မန်ချက်စတာ ယူနိုက်တက်ကြယ်ပွင့်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ဘောလုံး ကွင်းအတွင်းမှာတင် မကဘဲ ဘောလုံးကွင်း ပြင်ပမှာပါ အားလုံးရဲ့အထက်မှာ ရှိနေရတာကို နေသာထိုင်သာ ရှိသူဖြစ်ပါတယ်။

Ronaldo showed his super car

Photo: Khelnow.com

ပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင်ဟာ ကမ္ဘာပေါ်က တန်ဖိုးအကြီးဆုံး စူပါကားတွေကို ဝယ်ယူစုဆောင်းတတ်သူအဖြစ် လူသိများပြီး ၎င်းကိုယ်တိုင် ကားဘယ်နှစီး ပိုင်ဆိုင်ထားမှန်းတောင် မမှတ်မိတော့ဘူးလို့ အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ဖူးပါတယ်။ စက္ကန့်နဲ့အမျှ ဝင်ငွေရရှိနေတဲ့ ရော်နယ်လ်ဒိုတို့လို ကမ္ဘာကျော်ဘောလုံးသမားတွေအတွက် အချိန်ဟာ ဘာနဲ့မှ နှိုင်းယှဉ်မရအောင် တန်ဖိုးကြီးသလို မတော်တဆ ထိခိုက်မှု တစ်စုံတရာမရအောင် ကာကွယ်နိုင်ဖို့လည်း လိုတာကြောင့် အပန်းဖြေခရီးသွားတာမျိုး၊ စီးပွားရေးကိစ္စနဲ့ ခရီးသွားလာတာမျိုးအတွက် မြန်ဆန်စိတ်ချရတဲ့ စီးတော်ယာဉ်တစ်ခု လိုအပ်မှာဖြစ်ပါတယ်။

Cristiano Ronaldo with his private jet

Photo: Daily Star

ဒါကြောင့် ရော်နယ်လ်ဒိုဟာ ကိုယ်ပိုင် ဂျက်လေယာဉ်တစ်စင်းကို ဝယ်ယူဖို့အတွက် ဆုံးဖြတ်ခဲ့ဟန်ပေါ်ပြီး ၎င်း ဝယ်ယူခဲ့တဲ့ ဂျက်လေယာဉ်ဟာ ကမ္ဘာ့ထိပ်တန်းဘောလုံးသမားတွေ ပိုင်ဆိုင်ထားတဲ့ ဂျက်လေယာဉ်တွေထဲမှာ တန်ဖိုးအကြီးဆုံးအဖြစ်လည်း ရပ်တည်နေတာဖြစ်ပါတယ်။ ရော်နယ်လ်ဒိုရဲ့ Gulfstream G650 ဟာ အလွန်သက်တောင့်သက်သာရှိမှုကြောင့် ကျော်ကြားသလို ခရီးစဉ်တကြောင်းတည်းနဲ့ ကမ္ဘာပေါ်က မြို့တော်တွေအားလုံးကို ပျံသန်းနိုင်တယ်လို့ သိရပါတယ်။

Ronaldo and Georgina Rodriguez

Photo: The Sun

ပေါင် ၄၈ သန်းတန်တဲ့ Gulfstream G650 လေယာဉ်ဟာ ၁၂၉၆၀ ကီလိုမီတာဝန်းကျင်အထိ ခရီးသည် ၁၈ ဦးအထိ တင်ဆောင်ပျံသန်းနိုင်ပေမယ့် ရော်နယ်လ်ဒိိုအတွက် အကောင်းဆုံးအရာကတော့ လေယာဉ်ကိုယ်ထည်မှာ ၎င်း စိတ်ကြိုက် ပုံတွေ ရေးဆွဲရတာဖြစ်ပါတယ်။ ရော်နယ်လ်ဒိုဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ဦးအဖြစ် ဆယ်စုနှစ် တစ်ခုကျော်ကြာ ရပ်တည်နေခဲ့တဲ့သူဖြစ်တာနဲ့အညီ ၎င်းရဲ့ကိုယ်ပိုင် ဂျက်လေယာဉ်ကလည်း လက်ရှိအချိန်အထိ ဘောလုံးသမားတွေပိုင်ဆိုင်ထားတဲ့ လေယာဉ်တွေထဲမှာ တန်ဖိုးအကြီးဆုံးအဖြစ် ရပ်တည်နေတာကတော့ မဆန်းဘူးလို့ ပြောရမှာဖြစ်ပါတယ်။

Featured Photo: Republic World