ခေတ်ပေါ် Hair Products တွေမပေါ်ခင် ရှေးယခင်ကတည်းက ဆံကေသာအတွက် အုန်းဆီကို အသုံးပြုခဲ့ကြပါတယ်။ အုန်းဆီမှာ ဆံကေသာအတွက် လိုအပ်တဲ့ ဗီတာမင်ဓာတ်တွေ ကြွယ်ဝစွာပါဝင်တဲ့အပြင် ဆံသားကြီးထွားမှုကို အားကောင်းစေပြီး ဦးရေပြားရောင်ရမ်းခြင်းတွေကို လျော့ပါးစေနိုင်စွမ်းရှိပါတယ်။ ဒီတစ်ခေါက်မှာတော့ ကွီးတို့ရဲ့ ဆံကေသာအတွက် အုန်းဆီကပေးတဲ့ ကောင်းကျိုးတွေအကြောင်း ပြောပြပေးချင်ပါတယ်။

(၁) ဆံပင်ကျွတ်ခြင်းကို လျှော့ချပေးတယ်

Reduces hair loss

Photo : Northwest Hair Restoration

အုန်းဆီမှာ ဦးရေပြားပေါ်က ဆံပင်မွေးညှင်းပေါက်တွေကို အားဖြည့်ပေးတဲ့ အာဟာရဓာတ်များ ကြွယ်ဝစွာပါဝင်ပြီး ဆံသားကို ပိုမိုကျန်းမာသန်စွမ်းလာစေဖို့ ကူညီပေးနိုင်ပါတယ်။ အုန်းဆီအနည်းငယ်ကို ကွီးတို့ရဲ့ ဦးရေပြားပေါ်မှာ လိမ်းပြီးနှိပ်နယ်ပေးခြင်းဖြင့် ဆံပင်မွေးညင်းပေါက်တွေဆီ သွေးစီးဆင်းမှုကို အားကောင်းစေပြီး ဆံသားကြီးထွားသန်းစွမ်းလာစေကာ ဆံပင်ကျွတ်ခြင်းပြဿနာကို လျှော့ချပေးမှာ ဖြစ်ပါတယ်။

(၂) ဆံကေသာကို သဘာဝအတိုင်း တောက်ပြောင်စေတယ်

Adds shine to your hair

Photo : Fashion Bomb Daily

ဆံကေသာ တောက်ပြောင်နေစေဖို့ဆိုရင် ဆံသားအတွက် လိုအပ်တဲ့ အာဟာရဓာတ်နဲ့ ရေဓာတ်တွေကို လုံလောက်စွာ ဖြည့်တင်းပေးရမှာပဲ ဖြစ်ပါတယ်။ အုန်းဆီကတော့ ဒီအကျိုး ကျေးဇူးနှစ်ခုလုံးကို ပေးစွမ်းပါတယ်။ အုန်းဆီဟာ ဆံပင်မွေးညင်းပေါက်တွေဆီကို အာဟာရဓာတ်တွေ ဖြည့်ဆည်းပေးနိုင်သလို ဦးရေပြားနဲ့ ဆံသားအတွက်လိုအပ်တဲ့ ရေဓာတ်ကိုလည်း ထောက်ပံ့ပေးတဲ့အတွက် ဆံသားကျန်းမာသန်စွမ်းပြီး သဘာဝအတိုင်း တောက်ပြောင်တဲ့ ဆံကေသာကို ရရှိစေမှာ ဖြစ်ပါတယ်။

(၃) ဗောက်ပျောက်ကင်းစေတယ်

Eliminates dandruff
Photo : Medical News Today

ဆံကေသာနဲ့ ပတ်သတ်ပြီး အမျိုးသားအများစုကြုံတွေ့ရတဲ့ ပြဿနာတစ်ခုက ဗောက်ထခြင်းပဲ ဖြစ်ပါတယ်။ ဗောက်ဆိုတာ ဦးရေပြားပေါ်မှာ မှိုစွဲတဲ့ ပြဿနာတစ်ခုဖြစ်ပြီး နေထိုင်ရခက်သည်အထိ ယားယံခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီလိုဗောက်ပြဿနာကို ဖြေရှင်းဖို့အတွက် အထိရောက်ဆုံးက သဘာဝပစ္စည်းကတော့ အုန်းဆီပါပဲ။ အုန်းဆီမှာ မှိုနဲ့ ဘက်တီးရီးယားပိုးမွှားတွေကို သေစေနိုင်တဲ့ ဂုဏ်သတ္တိများစွာပါဝင်ပြီး ဦးရေပြားခြောက်သွေ့ယားယံခြင်းကို သက်သာစေနိုင်ပါတယ်။

(၄) ပျက်စီးနေတဲ့ ဆံကေသာကို ကုစားပေးနိုင်တယ်

Repairs damaged hair
Photo : Men’s Hairstyles Now

ရာသီဥတုဒဏ် ၊ ဓာတုပစ္စည်းပါဝင်တဲ့ Hair Products တွေနဲ့ တခြားသောအကြောင်းအရင်းအမျိုးမျိုးကြောင့် ဆံသားပျက်စီးမှုတွေ ဖြစ်ပေါ်နေပြီဆိုရင်တော့ ဆံကေသာကို အကောင်းဆုံး ပြန်လည်ကုသနိုင်စွမ်းရှိတဲ့ သဘာဝနတ်ဆေးတစ်မျိုးဖြစ်တဲ့ အုန်းဆီသာ ပုံမှန်လေးလိမ်းပေးပါ။ အုန်းဆီဟာ ဆံသားတစ်ချောင်းချင်းစီတိုင်းကို အားဖြည့်ပေးပြီး ဆံကေသာအတွင်းပိုင်းအထိ အာဟာရဓာတ်ဖြည့်တင်းပေးနိုင်တဲ့အတွက် ပျက်စီးမွဲခြောက်နေတဲ့ ဆံကေသာကို ပြန်လည်သန်စွမ်းနက်မှောင်လာစေဖို့ ကူညီပေးနိုင်ပါတယ်။

Featured Photo : Daily Express