တစ်ရက် တစ်ရက်ကို ရင်ဆိုင်ကျော်ဖြတ်ရတဲ့အခါ ကြောက်ရွံ့မှုတွေ စိတ်အားငယ်မှုတွေ ကိုယ့်ကိုယ်ကိုယ် သံသယဝင်စိတ်တွေနဲ့ ဖြတ်သန်းနေရပါသလား။ ကွီး တို့အတွက် ကိုယ့်ရဲ့ အကြောက်တရား ကို ရင်ဆိုင်ကျော်လွှား ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်တိုးလာစေမယ့် နည်းလမ်းကောင်းလေးတွေရှိပါတယ်။
ဘယ်လိုအချက်တွေနဲ့ ကွီး တို့ ကြုံတွေ့နေရတဲ့ အကြောက်တရား တွေကို ရင်ဆိုင်ကျော်လွှား နိုင်မလဲဆိုတာ အတူတူဆက်လေ့လာကြည့်လိုက်ရအောင်။
ကိုယ့်ရဲ့ အကြောက်တရားက ဘာလဲဆိုတာ သေချာသိအောင် ပြုလုပ်ပါ
ကိုယ့်ရဲ့ ရည်မှန်းချက်တွေ မဖြစ်မြောက်လာမှာကို ကြောက်ရွံ့တာလား။ ဒါမှမဟုတ် ကိုယ့်ရဲ့အချိန်ဆွဲတတ်တဲ့ အကျင့်ကြောင့် ကိုယ့်ကိုယ်ကိုယ် အပြစ်မကင်းသလို ခံစားရလာပြီး ထိုအကျင့်ဆိုးကို ထပ်ခါတလဲလဲ ပြုလုပ်နေမိလို့ ကြောက်ရွံ့နေပါသလား။ ဘယ်လိုအကြောက်တရားလဲဆိုတာ ကိုယ့်ဘက်က ရှင်းရှင်းလင်းလင်း သိရှိမှသာလျှင် ကွီး တို့သည် ထို အကြောက်တရားကို ဘယ်လို ရင်ဆိုင်ကျော်လွှား ရမလဲဆိုတာ သိရှိနားလည်မှာဖြစ်ပါတယ်။
ကိုယ့်ရဲ့ပတ်ဝန်းကျင်ကို အောင်မြင်မှုများနဲ့သာ လွှမ်းခြုံထားပါ
ကိုယ် ပေါင်းသင်းတဲ့ အပေါင်းအသင်းတွေကို ကြည့်ခြင်းအားဖြင့် သင်သည် ဘယ်လိုလူစားမျိုးလဲဆိုတာကို သိနိုင်ပါတယ်။ သင်သည် ရည်ရွယ်ချက်ကြီးမားသူတစ်ယောက်ဖြစ်ပြီး အောင်မြင်မှုပန်းတိုင်ကို အရောက်လှမ်းချင်တယ်ဆိုရင် သင့်လိုပဲ အောင်မြင်ချင်တဲ့ သူတွေနဲ့ အပေါင်းအသင်းပြုလုပ်ရပါမယ်။ အတွေ့အကြုံများတဲ့သူတွေထံကနေလည်း ဆည်းပူးလေ့လာဖို့လိုအပ်ပါတယ်။ သူတို့ထံကနေ အကြောက်တရားကို ဘယ်လိုရင်ဆိုင်ကျော်လွှားရမလဲဆိုတာ လေ့လာသင်ယူလိုက်ပါ။
ဆင်ခြေမျိုးစုံ ပေးခြင်းမှ ရှောင်ကြဉ်ပါ
အကြောက်တရားနှင့် အချိန်ဆွဲတတ်ခြင်းအကျင့်သည် တစ်ခုနဲ့ တစ်ခုဆက်စပ်နေတာပါ။ ကိုယ့်ရဲ့အကြောက်တရားကြောင့် ကိုယ်လုပ်ရမယ့်အလုပ်ကို ချက်ချင်းမလုပ်ဖြစ်တော့ဘဲ “ငါ အရမ်း ပင်ပန်းနေပြီ” ငါ့မှာ တခြားလုပ်စရာအလုပ်တွေ ရှိသေးတယ်။ အားမှပဲ လုပ်တော့မယ် အစရှိတဲ့ ဆင်ခြေမျိုးစုံကို မပေးမိဖို့ ကြိုးစားရပါမယ်။ ထိုဆင်ခြေတွေကို ကောင်းကောင်းတိုက်ဖျက်နိုင်ရင်တော့ အကြောက်တရားတွေကို တစ်ဝက်လောက် ရင်ဆိုင်ပြီးသားဖြစ်သွားပါလိမ့်မယ်။
