ကမ္ဘာပေါ်မှာ မယုံနိုင်အောင် စွမ်းအားကြီးတဲ့ တွက်ချက်ရေး ကွန်ပျူတာ တွေ ရှိကြပါတယ်။ ဒီ ကွန်ပျူတာ တွေကို စူပါ ကွန်ပျူတာတွေလို့ ခေါ်ကြပါတယ်။ စူပါ ကွန်ပျူတာ တွေရဲ့ အမြန်နှုန်းကို Petaflops နဲ့ တွက်ချက်ကြပါတယ်။ Flop ဆိုတာ တစ်စက္ကန့်မှာ အလုပ်လုပ်နိုင်တဲ့ Floating Point လုပ်ဆောင်ချက်ပါ။ Peta ကတော့ ၁ အနောက် သုည ၁၅ လုံးကို ပြောတာ ဖြစ်ပါတယ်။တစ်နှစ်နဲ့ တစ်နှစ် စူပါ ကွန်ပျူတာ တွေရဲ့ Speed တွေကလည်း သူ့ထက်ငါ ပိုလို့တောင် ကောင်းလာနေပါတယ်။ ကမ္ဘာ့ အားအကောင်းဆုံး စူပါ ကွန်ပျူတာ ၁၀၀ စာရင်းမှာ ဂျပန် ၊ အမေရိကန် ၊ ဂျာမနီ ၊ အီတလီနဲ့ ပြင်သစ်က ကွန်ပျူတာ တွေ ပါဝင်ပါတယ်။ ဒီတစ်ခေါက်မှာ ၅၆ ကြိမ်မြောက် TOP 500 ထဲက ဖော်ပြထားတဲ့ ကမ္ဘာ့ အမြန်ဆုံး စူပါ ကွန်ပျူတာ ၅ လုံး အကြောင်း ဖော်ပြလိုက်ပါတယ်။
(၅) Selene
Photo: tech2sports
အမေရိကန်နိုင်ငံ NVIDIA Corp ကနေ တပ်ဆင်တည်ဆောက်ထားတဲ့ ကွန်ပျူတာ ပါ။ ပြီးခဲ့တဲ့နှစ် Ranking အရ Selene က ပဉ္စမမြောက် အမြန်ဆုံး စူပါ ကွန်ပျူတာအဖြစ် သတ်မှတ်ခံရပါတယ်။ Upgrade မြှင့်ပြီးနောက် Selene ဟာ HPL မှာ 63.4 Petaflops ရထားပါတယ်။ Selene ဟာ AI Supercomputer အမျိုးအစားဖြစ်ပြီး စနစ်ဖွံ့ဖြိုးရေးနဲ့ စမ်းသပ်မှုတွေ ၊ in-House AI Workloads နဲ့ Chips Design ပိုင်းအတွက် သုံးနေကြပါတယ်။
(၄) Sunway TaihuLight

Photo: tech2sports
တရုတ်နိုင်ငံ Wuxi အမျိုးသားစူပါတွက်ချက်ရေးစင်တာမှာ ရှိတဲ့ Sunway TaihuLight ဟာ အရင်၂နှစ်လောက်က အမြန်ဆုံး စူပါ ကွန်ပျူတာ ဖြစ်ခဲ့ပြီး အခုတော့ နံပါတ် ၄ နေရာ ရောက်သွားတာ ဖြစ်ပါတယ်။ ဒီ ကွန်ပျူတာ ကို တရုတ်နိုင်ငံ အပြိုင်ကွန်ပျူတာအင်ဂျင်နီယာပိုင်းနဲ့ နည်းပညာလေ့လာရေးသုတေသနက ဖန်တီးထားပြီး HPL Benchmark မှာ 93 Petaflops ရထားပါတယ်။ သုံးထားတဲ့ Processor တွေကတော့ Sunway SW26010 Processor ဖြစ်ပါတယ်။
(၃) Sierra

Photo: tech2sports
အမြန်ဆုံး စူပါ ကွန်ပျူတာ စာရင်းမှာ နံပါတ် ၃ နေရာက ဖော်ပြခံရတဲ့ စူပါ ကွန်ပျူတာ ကလည်း အမေရိကန်ကပဲ ဖြစ်ပါတယ်။ Sierra ဟာ ကယ်လီဖိုးနီးယားပြည်နယ် Lawrence Livermore National Laboratory က တည်ဆောက်ထားတဲ့ စက်ဖြစ်ပြီး HPLမှာ 94.6 Perflop မှတ် ရထားပါတယ်။ Sierra ဟာ ကမ္ဘာ့စွမ်းအင်ထိရောက်မှုအရှိဆုံး စူပါ ကွန်ပျူတာ အဖြစ်ပါ ဖော်ပြခံရတဲ့ ကွန်ပျူတာ လည်း ဖြစ်ပါတယ်။
(၂) Summit

Photo: tech2sports
တင်နက်စီပြည်နယ် Oak Ridge National Laboratory မှာ အခြေစိုက်ပြီး IBM က တည်ဆောက်ပေးထားတာပါ။ အမေရိကန်ရဲ့ အမြန်ဆုံး ကွန်ပျူတာ စနစ်ဖြစ်ပြီး ၂၀၁၈ ခုနှစ်က စတင်လည်ပတ်ခဲ့တာ ဖြစ်ပါတယ်။ စွမ်းဆောင်ရည်အနေနဲ့ 148.80 Petaflops ရထားပြီး Nodes 4356 နဲ့အတူ တစ်ခုချင်းစီမှာ 22-Core Power9 CPUSs နဲ့ NVIDIA Tesla V100 GPUs ၆ ခုစီ ပါဝင်ပါတယ်။ စွမ်းဆောင်ရည်မြင့်မားမှုကြောင့် Gordon Bell Prize ချီးမြှင့်ခံထားရတဲ့ စက်ပါ။
(၁) Fugaku

Photo: tech2sports
၂၀၂၁ ခုနှစ်အတွက် ကမ္ဘာ့ အမြန်ဆုံး စူပါ ကွန်ပျူတာ က ဂျပန်မှာ ရှိပါတယ်။ Fujitsu က တည်ဆောက်ထားတဲ့ Fugaku ဟာ ဂျပန်နိုင်ငံ ကိုဘေးမှာ ရှိတဲ့ RIKEN Center For Computional Science ဌာနမှာ တပ်ဆင်တည်ဆောက်ထားပါတယ်။ HPL ရလဒ်အရ စံချိန်သစ်ဖြစ်တဲ့ 442 Petaflops နှုန်းအထိ တွက်ချက်မှု လုပ်ဆောင်နိုင်တယ်လို့ ဆိုပါတယ်။
Featured Photo: networkworld

