လီဗာပူး ကြယ်ပွင့် မိုဟာမက် ဆာလာ က ပြီးခဲ့တဲ့ ၂၀၂၁ ဘလွန်းဒီအော ဆုပေးပွဲမှာ အဆင့် ၇ သာ ချိတ်ခဲ့တာကြောင့် အံ့အား သင့်ခဲ့ ရတယ်လို့ ဝန်ခံ ဖွင့်ဟ လာပါတယ်။ France Football အနေနဲ့ ကိုရိုနာဗိုင်းရပ်ကူးစက်မှုကြောင့် ၂၀၂၀ အတွက် ဘလွန်းဒီအော ဆု မချီးမြှင့် နိုင်ခဲ့ပဲ ပြီးခဲ့တဲ့ နိုဝင်ဘာလကမှ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ပြန်လည်ကျင်းပခဲ့တာ ဖြစ်ပါတယ်။

Photo : The Sun

အဆိုပါ ဆုပေးပွဲမှာ ပီအက်စ်ဂျီ စူပါစတား လီယွန်နယ်မက်ဆီက ကစားသမားဘဝရဲ့ ၇ ကြိမ်မြောက် စံချိန်တင် ဘလွန်းဒီအော ဆုကို ရရှိခဲ့ပြီး ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး ရောဘတ်လီဝန်ဒေါစကီးက ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

ဂျော်ဂျင်ဟို ၊ ဘန်ဇီမား နဲ့ ကန်တေတို့က တတိယ၊ စတုတ္ထနဲ့ ပဉ္စမ အဆင့်တွေမှာ အသီးသီး ရပ်တည်ခဲ့ကြပြီး ဘလွန်းဒီအော ၅ ဆုရှင် ခရစ္စတီယာနို ရော်နယ်ဒိုကတော့ အဆင့် ၆ နေရာမှာ ရပ်တည်ခဲ့တာ ဖြစ်ပါတယ်။

ဆာလာ ဟာ ပြီးခဲ့တဲ့ရာသီက လီဗာပူးအသင်းအတွက် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် မဲအရေအတွက် ၁၂၁ မှတ်သာရရှိခဲ့ပြီး ၂၀၂၁ ဘလွန်းဒီအောမှာ အဆင့် ၇ နေရာသာ ရရှိခဲ့တာ ဖြစ်ပါတယ်။

ဆာလာ က ” ဘလွန်းဒီအော ရလဒ်က ကျွန်တော်ကို တုန်လှုပ်သွားစေခဲ့တယ် ၊ ဒီအကြောင်းနဲ့ ပတ်သတ်ပြီး ကျွန်တော့်မှာ ပြောစရာ အများကြီးမရှိပါဘူး ၊ ကျွန်တော် အဆင့် ၇ နေရာသာ ရလိမ့်မယ်လို့လည်း ဘယ်သူမှ ထင်မှာ မဟုတ်ဘူး ၊ ဒါပေမယ့် တကယ် ဖြစ်သွားခဲ့တာပါ ”

” ဒါက ပူးပေါင်းကြံစည်မှု တစ်ခုခုလို့တော့ ကျွန်တော် မထင်ပါဘူး ၊ ဒါပေမယ့် မမှန်ကန်တဲ့ ရွေးချယ်မှုတွေ ရှိနိုင်သလို မဲပေးနည်းကို မသိတဲ့ နိုင်ငံတွေလည်း ရှိနေပါတယ် ၊ အမှားအယွင်း တစ်စုံတစ်ရာရှိတယ်ဆိုတာနဲ့ ပတ်သတ်ပြီးတော့ ကျွန်တော်မှာ သက်သေပြစရာ မရှိပါဘူး ၊ ကျွန်တော်တကယ် မသိပေမယ့် ရလဒ်အတွက်တော့ အံ့အားသင့်ခဲ့ ရတယ်” လို့ အီဂျစ်သတင်းဌာနတစ်ခုကို ပြောခဲ့ပါတယ်။

Photo : BBC

ဖီဖာရဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမား ၁၁ ဦးစာရင်းမှာလည်း ဟာလန်း၊ မက်ဆီ၊ ဒေါစကီးနဲ့ ခရစ္စတီယာနို ရော်နယ်ဒိုတို့ ရွေးချယ်ခံခဲ့ရပေမယ့် ဆာလာ ကတော့ ချန်လှပ်ထားခြင်း ခံခဲ့ရပါတယ်။

” ကျွန်တော့်ကို ကမ္ဘာ့အကောင်းဆုံး ကစားသမား ၁၁ ဦးစာရင်းမှာ ချန်လှပ်ခြင်းခံရတဲ့အတွက် ကျွန်တော် မပျော်ဘူး ၊ ဒါပေမယ့် ကျွန်တော် တက်နိုင်တာ ဘာမှမရှိပါဘူးလို့” ပြောခဲ့ပါတယ်။

” လူတိုင်း ကျွန်တော့် ခံစားချက်တွေကို မျှဝေခဲ့ကြတဲ့အတွက်တော့ ကျွန်တော်ကို ကျေနပ်စေခဲ့ပါတယ် ၊ ကျွန်တော်နဲ့ ပတ်သတ်တဲ့ ပုဂ္ဂိုလ်ရေးအရ တစ်စုံတစ်ရာ ရှိမယ်လို့ မထင်ပါဘူး၊ ဒါပေမယ့် ဒါက ကျွန်တော် ရင်ဆိုင်နေရတဲ့ အဖြစ်မှန်ပါပဲ” လို့ ဖြည့်စွက် ပြောကြားခဲ့ပါတယ်။

Featured Photo : SPORTbible