Apple ရဲ့ အောင်မြင်ကျော်ကြားလှတဲ့ Special Edition မျိုးဆက်ဟာ ဒီနှစ်ထဲမှာ တတိယမြောက်မျိုးဆက်အဖြစ် ကြေညာသွားဖို့ရှိပါတယ်။ iPhone SE 3 ကို မတ်လ၈ ရက်နေ့ မိတ်ဆက်သွားမယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။ Bloomberg သတင်းဌာနက နာမည်ကြီး Apple Analyst ဖြစ်တဲ့ မာ့ခ်ဂါးမန်းကတော့ Apple ဟာ မတ်လဆန်းထဲမှာ iPhone SE 3 အပြင် iPad Air သစ် နဲ့ Mac ထုတ်ကုန်သစ်ပါ မိတ်ဆက်ဖို့ စီစဉ်ထားတယ်လို့ ပြောထားပါတယ်။

တန်ဖိုးနည်း iPhone တစ်လုံးအဖြစ် တွေ့မြင်ရမယ့် iPhone SE သစ် မိတ်ဆက်မယ့်ရက်တွေ နီးလာချိန်မှာပဲ ဒီဖုန်းအကြောင်း သတင်းတွေကလည်း ပလူပျံလာပါတယ်။ သေချာသလောက်ရှိတဲ့အချက်က iPhone SE သစ်ဟာ Apple ရဲ့ ဈေးအသက်သာဆုံး 5G iPhone ဖြစ်လာမှာပါ။ 5G ပါတာ စိတ်ဝင်စားပြီး iPhone ကိုင်ချင်တဲ့ သန်းထောင်နဲ့ချီတဲ့ အန်းဒရိုက်သုံးစွဲသူတွေကို အာရုံကျစေမယ့်ဖုန်းတစ်လုံးလည်း ဖြစ်လာနိုင်ပါတယ်။

iPhone SE 3 Concept

Photo: notebookcheck

လောလောဆယ်မှာတော့ iPhone SE 3 အကြောင်း သေချာသလောက် သတင်းတွေရော ကောလာဟလသတင်းတွေပါ ပျံ့နှံ့နေပါတယ်။ လက်ရှိ ထွက်ပေါ်နေတဲ့ သတင်းတွေအရဆို iPhone SE 3 ဟာ ဒီဇိုင်းပိုင်းမှာ ၂၀၂၀ iPhone SE နဲ့ တစ်ပုံစံတည်းဖြစ်ဖို့ များနေပါတယ်။ ဂျပန် Apple ဘလော့ဂ်တစ်ခုဖြစ်တဲ့ Macotakara နဲ့ Apple Analyst မင်ချိကုအို ၊ DSCC က ရော့စ်ယန်းဂ်တို့လို ဈေးကွက်လေ့လာသူတွေကတော့ iPhone SE 3 သစ်ဟာ iPhone 8 ဆန်တဲ့ ဒီဇိုင်းနဲ့ ၄.၇ လက်မဆိုဒ် LCD Display သုံးလာမယ်လို့ ဆိုပါတယ်။

ဆိုလိုတာက iPhone SE သစ်ဟာ ဒီဇိုင်းပိုင်း သိသာတဲ့အပြောင်းအလဲ ရှိမှာ မဟုတ်ဘဲ Home Button ပေါ်မှာ Touch ID တစ်ခု ပါလာနိုင်ပါတယ်။ အပေါ်နဲ့ အောက်ဘက်မှာ Bezel ဘောင်ထူထူနဲ့ အရင်ခေတ်ဒီဇိုင်းကို မြင်ရမှာပါ။ အရောင်အနေနဲ့ Starlight နဲ့ Midnight ကာလာတွေနဲ့ လာနိုင်ပါတယ်။ တချို့ကောလာဟလသတင်းတွေမှာတော့ iPhone SE သစ်ဟာ iPhone SE Plus အနေနဲ့ မျက်နှာပြင်ဆိုဒ် ၅.၅ လက်မ ဗားရှင်းတစ်ခု ထွက်ရှိပြီး ဘေးဘောင် Touch ID ခလုတ်နဲ့ လာမယ်လို့ ပြောထားတာလည်း ရှိပါတယ်။

