ပင်လယ်ငါးတွေထဲမှာ အာဟာရဓါတ် အကြွယ်ဝဆုံး ငါး တစ်မျိုးက ဆယ်လ်မွန် ငါးတွေပဲ ဖြစ်ပါတယ်။ ဆယ်လ်မွန် ငါးတွေက အဆီများတဲ့ ငါး ထဲမှာ ပါပြီး အရသာရှိသလို အမျိုးမျိုးအဖုံဖုံလည်း ချက်ပြုတ်စားလို့ ရနိုင်ပါတယ်။ တော်ရုံရောဂါတွေ မဖြစ်အောင်လည်း လျှော့ချကာကွယ်နိုင်စွမ်း ရှိပါတယ်။ ဆယ်လ်မွန် ငါး စားသုံးခြင်းအားဖြင့် ရနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူး တွေထဲက တချို့အကြောင်းကို ဒီတစ်ခေါက် မျှဝေတင်ဆက်ပေးချင်ပါတယ်။
(၁) အိုမီဂါ – သရီး ဖက်တီးအက်စစ်ကြွယ်ဝတယ်
Photo : Unsplash
ဆယ်လ်မွန်ငါးဟာ အိုမီဂါ သရီး ဖက်တီးအက်စစ် Elcosapentaenoic Acid (EPA) နဲ့ Docosahexaenoic Acid (DHA) အရင်းအမြစ် သိပ်ကို ကြွယ်ဝပါတယ်။ ဆယ်လ်မွန်ငါး ၃ ပေါင်ခွဲသားမှာ အိုမီဂါဖက်တီးသရီးအက်စစ် ၂.၃ ဂရမ်အထိ ပါဝင်တယ်လို့ ဆိုပါတယ်။ တခြားအဆီတွေနဲ့ မတူတာက အိုမီဂါ ဖက်တီး သရီး အက်စစ်ကို မရှိမဖြစ် Essential အုပ်စုထဲမှာ ထည့်ပြောကြပါတယ်။ သဘောက လူရဲ့ ခန္ဓာကိုယ်က ဒါမျိုး မဖန်တီးနိုင်တာကြောင့် အစားအသောက် Diet ကနေပဲ ရယူရတာ ဖြစ်ပါတယ်။
ကျန်းမာရေး အဖွဲ့အစည်းအများစုက အရွယ်ရောက်ပြီး ကျန်းမာသူတွေဟာ တစ်ရက်ကို EPA နဲ့ DHA အနည်းဆုံး ၂၅၀ မီလီဂရမ်ကနေ မီလီဂရမ် ၁၀၀၀ အထိ စားပေးဖို့ လိုတယ်ဆိုပြီး ထောက်ခံထားကြပါတယ်။ EPA နဲ့ DHA ဟာ ရောင်ရမ်းမှု လျှော့ချပေးနိုင်စွမ်းရှိသလို သွေးဖိအား လျော့ပါးစေခြင်း ၊ ကင်ဆာဖြစ်နိုင်ခြေ လျှော့ချပေးခြင်း နဲ့ သွေးကြောအတွင်း ဆဲလ်တွေရဲ့ လုပ်ဆောင်ချက် ကောင်းမွန်စေခြင်း စတဲ့ ကျန်းမာရေးအကျိုးတွေ ပေးနိုင်စွမ်း ရှိပါတယ်။ EPA နဲ့ DHA ဖြည့်စွက်အစာ ကုထုံးပေးပြီး ဆေးလိပ်သောက်သူတွေ ၊ အဝလွန်သူတွေနဲ့ ကိုလက်စထရော Level မြင့်နေသူတွေကို လေ့လာရာမှာ သိသာတဲ့ သွေးလွှတ်ကြော လုပ်ဆောင်ချက်တွေ တွေ့ရတယ်လို့ ဆိုပါတယ်။
(၂) ပရိုတိန်းဓါတ်လည်း ပြည့်ဝတယ်
Photo : Unsplash
ဆယ်လ်မွန်ငါးတွေဟာ ပရိုတိန်းဓါတ်လည်း မြင့်မားကြပါတယ်။ အိုမီဂါ ဖက်တီး သရီးလိုပါပဲ။ ပရိုတိန်းကလည်း အစားအသောက်ကနေပဲ ရယူနိုင်တဲ့ မရှိမဖြစ် အာဟာရ ဖြစ်ပါတယ်။ ပရိုတိန်းဓါတ်ဟာ လူရဲ့ ထိခိုက်ဒဏ်ရာ ကုစားမှု ၊ အရိုးကျန်းမာရေး ကာကွယ်ပေးမှုနဲ့ ဝိတ်ချစဉ် ကြွက်သားထု ယိုယွင်း ပုံပျက်မသွားအောင်ပါ ကာကွယ်နိုင်စွမ်း ရှိပါတယ်။
