လီဗာပူးလ် ကွင်းလယ် တိုက်စစ်ကစားသမား မီနာမီနိုဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကာရာဘောင်ဖလား ဖိုင်နယ်အောင်ပွဲခံရာမှာ အသင်းဖော် ဆာဒီယိုမာနေးက ရှန်ပိန်နဲ့ မပက်ဖို့ တောင်းဆိုခဲ့မှုအပေါ် လေးစားသမှုနဲ့ ပြန်လည်တုန့်ပြန်ခဲ့တယ်လို့ သိရပါတယ်။
Photo : Daily Mail
နည်းပြ ဂျာဂင်ကလော့ပ် ရဲ့ လီဗာပူးလ်အသင်းဟာ ပင်နယ်တီအဆုံးအဖြတ်မှာ ချဲလ်ဆီးကို ၁၁-၁၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ချဲလ်ဆီးဂိုးသမား ကီပါရဲ့ တစ်လုံးတည်းသော ပင်နယ်တီလွဲချော်မှုကြောင့် လီဗာပူးလ်အသင်း ဗိုလ်စွဲခဲ့တာ ဖြစ်ပါတယ်။
ပွဲပြိုင်အပြီးမှာ ဟန်ဒါဆန်က လီဗာပူးလ် အသင်းခေါင်းဆောင်အဖြစ် ပဉ္စမမြောက် ဆုဖလားကို ကိုင်မြှောက်ပြီး အသင်းဖော်တွေနဲ့အတူ အောင်ပွဲခံခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းသားတွေ အားလုံးလည်း သီချင်းတွေဆို ပျော်ရွှင်ခုန်ပေါက်ပြီး ရှန်ပိန်ပုလင်းတွေ ဖောက်ကာအောင်ပွဲခံခဲ့ကြတာ ဖြစ်ပါတယ်။
ဂျပန်လက်ရွေးစင် မီနာမီနိုဟာ အသင်းဖော်တွေကို ရှန်ပိန်နဲ့ ဖြန်းပြီး အောင်ပွဲခံဖို့အတွက် ရှန်ပိန်ပုလင်းတစ်လုံး ကောက်ယူခဲ့ပေမယ့် မာနေးက သူ့ကို ရှန်ပိန်နဲ့ မပက်ဖို့ လေးစားစွာနဲ့ တောင်းဆိုခဲ့တာကြောင့် မီနာမီနိုကလည်း လေးစားသမှုနဲ့ ပုလင်းကို အောက်မှာ ပြန်ချထားခဲ့တာ ဖြစ်ပါတယ်။
အစ္စလာမ်ဘာသာဝင် တစ်ဦးဖြစ်တဲ့ မာနေးဟာ ဘာသာရေး အယူအဆအရ အယ်ကိုဟော ပါတဲ့ ရှန်ပိန်နဲ့ မထိမိအောင်ရှောင်နေခဲ့တာ ဖြစ်ပါတယ်။ ဒီလို ကစားဖော်ရဲ့ ဘာသာရေး ယုံကြည်ချက်အပေါ် လေးစားသမှုနဲ့ တုန့်ပြန်ခဲ့တဲ့ မီနာမီနိုရဲ့ လုပ်ရပ်ကို ပရိသတ်တွေ ချီးကျူးနေကြပါတယ်။
Photo : Daily Mail
မာနေးဟာ အသင်းနဲ့ တရားဝင်ဓာတ်ပုံရိုက်ဖို့အတွက် အတူရှိပေးခဲ့ပေမယ့် အသင်းဖော်တွေ ရှန်ပိန်ပုလင်းဖောက်ပြီး အောင်ပွဲခံချိန်မှာတော့ အဝေးကို ထွက်သွားပေးခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၉ နှစ်အရွယ် နီဂေါလက်ရွေးစင်ဟာ ဘာသာရေး အလွန်ကိုင်းရှိုင်းသူ တစ်ယောက်ဖြစ်ပြီး တစ်နေ့ကို ၅ ကြိမ် ဝတ်ပြုတယ်လို့ သိရပါတယ်။ မိုဟာမက် ဆာလာနဲ့ နာဘီကီတာတို့ကလည်း အစ္စလာမ်ဘာသာဝင်တွေဖြစ်တာကြောင့် အရက်ကို ရှောင်ကြဉ်ကြသူတွေ ဖြစ်ကြပါတယ်။
နည်းပြ ဂျာဂင်ကလော့ပ်ကတော့ အသင်းသားတွေ ရှန်ပိန်ပုလင်းဖောက်ပြီး အောင်ပွဲခံနေချိန် အဝေးကို ထွက်သွားခဲ့တဲ့ မာနေးဆီသွားပြီး အောင်ပွဲခံမှုမှာ မပါဝင်ရတဲ့အတွက် အားပေးခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။
Featured Photo : SPORTbible