အောင်မြင်တဲ့လုပ်ငန်းရှင်တစ်ယောက်ဖြစ်လာဖို့ ကျော်ဖြတ်ရတဲ့ အခက်အခဲတွေက အများကြီး။ မသေချာတဲ့လမ်းပေါ် လျှောက်ရတဲ့ လူတစ်ယောက်အဖို့ သာမန်သူလိုကိုယ်လို လူတွေထက် ရုန်းရကန်ရတာတွေကလည်း မနည်းဘူးမလား။ အောင်မြင်တဲ့ဘဝအတွက် ချွေးတွေ သွေးတွေနဲ့ စိတ်ဝိညာဉ်တွေပါ နှစ်မြှပ်သွန်းလောင်းပုံဖော်ရတာပါ။ ဒါကြောင့် အောင်မြင်ဖို့အတွက် လိုအပ်တဲ့ အရည်အချင်းတွေ အများကြီး ရှိပါတယ်။ ဒီထဲမှာ အခုပြောမယ့်အချက်တွေလည်း ပါဝင်ပါတယ်။

(၁) ခံနိုင်ရည်ရှိမှု

Business

Photo: Unsplash

အားကစားသမားတစ်ယောက်မှာ သက်လုံကောင်းဖို့ လိုအပ်သလိုမျိုး တာဝေးပြေး စီးပွားရေးသမားတစ်ယောက်အဖို့မှာလည်း ကြုံလာသမျှဒဏ်ကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်တဲ့ ထုသားပေသားကျမှု ခံနိုင်ရည်လိုအပ်ပါတယ်။ ကိုယ်ပိုင်လုပ်ငန်းတစ်ခု စွန့်စားပြီး လုပ်တဲ့အခါမှာ ပြဿနာတွေက မထင်လောက်အောင် တက်လာနိုင်ပါတယ်။ တစ်ပတ်ကို နာရီ ၈၀ အထိလည်း အလုပ်တွေ ကုန်းရုန်း လုပ်ရင်လည်း လုပ်ရပါမယ်။

ကိုယ့်စီးပွားရေးအိုင်ဒီယာကို တခြားသူတွေ ပလိန်းကြီး ကူးချပြီး လုပ်စားနေတဲ့အခါ ၊ ကိုယ့်ကို ခြေကလန့်ထိုးပြီး ကဖျက်ယဖျက်လုပ်သူတွေနဲ့ ကြုံရတဲ့အခါ ၊ နှစ်ပေါင်းများစွာ အချိန်ပေး အားထည့်ဖန်တီးထားတဲ့ ကိုယ့်လုပ်ငန်းလေး အခြေအနေယိမ်းယိုင်မယ့်အရေးကို ကယ်တင်ဖို့ အသည်းအသန်ကြိုးပမ်းရတဲ့အခါ Stamina လိုလာပါတယ်။ ဘယ်လောက်ပဲ စိန်ခေါ်မှုကြုံကြုံ ကိုယ့်လုပ်ငန်းရည်မှန်းချက်အရောက် သွားနိုင်ဖို့ သက်လုံကောင်းကောင်း မွေးထားဖို့ ၊ မွေးယူတတ်ဖို့ အရေးကြီးပါတယ်။