အာရုံလွှဲခြင်း
Photo: Wellmune
ကိုယ့်ရဲ့အတွင်းစိတ်ထဲမှာ စိုးထိတ်ကြောက်ရွံ့မှုတစ်ခု ကိန်းအောင်းနေတယ်ဆိုရင် ထိုအရာကို မတွေးမိအောင် အာရုံလွှဲလိုက်ပါ။ တစ်စုံတစ်ရာကြောင့် ကြောက်ရွံ့တုန်လှုပ်နေချိန်မှာ ပထမဦးဆုံးပြုလုပ်ရမယ့်အရာကတော့ ကိုယ့်စိတ်ကို ငြိမ်ငြိမ်ထားခြင်းပဲဖြစ်ပါတယ်။
၁၅ မိနစ်ခန့် လေကောင်းလေသန့် ထွက်ရှုလိုက်ပါ။ ဒါမှမဟုတ် ကော်ဖီထွက်သောက်လိုက်ပါ။ ဒါမှမဟုတ် ရေအေးအေးလေးနဲ့ ရေချိုးပေးခြင်းသည်လည်း ကိုယ့်ကိုစိတ်ငြိမ်အောင် ကူညီပေးပါတယ်။
အကြောက်တရားနဲ့ ထိပ်တိုက်ရင်ဆိုင်ပါ
Photo: Freepik
ကိုယ် ကြောက်ရွံ့နေတဲ့အရာကနေ ထွက်ပြေးတိမ်းရှောင်ခြင်းသည် ထိုအရာကို ပိုကြောက်စေတာပဲ အဖတ်တင်ပါလိမ့်မယ်။ တကယ်လို့ ထိပ်တိုက်ရင်ဆိုင်လိုက်မယ်ဆိုရင် ကိုယ့်ရဲ့ကြောက်ရွံ့မှုသည် တဖြည်းဖြည်း လျော့ကျသွားမှာဖြစ်ပြီး တစ်နေ့နေ့တစ်ချိန်ချိန်မှာ ထိုအကြောက်တရားသည် ကွယ်ပျောက်သွားမှာဖြစ်ပါတယ်။
အဆိုးဆုံးကို မျှော်လင့်ထားပါ
ကိုယ့်ဘက်က အကောင်းဆုံး ကြိုးစားထာသလိုမျိုးပဲ အဆိုးဆုံးအရာတွေကိုလည်း မျှော်လင့်ထားဖို့လိုအပ်ပါတယ်။ လူတိုင်းမှာ အကြောက်တရား ကိုယ်စီ ရှိကြပါတယ်။ တချို့ကလည်း အင်တာဗျူး ကျမှာ ကြောက်တယ်။ တချို့ကလည်း ကိုယ့်ရဲ့လုပ်ဆောင်ချက် တစ်ခုခုမှားယွင်းသွားမှာကြောက်တယ်။ ကိုယ် ချစ်တဲ့သူတွေက ကိုယ့်ကို ထားခဲ့မှာကြောက်တယ်။ ထိုအကြောက်တရားများနဲ့ ရင်ဆိုင်ရတဲ့အခါ ဘယ်လိုဖြေရှင်းမလဲဆိုတာကိုလည်း တွေးထားဖို့လိုအပ်ပါတယ်။ ဒါမှသာ အဆိုးဆုံးအခြေအနေမျိုးနဲ့ ရင်ဆိုင်ကြုံတွေ့ရတဲ့အခါ အရမ်းကြီးမတုန်လှုပ်တော့မှာဖြစ်ပါတယ်။
သက်သေအကြောင်းအရာများကို ရှာဖွေပါ
Photo: Unsplash
ခိုင်လုံတဲ့သက်သေများကို ရှာဖွေခြင်းသည်လည်း ကိုယ့်ရဲ့အကြောက်တရားကို စိန်ခေါ်တဲ့နေရာမှာ အရေးပါပါတယ်။ ဥပမာ သင်သည် ဓာတ်လှေကားထဲမှာ ပိတ်မိနေမှာကို ကြောက်ရွံ့တယ်ဆိုရင် ဓာတ်လှေကားထဲမှာ ပိတ်မိနေတဲ့သူတွေ ကိုယ့်ပတ်ဝန်းကျင်မှာရှိသလား။ ရှိတယ်ဆိုရင် သူတို့သည် ထိုအခြေအနေကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်ခဲ့သလဲ စတဲ့ အတွေ့အကြုံမျိုးကို မေးမြန်းနိုင်ပါတယ်။ ဒါမှ ကိုယ်သည် အလားတူ အခြေအနေမျိုး ကြုံတွေ့ရပါက ဘယ်လိုဖြေရှင်းရမလဲဆိုတာ သိရှိမှာဖြစ်ပါတယ်။
