လက်ပ်တော့ တစ်လုံးဟာ ဘယ်လောက်ပဲ ဈေးကြီးပေးဝယ်ထားပါစေ အသုံးပြုသူရဲ့ ပေါ့လျော့မှုလေးတွေရှိမယ်ဆိုရင် လက်ပ်တော့ ရဲ့ သက်တမ်း က ကြာရှည်မခံမှာ မဟုတ်ပါဘူး။ တစ်ခါတစ်လေမှာ ကျွန်တော်တို့ သတိမထားမိတဲ့ အသေးစား ပေါ့လျော့မှုလေးတွေကနေ ကိုယ့်ရဲ့ တန်ဖိုးကြီး လက်ပ်တော့ တစ်လုံးကို ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးသွားစေ နိုင်ပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ ကွီးတို့ရဲ့ လက်ပ်တော့ သက်တမ်း ကို ကြာရှည်ခံဖို့ ရှောင်ရမယ့် အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) အိမ်မွေးတိရစ္ဆာန်လေးတွေကို လက်ပ်တော့ ပေါ် မတက်ပါစေနဲ့

Photo : Unsplash

အိမ်မွေးတိရစ္ဆာန်တွေထဲမှာ အထူးသဖြင့် ကြောင်လေးတွေက ကွီးတို့ အလုပ်လုပ်နေတဲ့ လက်ပ်တော့ ပေါ်တက်ပြီး လာအိပ်တဲ့ အပြုအမူလေးတွေ လုပ်တက်ကြပါတယ်။ ဒါက ကြောင်လေးတွေရဲ့ ချစ်စရာကောင်းတဲ့ အမူအရာတစ်ခုဆိုပေမယ့် တစ်ဖက်မှာတော့ လက်ပ်တော့ ကို ထိခိုက်ပျက်စီး စေနိုင်တယ်ဆိုတာကိုလည်း သတိပြုမိဖို့ လိုပါတယ်။ ကြောင်လေးတွေက အမွှေးကျွတ်လွယ်တဲ့ တိရစ္ဆာန်လေးတွေဖြစ်တာကြောင့် သူတို့ရဲ့ အမွှေးတွေက စက်ထဲကို ဝင်နိုင်ခြေ များပါတယ်။ ကြောင်မွှေးတွေက စက်ရဲ့ အတွင်းပိုင်း Fan ပန်ကာ System ကို အနှောက်ယှက်ပေးနိုင်တာကြောင့် စက်ကို အပူလွန်ကဲလာစေပြီး ပျက်စီးတာမျိုးတွေ ဖြစ်တက်ပါတယ်။

(၂) အားသွင်းကြိုး တောက်လျောက် ထိုးထားခြင်းကို ရှောင်ကြဉ်ပါ

Photo : Unsplash

ဒီအချက်က လက်ပ်တော့ အသုံးပြုသူအများစု လုပ်မိတက်တဲ့ အမှားတစ်ခုပါ။ လက်ပ်တော့ အားရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အသုံးပြုနေတဲ့ တစ်လျောက်လုံး အားသွင်းကြိုး ထိုးထားတာက လက်ပ်တော့ရဲ့ ဘက်ထရီ သက်တမ်း ကို တိုစေပါတယ်။ အခုနောက်ပိုင်း နည်းပညာမြင့် မော်ဒယ်အများစုမှာ လီသီယမ် – အိုင်းယွန်း ဘက်ထရီတွေကို အသုံးပြုထားတာကြောင့် လိုတာထက်ပိုပြီး အားသွင်းလို့ မရပါဘူး။ အားသွင်းကြိုး တောက်လျောက် ထိုးထားမယ်ဆိုရင် ဘက်ထရီရဲ့ Microcontroller ကို ပျက်စီးနိုင်စေပြီး ဘက်ထရီကို အပူလွန်ကဲပျက်စီးသွားစေနိုင်ပါတယ်။

(၃) လက်ပ်တော့ရဲ့ လေဝင်လေထွက် ပေါက်တွေကို မပိတ်မိအောင် ဂရုစိုက်ပါ


Photo : Unsplash

လက်ပ်တော့တွေက အဓိက ရွေ့လျားအသုံးပြုလို့ ရအောင် ထုတ်ထားတာဆိုပေမယ့် ပေါင်ပေါ်တင် သုံးတာ ၊ အိပ်ရာပေါ်တင် သုံးတာမျိုးတွေကိုတော့ အထူးရှောင်ကြဉ်ဖို့ လိုပါတယ်။ ဘာလို့ဆို လက်ပ်တော့ရဲ့ အောက်ခြေမှာ လေဝင်လေထွက် အပေါက်တွေ ရှိနေလို့ပါပဲ။ လက်ပ်တော့ရဲ့ လေဝင်လေထွက် အပေါက်တွေကို ပိတ်ထားမိမယ်ဆိုရင် လက်ပ်တော့ရဲ့ အပူရှိန်ကို မြင့်တက်လာစေပြီး အပူလွန်ကဲတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဖြစ်နိုင်ရင် လက်ပ်တော့ရဲ့ အတွင်းပိုင်း Processor တွေရဲ့ Heat ကိုလျော့ချပေးနိုင်မယ့် Cooling Pad တွေနဲ့တွဲပြီး အသုံးပြုတာ ပိုကောင်းပါတယ်။

(၄) လက်ပ်တော့ကို အသုံးမပြုရင် ပိတ်ထားပါ

Photo : Unsplash

လက်ပ်တော့ ကို တစ်ချိန်လုံး စက်ဖွင့်ထားတာမျိုး မလုပ်သင့်ပါဘူး။ လက်ပ်တော့ကို မသုံးပဲ တောက်လျောက်ကြီး စက်ဖွင့်ထားမယ်ဆိုရင် Hard Drive နဲ့ လက်ပ်တော့ကို အပူမလွန်ကဲအောင် ထိန်းညှိပေးတဲ့ Cooling System တွေကို ပျက်စီးစေနိုင်ပါတယ်။ တကယ်လို့ ကွီးတို့ အနေနဲ့ အလုပ်ပြီးလို့ လက်ပ်တော့ မသုံးတော့ဘူးဆိုရင် စက်ကို တောက်လျောက်ကြီး ဆက်ဖွင့်မထားပဲ Power ပိတ်ထားဖို့ အကြံပြုချင်ပါတယ်။

(၅) လက်ပ်တော့ အနီးနားမှာ ရေနဲ့ ကော်ဖီခွက်တွေ မထားပါနဲ့

Photo : Unsplash

လက်ပ်တော့ အနီးအနားမှာ ရေနဲ့ ကော်ဖီခွက်တွေထားတာဟာ သိပ်ကိုအန္တရာယ် များပါတယ်။ ရေနဲ့ ကော်ဖီပူပူတွေဟာ မတော်တဆ တိုက်မိတာဖြစ်စေ ၊ လက်ပ်တော့ပေါ်  ဖိတ်ကျမိတာဖြစ်စေ ကွီးတို့ရဲ့ လက်ပ်တော့ကို ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် လက်ပ်တော့ အနီးနားမှာ မှောက်နိုင် ဖိတ်နိုင်တဲ့ ရေနဲ့ ကော်ဖီခွက်တွေ လုံးဝ မထားသင့်ပါဘူး။

Featured Photo : Unsplash