MyDrivers က လာတဲ့ အရင်နှစ်ကုန်ပိုင်း သတင်းတစ်ပုဒ်ထဲမှာတော့ iPhone SE 3 မော်ဒယ်ဟာ iPhone 8 ပုံစံမျိုး မဟုတ်ဘဲ iPhone XR ကို အခြေခံထားတဲ့ ဒီဇိုင်းနဲ့လာပြီး ဘေးဘောင်လက်ဗွေစနစ် သုံးမယ်လို့ ပြောထားပါတယ်။ ဖြစ်နိုင်ခြေအများဆုံးက ပုံစံအပြောင်းအလဲမရှိတဲ့ iPhone 8 စတိုင်ကိုပဲ အခြေခံသွားဖို့ များပါတယ်။ Processor အနေနဲ့ iPhone SE 3 သစ်ဟာ iPhone 13 စီးရီးမှာ သုံးခဲ့တဲ့ 5G ချိတ်ဆက်မှုပါလာမယ့် A15 Bionic Chip သုံးလာဖို့ မျှော်လင့်ရပါတယ်။ ၂၀၂၀ မော်ဒယ် iPhone SE ကတော့ A13 Bionic Chip ကို သုံးထားတာပါ။

ကင်မရာပိုင်းနဲ့ ပတ်သက်ပြီး iPhone SE 3 က သတင်း သိပ်မထွက်ပါဘူး။ သဘောက သိပ်ပြီး အပြောင်းအလဲမရှိလို့နဲ့ စိတ်ဝင်စားစရာမပါလို့လည်း ဖြစ်နိုင်ပါတယ်။ အခုထွက်ထားတဲ့ ၂၀၂၀ iPhone SE မော်ဒယ်က ၂၀၁၉ ထွက် iPhone 11 ကင်မရာနဲ့ ဆင်တာကြောင့် iPhone SE 3 ဟာ iPhone 12 ဒါမှမဟုတ် iPhone 13 နဲ့ ကင်မရာပိုင်း ခပ်ဆင်ဆင်တူ ဖြစ်ဖို့ များပါတယ်။ တတိယမျိုးဆက် iPhone SE မှာ 12MP Sensor ကင်မရာသုံးလာနိုင်ပြီး Night Mode ၊ Cinematic Mode နဲ့ Photographic Styles ဆိုပြီး ဓါတ်ပုံရိုက်ကူးမှုနည်းပညာတွေ ထည့်သွင်းလာနိုင်ပါတယ်။

iPhone_SE_3

Photo: notebookcheck

၂၀၂၂ မော်ဒယ် iPhone SE သစ်နဲ့ ပတ်သက်ပြီး နောက်ထပ်စိတ်ဝင်စားစရာ အချက်အလက်တစ်ခုက ဈေးနှုန်းပဲ ဖြစ်ပါတယ်။ Investor’s Business Daily က လာတဲ့ သတင်းတစ်ပုဒ်အရ iPhone SE 3 (2022) ဟာ ဒေါ်လာ ၃၀၀ ဈေးကနေ စတင်သွားမယ်လို့ ဆိုပါတယ်။ လက်ရှိမြန်မာငွေ ပေါက်ဈေးနဲ့ဆို ၅ သိန်းခွဲဝန်းကျင်ဈေး ဖြစ်မှာပါ။

4G ပဲ ရတဲ့ iPhone SE 2 (2020) ကို ၃၉၉ ဒေါ်လာဈေးနဲ့ ရောင်းချခဲ့တာ ဖြစ်လို့ ကင်မရာ ၊ processor ၊ ဘက်ထရီနဲ့ 5G နည်းပညာအားသာချက်တွေ ရှိပြီး ဒေါ်လာ ၁၀၀ ပိုသက်သာတဲ့ iPhone SE သစ်ကို မြင်ရမလားဆိုတာ စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။ iPhone SE သစ်အကြောင်း တရားဝင်အချက်အလက်တွေကို လာမယ့် မတ်လဆန်းမှာ သေချာပေါက် သိရဖို့ ရှိပါတယ်။

Featured Photo: thinkapple