ကျွန်တော်တို့ ကြားဖူးနေကြ စကားလေးတစ်ခု ရှိပါတယ်။ ဘာလဲဆိုတော့ လူတစ်ယောက်က အသက် ၄၀ ကျော်မှ ဘဝစတယ် ဆိုတာပါပဲ။ အသက် ၄ဝ ကို ကျော်အရွယ်ဆိုတာ အသက်အရွယ် အပိုင်းအခြားအားဖြင့် လူကြီးပိုင်းကို စတင်တဲ့အချိန်လို့ ပြောလို့ရပေမယ့် အသက် ၄၀ ကျော်သည်အထိ လူငယ်လေးတစ်ယောက် လှုပ်ရှားသွားလာနေကြသူတွေ အများကြီး ရှိပါတယ်။ လူ့ခန္ဓာကိုယ်ဟာ အသက်အရွယ် ကြီးရင့်လာတာနဲ့ အမျှ တဖြည်းဖြည်း ယိုယွင်းပျက်စီးလာတက်တာ သဘာဝဆိုပေမယ့် ကိုယ့်ကိုယ်ကို အကောင်းဆုံး ဂရုတစိုက် နေထိုင်သွားမယ်ဆိုရင်တော့ အသက်ကြီးတဲ့အထိ နာမကျန်းခြင်းတွေမှ ကင်းဝေးပြီး ကျန်းမာသွက်လက်နေမှာ ဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသားတွေအနေနဲ့ အသက် ၄၀ ကျော်လွန်လာချိန်မှာ စိတ်ရောကိုယ်ပါ ကျန်းမာကြံ့ခိုင် စေဖို့ လိုက်နာရမယ့် အချက်တချို့ကို မျှဝေပေးချင်ပါတယ်။

(၁) ကျန်းမာရေး ပုံမှန်စစ်ဆေးပါ

Photo : Unsplash

ကြိုတင်ကာကွယ်ခြင်းဟာ ကုသခြင်းထက် အမြဲတမ်း ပိုကောင်းပါတယ်။ အမျိုးသားတွေအနေနဲ့ အသက် ၄၀ ကျော်လာချိန်မှာ ခန္ဓာကိုယ်ရဲ့ ယို့ယွင်းမှုတွေနဲ့ ပတ်သတ်ပြီး အမြဲစောင့်ကြည့် စစ်ဆေးနေရဖို့ လိုပါတယ်။ နှလုံး ၊ ဆီးချို လိုနာတာရှည်ရောဂါတွေ ၊ အရေပြားကင်ဆာ ၊ ဆီးကျိတ်ကင်ဆာ ၊ ကျောက်ကပ် ၊ အသည်း စသည်ဖြင့် ကိုယ့်ခန္ဓာကိုယ်ရဲ့ ဘယ်အပိုင်းတွေမှာ ချို့ယွင်းချက်တွေ ရှိနေလဲဆိုတာ သိရဖို့ ကျန်းမာ ရေး စစ်ဆေးမှုတွေ ပုံမှန်ခံယူပြီး ဆရာဝန်နဲ့ ဆွေးနွေးတိုင်မှုတွေ လုပ်ဆောင်သင့်ပါတယ်။

(၂) ကျန်းမာတဲ့ စားသောက်မှုအလေ့အထတစ်ခု ဖန်တီးပါ

Photo : Unsplash

အစားအသောက်ဟာ ခန္ဓာကိုယ် ကိုယ်ရောစိတ်ပါ ကျန်းမာရေးအတွက် အရေးကြီးပါတယ်။ အာဟာရပြည့်ဝပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှုအလေ့အထ တစ်ခုစတင်ဖို့ နောက်ကျတယ်ဆိုတာ မရှိပါဘူး။ ဖြတ်သန်းခဲ့တဲ့ လူ့ဘဝသက်တမ်း တစ်လျောက်လုံးမှာ ကျန်းမာရေး စံနှုန်းနဲ့ မညီတဲ့ အစားအသောက်တွေကို စိတ်လွတ်လက်လွတ်စားခဲ့တယ်ဆိုရင် အခုချိန်ကစပြီး ခန္ဓာကိုယ်ကျန်းမာရေးအတွက် သင့်တင်မျှတတဲ့ အသီးအရွက် ၊ အသား ငါး ၊ အစေ့အဆန်တွေပါဝင်တဲ့ ကျန်းမာတဲ့ စားသောက်မှုပုံစံကို ပြင်ဆင်ဖို့ လိုပါတယ်။

