အမျိုးသားတွေအတွက် မရှိမဖြစ်အရေးပါတဲ့ ဖက်ရှင် အသုံးအဆောင်တစ်ခုကတော့ ခါးပတ်ပဲ ဖြစ်ပါတယ်။ ခါးပတ်တွေဟာ ကွီးတို့ရဲ့ ဖက်ရှင်ကို ပိုပြီး အဆင့်မြှင့်ပေးနိုင်တဲ့ အကောင်းဆုံးအသုံးအဆောင် ပစ္စည်းတစ်ခုဖြစ်တာကြောင့် ယောကျာ်းလေးတိုင်းရဲ့ အဝတ်ဘီရိုထဲမှာ မဖြစ်မနေ ရှိထားသင့်ပါတယ်။ ဒီတစ်ခါမှာတော့ အရည်အသွေးကောင်းမွန်ပြီး နာမည်ကြီးအမှတ်တံဆိပ် ခါးပတ်တွေကိုမှ ဝတ်ချင်တဲ့ ကွီးတို့အတွက် ကမ္ဘာ့ဈေးအကြီးဆုံး အမျိုးသားဝတ် ခါးပတ် ၄ ခုကို ပြောပြပေးချင်ပါတယ်။

(၁) Gucci Stuart Hughes

ကမ္ဘာကျော် အီတလီဖက်ရှင်အမှတ်တံဆိပ် Gucci နဲ့ ဗြိတိန်ဒီဇိုင်နာ Stuart Hughes တို့ပူးပေါင်းဖန်တီးထားတဲ့ ဈေးအကြီးဆုံး ခါးပတ်တစ်ခု ဖြစ်ပါတယ်။ စိန် ၃၀ ကာရက် နဲ့ ရွှေ ၃၀ ကာရက် တို့ဖြင့် ဖန်တီးထုတ်လုပ်ထားတဲ့ ဒီခါးပတ်ဟာ ဒေါ်လာ ၂သိန်းခွဲ တန်ဖိုးရှိပြီး ကမ္ဘာပေါ်က တန်ဖိုးအကြီးဆုံး ခါးပတ်တစ်ခုအဖြစ် သတ်မှတ်ခံထားရပါတယ်။

(၂) Caliber R822

ဆွစ်ဇာလန်အမှတ်တံဆိပ် Roland Iten ဟာ အဖိုးတန်ကျောက်မြတ်ရတနာ ၁၄ ကာရက်နဲ့ ဈေးအကြီးဆုံး ခါးပတ်တစ်ခုကို ဖန်တီးခဲ့ပါတယ်။ ဒီခါးပတ်ဟာ Roland နဲ့ Bugatti တို့ ပူးပေါင်းဖန်တီးထားတဲ့ collector’s item တစ်ခုဖြစ်ပြီး ဈေးနှုန်းအားဖြင့်တော့ ဒေါ်လာ ၈၄၀၀၀ ခန့်တန်ဖိုးရှိပါတယ်။

(၃) Etriviere

ဇိမ်ခံအသုံးအဆောင်ပစ္စည်းတွေထုတ်တဲ့ Hermes ကနေပြီး ရိုးရိုးရှင်းရှင်းနဲ့ အထာကျတဲ့ Etriviere လို့အမည်ရတဲ့ တန်ဖိုးကြီး အမျိုးသားဝတ်ခါးပတ်တစ်ခု ထုတ်ခဲ့ပါတယ်။ ဒီခါးပတ်ဟာ ရိုးရှင်းတဲ့ဒီဇိုင်းနဲ့ စွဲမက်စရာ ခါးပတ်တစ်ခုဖြစ်ပြီး ဈေးနှုန်းကတော့ ဒေါ်လာ ၅၁၀၀ တန်ဖိုးရှိပါတယ်။

(၄) LV Initiales 40MM

Louis Vuitton ကထုတ်တဲ့ ဒီခါးပတ်ကတော့ တောက်ပြောင်တဲ့ အနက်ရောင် မိကျောင်းသားရေနဲ့ ဆွဲဆောင်မှုအရှိဆုံး ခါးပတ်တစ်ခုပဲ ဖြစ်ပါတယ်။ ခါးပတ်ခေါင်းကို ကြေးဝါနဲ့ ပြုလုပ်ထားပြီး ဈေးနှုန်းကတော့ ဒေါ်လာ ၃၅၀၀ ကျသင့်မှာ ဖြစ်ပါတယ်။

Source : Expensive World

Featured Photo : IMT Mines Albi