပြည့်တဲ့အိုး ဘောင်ဘတ်ခတ်သလို မဖြစ်တော့ဘဲ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချတတ်လာမယ်။ ဒီအချက်များသည် အတွေ့အကြုံက ပေးစွမ်းတဲ့ကောင်းကျိုးတွေပဲဖြစ်ပါတယ်။
မေ့မရနိုင်တဲ့ ပျော်ရွှင်စရာမှတ်ဉာဏ်များကို ဖန်တီးပေးတယ်
ပျော်ရွှင်မှုသည် သင့်ရဲ့အတွေ့အကြုံများကို ပြန်လည်အမှတ်ရခြင်းကနေတဆင့် ထွက်ပေါ်လာနိုင်ပါတယ်။ အဲ့အချိန်တုန်းက ဘယ်လိုကြုံတွေ့ခဲ့ရတာ၊ အဲ့ပြဿနာကို ဘယ်လိုဖြေရှင်းခဲ့ရတာ စသည်ဖြင့် ပြန်လည်တွေးတောကာ မိမိရဲ့လုပ်နိုင်စွမ်းကိုလည်း ယုံကြည်လာမှာဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် အရင်ကထက် ယုံကြည်မှုတွေ တိုးသထက် တိုးလာပါလိမ့်မယ်။
အထက်ဖော်ပြပါအချက်များကြောင့် ဥစ္စာပစ္စည်းများထက် အတွေ့အကြုံများပေါ်မှာသာ ရင်းနှီးမြှုပ်နှံသင့်တယ်ဆိုတာကို ကွီးတို့အနေနဲ့ လက်ခံသွားကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
Source: Lifehack.org
Featured Image: Firstcitizens