(၂) အစီအစဉ်ချမှတ် အကောင်အထည်ဖော်ခြင်း

Business Plan

Photo: Unsplash

လူတွေကို သူတို့မှန်းထားတဲ့ရည်မှန်းချက်အတိုင်း မရောက်အောင် ဟန့်တားထားတဲ့အချက်တစ်ချက်က အကောင်အထည်ဖော်ဖို့ ပျက်ကွက်ခြင်းပဲ ဖြစ်ပါတယ်။ ဘယ်လောက်ပဲ ကြိုတင်ပြင်ဆင်ပြီး အစီအစဉ်တွေ ဆွဲခဲ့ပါစေ မှန်းထားတဲ့အတိုင်းလည်း ဖြစ်ချင်မှ ဖြစ်တတ်ပါတယ်။ ဒါကြောင့် အရင်ဆုံး အစီအစဉ်အတိုင်း လုပ်ရင်းနဲ့မှ အခြေအနေပေါ် အလိုက်အထိုက်ကြည့်ပြီး ချိန်ညှိပြောင်းလဲရမှာ ဖြစ်ပါတယ်။
လုပ်ရပ်က စိတ်ကူးထဲက အစီအစဉ်တွေထက် ပိုလက်တွေ့ကျပြီး မျက်မြင်လက်တင် ဖြေရှင်းမှုတွေပါ ပါလာတာကြောင့် လုပ်ရင်းနဲ့ပဲ အစီအစဉ်သစ်တွေ ထပ်ဆွဲရတာတွေ ရှိလာတတ်ပါတယ်။ နာမည်ကျော် ဖိနပ်အမှတ်တံဆိပ်ကုမ္ပဏီတစ်ခုရဲ့ ဆောင်ပုဒ်တစ်ခုအတိုင်းပဲ ပြောရမယ်ဆိုရင် “Just Do It” ပါ။ ကျန်တဲ့ ကိစ္စတွေဟာ ခြေတစ်လှမ်းရဲ့ နောက်က လိုက်လာမယ့် နောက်တစ်လှမ်းကိစ္စတွေပဲ ဖြစ်ပါတယ်။

(၃) ရုန်းထနိုင်စွမ်း

Man In Front Of The Building

Photo: Unsplash

အခက်အခဲ ၊ စိန်ခေါ်မှုနဲ့ အတိုက်အခိုက်တွေအကြားမှာ အလဲထိုးခံရတဲ့အခါ ပြန်ရုန်းထတာမျိုးကို Resilience လို့ ဆိုနိုင်ပါတယ်။ Resilience Power ကောင်းတဲ့လူတစ်ယောက်ကို လောကဓံတရားက လက်မြှောက်ရပါလိမ့်မယ်။ အခုလို အပြောင်းအလဲများပြီး မသေချာမရေရာမှုတွေ ကြီးစိုးနေတဲ့ခေတ်မှာ သင့်ကိုယ်တွင်းမှာ ချန်ပီယံတစ်ယောက်လို ပြန်ရုန်းထနိုင်တဲ့သတ္တိ ဒုနဲ့ထည်နဲ့ ကြီးကြီးမားမား မရှိလို့ မဖြစ်တော့ပါဘူး။

(၄) စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု

Red Arrow

Photo: Unsplash

ရပ်မသွားအောင် တိုးတက်ဖို့က စွန့်ဦးတီထွင်သမားတစ်ယောက် ခုတ်မောင်းဖြတ်ကျော်ရမယ့် လမ်းတွေပဲ ဖြစ်ပါတယ်။ ကိုယ့်ပန်းတိုင်ဆီ တွန်းတင်ရာမှာ စဉ်ဆက်မပြတ် တိုးတက်မှုရဖို့အတွက် နေ့တိုင်းကိုယ့်ကိုယ်ကိုယ် မြှင့်တင်မှုတွေ ၊ အရည်အချင်းစစ်မှုတွေ လုပ်နေရပါတယ်။ လုပ်ရင်းကိုင်ရင်းနဲ့ တွေ့လာရတဲ့ အလွဲအမှားတွေကနေ သင်ယူပြီး ပိုကောင်းအောင် ပြန်ပြောင်းတာမျိုးကနေ ကိုယ့်ရဲ့စီးပွားရေးမော်ဒယ်ကို အားကောင်းမောင်းသန်နဲ့ ရှေ့ဆက်သွားနိုင်အောင် စီမံလုပ်ကိုင်ရပါမယ်။ အဲ့ဒီလို စီမံနိုင်ဖို့ကတော့ အချိန်တိုင်း သင်ခန်းစာယူ လေ့လာနေဖို့ပဲ ဖြစ်ပါတယ်။

Featured Photo: Unsplash