လေ့လာမှုတွေအရဆိုရင် လူတစ်ယောက်ဟာ တစ်နေ့ကို ပရိုတိန်း ဂရမ် ၂၀ ကနေ ၃၀ အထိ စားပေးဖို့ လိုတယ်ဆိုပြီး ပြောထားပါတယ်။ ဆယ်လ်မွန်ငါး ဂရမ် ၁၀၀ (၃ ပေါင်ခွဲ) မှာ ပရိုတိန်း ၂၂ ဂရမ်ကနေ ၂၅ ဂရမ် အထိ ပါဝင်ပါတယ်။
(၃) ဗိုက်တာမင် ဘီ ကြွယ်ဝတယ်
Photo : Unsplash
သဘာဝအတိုင်း ဖမ်းယူရရှိတဲ့ ဆယ်လ်မွန်ငါး ၃ ပေါင်ခွဲမှာ ဗိုက်တာမင် B12 (တစ်နေ့တာ လိုအပ်မှုတန်ဖိုး DV ၁၀၀% ကျော်) ၊ Niacin (DV ၆၃%) ၊ ဗိုက်တာမင် B6 (DV ၅၆%) ၊ Riboflavin (DV ၃၈%) ၊ Pantothenic Acid (DV ၃၈%) ၊ Thiamin (DV ၂၃%) ၊ Folic Acid (DV ၇%) စီ ပါဝင်တယ်လို့ ဆိုပါတယ်။ ဒီဗိုက်တာမင်တွေက ခန္ဓာကိုယ်ရဲ့ အရေးကြီးတဲ့ လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်ပေးနေတဲ့ ဗိုက်တာမင်တွေ ဖြစ်ပါတယ်။
အထူးသဖြင့် ခန္ဓာကိုယ်က စားသမျှ အစားအသောက်တွေကို စွမ်းအင်အဖြစ် ပြောင်းပေးတာ ၊ DNA ဖန်တီးတာ ၊ ပြန်ပြင်တာ ၊ နာတာရှည်ရောင်ရမ်းမှု လျှော့ချတာမျိုးတွေကို လုပ်ပေးနိုင်စွမ်း ရှိပါတယ်။ လေ့လာမှုတွေအရဆို ဗိုက်တာမင် ဘီ အားလုံးဟာ ဦးနှောက်နဲ့ အာရုံကြောစနစ် ဖွံ့ဖြိုးရေးမှာပါ အကောင်းဆုံး လုပ်ဆောင်နိုင်အောင် ထိန်းညှိပေးနိုင်စွမ်း ရှိတယ်လို့ ဆိုပါတယ်။
(၄) နှလုံးရောဂါ ဖြစ်မှု လျှော့ချနိုင်တယ်
Photo : Unsplash
နှလုံးကျန်းမာရေးအတွက် ကြိုတင်ကာကွယ်ချင်ရင် နေ့စဉ် ဆယ်လ်မွန်ငါး စားပေးဖို့ အကြံပေးချင်ပါတယ်။ ဆယ်လ်မွန်ငါးက သွေးထဲက Omega – 3 Fatty Acids Levels ကို မြှင့်တင်နိုင်စွမ်း ရှိပါတယ်။ ဆယ်လ်မွန်ငါးစားပေးတာက Triglycerides Level လျှော့ချနိုင်ပြီး နှလုံးရောဂါဖြစ်နိုင်ခြေတွေပါ လျော့ပါးစေနိုင်ပါတယ်။
(၅) ကိုယ်အလေးချိန် ထိန်းညှိနိုင်တယ်
Photo : Unsplash
ဆယ်လ်မွန်ငါး မကြာမကြာ စားပေးခြင်းဟာ သင့်ရဲ့ ကိုယ့်အလေးချိန် လျှော့ချရေးမှာလည်း ထိရောက်မှု ရှိနိုင်ပါတယ်။ ပရိုတိန်း မြင့်တဲ့ အစားအသောက်တွေအတိုင်းပါပဲ။ ဆယ်လ်မွန်ငါးတွေက အစာစားချင်စိတ်ကို ထိန်းချုပ်တဲ့ ဟော်မုန်းတွေ ထိန်းညှိပေးပြီး ဗိုက်ပြည့်တယ်လို့ ခံစားမှု ဖြစ်စေနိုင်ပါတယ်။ နောက်တစ်ချက်ကလည်း ဆယ်လ်မွန်လို ပရိုတိန်း မြင့်တဲ့ ငါးတွေ စားပေးခြင်းက ဇီဝကမ္မဖြစ်စဉ်နှုန်းလည်း ပိုတိုး စေနိုင်ပါတယ်။
လေ့လာမှုတွေအရ ဆယ်လ်မွန် နဲ့ တခြား အဆီများတဲ့ ငါးမှာ ပါတဲ့ Omega – 3 Fatty Acid တွေက ဗိုက်ခေါက် အဆီကို လျှော့ချပေးနိုင်ပြီး ဝိတ်ချရေးမှာ ထိရောက်အောင် ကူညီပေးနိုင်တယ်လို့ ဆိုပါတယ်။
Featured Photo : Unsplash