မန်ချက်စတာယူနိုက်တက်အသင်းကနေ အငှားနဲ့ထွက်ခွာလာတဲ့ တိုက်စစ်မှူးအန်တိုနီ မာရှယ်ကတော့ ကြာသပတေးနေ့က ဒိုင်နမိုဇာဂရက်ကို ၃ – ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ဆီဗီလာအသင်းအတွက် ပထမဆုံးသွင်းဂိုးကို စတင်သွင်းယူပေးခဲ့ပါတယ်။
မာရှယ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွေ့မှာ စပိန်ကလပ်ကို အငှားနဲ့ရောက်လာခဲ့တာဖြစ်ပြီး ဆီဗီလာအသင်းအတွက် ၃ ပွဲပါဝင်ကစားထားကာ အိမ်ကွင်းယူရိုပါလိဂ်ပွဲစဥ်မှာ ၎င်းရဲ့ ပထမဆုံး ပွဲဦးထွက်အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

Photo : VOI
အဆိုပါပွဲစဉ်မှာတော့ ပထမပိုင်းပွဲချိန် အစောပိုင်းမိနစ်မှာပဲ ဆီဗီလာအသင်း ပင်နယ်တီရရှိခဲ့ပြီး အိုင်ဗန်ရာကီတစ်ရဲ့ ကန်သွင်းမှုကနေတဆင့် ဦးဆောင်ဂိုး စတင်ရရှိခဲ့ပါတယ်။ ပထမပိုင်းပွဲကစားချိန် ၄၁ မိနစ်မှာတော့ ဒိုင်နမိုဇာဂရက်အသင်း ချေပဂိုးပြန်လည်သွင်းယူနိုင်ခဲ့ပေမယ့် ပွဲချိန် ၄၄ မိနစ်မှာ လုကပ်စ် အိုကမ်ပို့စ်က ၁ ဂိုး ၊ ဆက်တိုက်ဆိုသလို တန်ပြန်တိုက်စစ်ကနေတစ်ဆင့် ပါပူဂိုမက်ဇ်ရဲ့ ပေးပို့ဖန်တီးမှုကနေ မာရှယ်က ညာဘက်ဂိုးထောင့်ထဲကို လှလှပပ ကန်သွင်းခဲ့ပြီး တတိယမြောက်ဂိုးကို သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
ဆီဗီလာအသင်းဟာ မာရှယ်ရဲ့ သွင်းဂိုးအပါအဝင် ၃ – ၁ ဂိုးရလဒ်နဲ့ ယူရိုပါလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်မှာ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ မာရှယ်ရဲ့ ပွဲဦးထွက် သွင်းဂိုး သွင်းယူနိုင်ခဲ့တဲ့အပေါ် ယူနိုက်တက်ပရိသတ်တွေ ချီးကျူးခဲ့ကြပြီး ဒီနွေရာသီမှာ အိုးထရက်ဖို့ဒ်ကိုပြန်လာဖို့ မျှော်လင့်နေတယ်လို့ ပြောဆိုခဲ့ကြပါတယ်။
ပရိသတ်အများအပြား တွစ်တာလူမှုကွန်ယက်ပေါ်မှာ မာရှယ်အတွက် ချီးကျူးစကားတွေရေးသားခဲ့ကြပြီး ပရိသတ်တစ်ဦးက ” မာရှယ် ယူရိုပါလိဂ်မှာ ဆီဗီလာအတွက် ပထမဆုံး ဂိုးသွင်းယူပေးလိုက်ပြီ” လို့ရေးသားခဲ့သလို နောက်ထပ်ပရိသတ်တစ်ဦးကလည်း ” မာရှယ်နဲ့ ဗန်ဒီဘိခ်တို့ကတော့ သူတို့ရဲ့သက်ဆိုင်ရာကလပ်တွေမှာ ခြေစွမ်းကောင်းတွေနဲ့ ကောင်းမွန်တဲ့ဘဝတွေကို ရရှိနေကြပြီ” လို့ ရေးသားခဲ့ပါတယ်။

Photo : United In Focus
ပရိသတ်နောက်တစ်ဦးကလည်း ” ဆီဗီလာအတွက် မာရှယ်ဂိုးသွင်းလိုက်ပြီ ၊ နွေရာသီမှာ ကလပ်အသင်းကို ပြန်လာဖို့ မစောင့်နိုင်တော့ဘူး” လို့မှတ်ချက်ရေးသားခဲ့ပါတယ်။
ဒါပေမယ့်လည်း မာရှယ်ရဲ့ လနဲ့ချီ ဂိုးပေါက်ပျောက်နေမှု အဆုံးသတ်ခဲ့တဲ့အပေါ် ယူနိုက်တက်ပရိသတ်တချို့ မကျေမနပ်ဖြစ်ခဲ့ကြပြီး ၎င်းကို အငှားနဲ့ ထွက်ခွာခွင့်ပြုခဲ့တဲ့အပေါ် မေးခွန်းတွေထုတ်နေကြတာ ဖြစ်ပါတယ်။ ပရိသတ်တစ်ဦးကတော့ သက်ပြင်းချနေတဲ့ GIF နဲ့အတူ ” ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ ကာဗာနီတို့ ကစားရဖို့ မာရှယ်ကိုအငှားချခဲ့တာ”လို့ မှတ်ချက်ပေးခဲ့ပါတယ်။
Featured Photo : Daily Mail
