ချဲလ်ဆီး အသင်းပိုင်ရှင် ရိုမန် အေဘရာမိုဗစ်ချ်ရဲ့သမီးဖြစ်သူ ဆိုဖီယာက အင်စတာဂရမ်မှာ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နေတဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို ဆန့်ကျင့်တဲ့ Meme ကို တင်ခဲ့ပါတယ်။

Sofia shared Anti-Putin Meme on her instagram

Photo: Daily Star

အသက် ၂၇ နှစ်အရွယ် Influencer တစ်ဦးဖြစ်တဲ့ ဆိုဖီယာဘရာမိုဗစ်ချ်က သူမရဲ့ လူမှုကွန်ရက်အကောင့်ကနေ လူအများသိအောင် ပုံတစ်ပုံကို မျှဝေခဲ့တာဖြစ်ပြီး ပုံထဲက စာမှာ “ရုရှားတွေက ယူကရိန်းတွေနဲ့ စစ်ပွဲ ဆင်နွှဲချင်တယ်”လို့ ရေးသားထားပေမယ့် ရုရှားဆိုတဲ့ စာလုံးနေရာကို မျဉ်းတားထားပြီး ပူတင်လို့ အစားထိုးရေးသားထားတာဖြစ်ပါတယ်။ အဲဒီသတင်းစကားရဲ့အောက်မှာလည်း “ကရင်မလင် ဝါဒဖြန့်ချိရေးရဲ့ အကြီးမားဆုံးနဲ့ အအောင်မြင်ဆုံး အလိမ်အညာက ရုရှားနိုင်ငံသား အများစုက ပူတင်နဲ့ ရပ်တည်နေတယ်ဆိုတာပဲ”လို့ ရေးသားထားတာဖြစ်ပါတယ်။

Roman Abramovich and his Daughter Sofia

Photo: Daily Star

အသက် ၅၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အေဘရာမိုဗစ်ချ်ဟာ ၂၀၀၃ ခုနှစ်မှာ ချဲလ်ဆီးအသင်းကို ဝယ်ယူခဲ့ပြီး ဥရောပဘောလုံးလောကမှာ အင်အားကြီးအသင်းတစ်သင်း ဖြစ်လာအောင် ပြောင်းလဲပေးခဲ့တဲ့သူဖြစ်ပါတယ်။ ပူတင်က ယူကရိန်းစစ်အခြေစိုက်စခန်းတွေကို ဗုံးကြဲတိုက်ခိုက်ဖို့ အမိန့်ပေးခဲ့ပြီးနောက် အားကစားကြယ်ပွင့်တွေကလည်း လူမှုကွန်ရက်ကို အသုံးပြုပြီး ထုတ်ဖော်ကန့်ကွက်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

Ekaterina Gamova

Photo: Twitter

ရုရှားဘော်လီဘောကစားသမား အက်ကေးတယ်ရီနာ ဂါမိုဗာက “ကျွန်မတို့ ဘာစစ်ပွဲမှ မလိုချင်ပါဘူး။ သာမန်ပြည်သူတွေဟာ ဘာအတွက်နဲ့မှ အပြစ်မတင်တဲ့သူတွေဖြစ်ပေမယ့် ပထမဆုံး ထိခိုက်ခံစားရတာ သူတို့တွေပဲ ဖြစ်နေပါတယ်။ ကျွန်မပါးစပ်ကနေ စစ်ကြီး စပြီလို့ ပြောခဲ့တဲ့နေ့ကို တသက်လုံး သတိရနေမှာပါ။ ကျွန်မသားကို ကြည့်လိုက်တော့ မျက်ရည်တွေ စီးကျနေခဲ့ပါတယ်။ ဘုရားသခင် ကူညီစောင်မတော်မူပါ”လို့ ရေးသားခဲ့ပါတယ်။

Andrey Rublev

Photo: The Indian Express

ရုရှား တင်းနစ်ကစားသမား အန်ဒရေး ရူးဘလက်ဗ်က ဒူဘိုင်း ဂျူတီဖရီး တင်းနစ် ချန်ပီယံရှစ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နေစဉ်အတွင်း “ဒီလို အချိန်မှာ ကျွန်တော့်ရဲ့ပွဲက အရေးမပါဘူးဆိုတာ ခင်ဗျား သိသွားပါပြီ။ ကျွန်တော့်ရဲ့ပွဲမဟုတ်ဘူးဆိုပြီး ဖြစ်တဲ့အထိ ကျွန်တော့်အပေါ် အဲဒါက အကျိုးသက်ရောက်မှုရှိပါတယ်။ ဖြစ်ပျက်နေတာတွေက အများကြီးပိုလို့တောင် ကြောက်မက်စရာကောင်းပါတယ်။

ကမ္ဘာပေါ်မှာ ငြိမ်းချမ်းရေးရှိနေဖို့၊ တစ်ယောက်အပေါ်တစ်ယောက် ဘာတွေပဲ ဖြစ်နေဖြစ်နေ လေးစားဖို့၊ စည်းလုံးညီညွတ်ကြဖို့ ဘယ်လောက်အရေးပါလဲဆိုတာ ခင်ဗျား သိသွားပါပြီ။ ကျွန်တော်တို့ရဲ့ ကမ္ဘာမြေနဲ့ တစ်ယောက်အပေါ်တစ်ယောက် ဂရုစိုက်သင့်ပါတယ်။ ဒါက အရေးအကြီးဆုံးအရာပါ”လို့ ပြောကြားခဲ့ပါတယ်။

Featured Photo: Daily Star