ပြီးပြည့်စုံဖို့ မကြိုးစားပါနဲ့
ဘဝကြီးသည် စိတ်ဖိစီးစရာများနဲ့ ပြည့်နှက်နေပြီး လူတော်တော်များများသည်လည်း အရာရာမှာ ပြီးပြည့်စုံတာမျိုးကို လိုလားကြပါတယ်။ သို့သော် အရာရာမှာ ပြီးပြည့်စုံနိုင်ဖို့ိဆိုတာ မဖြစ်နိုင်ဘူးမဟုတ်လား။ ဒါ့ကြောင့် ကွီး တို့အနေနဲ့ အကြောက်တရား ကို ရင်ဆိုင်ကျော်လွှား တဲ့အခါ အကောင်းဆုံးကို ကြိုးစားနိုင်ပါတယ်။ သို့သော် ပြီးပြည့်စုံဖို့ကိုတော့ ဘယ်တော့မှ မမျှော်လင့်လိုက်ပါနဲ့။
ပျော်ရွှင်စရာကောင်းတဲ့အခြေအနေကို စိတ်ကူးယဉ်ပုံဖော်ကြည့်လိုက်ပါ
Photo: Crushpixel
ကြောက်ရွံ့တုန်လှုပ်လာတဲ့အခါ မျက်စိလေး မှိတ်ထားပြီး ပျော်ရွှင်စရာကောင်းတဲ့ အခိုက်အတန့်လေးကို ပုံဖော်ကြည့်လိုက်ပါ။ လှပတဲ့ ကမ်းခြေတစ်နေရာမှာ လမ်းလျှောက်နေတာမျိုး၊ ကြည်နူးစရာကောင်းတဲ့ တောတောင်ရေမြေရဲ့ သဘာဝအလှအပကို ခံစားနေတာမျိုး စတဲ့ ကြည်နူးစရာကောင်းတဲ့အရာမျိုးကို ပုံဖော်ကြည့်လိုက်ပါ။ စိတ်ခံစားချက်ကောင်းတွေ ခံစားရမှာဖြစ်ပြီး ကြောက်ရွံ့တုန်လှုပ်ခြင်းတွေ တဖြည်းဖြည်းနဲ့ လျော့ပါးသက်သာသွားပါလိမ့်မယ်။
မကောင်းတဲ့အတွေးများ ခံစားချက်များကို မတွေးမိအောင် ကြိုးစားပါ
မကောင်းတဲ့အတွေးများသည် သင့်ကို ပိုမိုကြောက်ရွံ့လာစေပါတယ်။ ဒါ့ကြောင့် ထိုခံစားချက်များ ကိုယ့်စိတ်ထဲ ဝင်ရောက်မလာအောင် ကြိုးစားသင့်ပါတယ်။ တကယ်လို့ မကောင်းတဲ့အတွေးတစ်စုံတစ်ရာ ခံစားမိပါက စာရွက်အလွတ် တစ်ရွက်ပေါ်မှာ ချရေးလိုက်ပါ။ ထို့နောက် ထိုစာရွက်ကို လုံးချေပစ်ကာ မကောင်းတဲ့အတွေးများကို အမှိုက်ပုံးထဲသို့ လွှင့်ပစ်လိုက်ပါ။
ဒီနည်းလမ်းလေးကတော့ လက်တွေ့ကျတဲ့ နည်းလမ်းတစ်ခုဖြစ်ပြီး လူတော်တော်များများ ကျင့်သုံးြက်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ စာဖတ်သူတို့အနေနဲ့ မကောင်းတဲ့ အတွေးများကြောင့် စိတ်ညစ်နေရတယ်ဆိုရင် ဒီနည်းလမ်းလေးကို အသုံးပြုနိုင်ပါတယ်။
Source: Betterup.com
Featured Image: Unfinishedsuccess