(၃) စိတ်ဖိစီးမှုလျော့ချပါ


Photo : Unsplash

စိတ်ဖိစီးမှုဟာ ခန္ဓာကိုယ်ရဲ့ ကျန်းမာရေးပြဿနာ တော်တော်များများနဲ့ ဆက်စပ်မှုရှိပါတယ်။ အသက် ၄၀ ကျော် အမျိုးသားတွေမှာ စိတ်ဖိစီးမှုကြောင့် သွေးတိုး၊ နှလုံးနဲ့ နှလုံးသွေးကြောဆိုင်ရာ ပြဿနာတွေ ဖြစ်နိုင်ခြေ ပိုများပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုဟာ ဦးနှောက်နဲ့ ဟော်မုန်းစနစ်တွေရဲ့ အလုပ်လုပ်ပုံကိုလည်း ကမောက်ကမဖြစ်စေတာကြောင့် ရေရှည်မှာ ကျန်းမာရေးကို ဆိုးရွားစွာထိခိုက် လာစေနိုင်တယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။ ဒါကြောင့် အသက် ၄၀ ကျော်လာချိန်မှာ စိတ်ဖိစီးတွေကို တက်နိုင်သမျှ ထိန်းချုပ်လျော့ချဖို့လိုပြီး စိတ်ဖိစီးမှု ကင်းဝေးစေမယ့် တရားထိုင်ခြင်း ၊ ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်ခြင်း နည်းလမ်းတွေကို လုပ်ဆောင်သင့်ပါတယ်။

(၄) ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ အလေ့အကျင့်တွေကို ဖျောက်ဖျက်ပါ


Photo : Unsplash

ကျွန်တော်တို့ဘဝထဲမှာ ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ အလ့အကျင့်ဆိုးတွေ များစွာရှိနေပါတယ်။ အရက်အလွန်အကျွံ သောက်သုံးခြင်း ၊ ဆေးလိပ်သောက်ခြင်း ၊ အိပ်ချိန်မမှန်ခြင်း ၊ အစားအသောက် အချိန်မှန်မစားခြင်း စတဲ့ ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ အလေ့အကျင့်တွေကို မသိလို့ဖြစ်စေ ၊ သိသိရက်နဲ့ မရပ်တန့်နိုင်လို့ ဖြစ်စေ လုပ်မိတက်ကြပါတယ်။ နှစ်ကြာလာနဲ့အမျှ မကျန်းမာတဲ့ အလေ့အကျင့်တွေဟာ ရောဂါပြဿနာတွေ အဖြစ်ကို ပြောင်းလဲသွားစေတာကြောင့် မကျန်းမာတဲ့ အလေ့အကျင့်တွေကို ကိုယ့်ဘဝထဲက စောစောစီးစီး ဖျောက်ဖျက်လိုက်ဖို့ အကြံပြုချင်ပါတယ်။

(၅) လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ

Photo : Unsplash

ကျန်းမာကြံ့ခိုင်ခြင်းအတွက် လေ့ကျင့်ခန်းက မရှိမဖြစ်ပါပဲ။ အမျိုးသားတွေအနေနဲ့ အသက်ကြီးလာချိန်မှာ ကြွက်သားနဲ့ အရိုးအဆစ် သန်မာမှုတွေ လျော့ကျလာမယ် ၊ ခွန်အားနဲ့ ခံနိုင်ရည်စွမ်းအားတွေ လျော့နည်းလာမယ် ၊ အမောမခံနိုင်ပဲ ကြံ့ခိုင်သန်စွမ်းမှုတွေ အားလျော့လာတက်ပါတယ်။ ဒီလိုအခြေအနေတွေကို တွန်းလှန်ဖို့ အကောင်းဆုံးနည်းက လေ့ကျင့်ခန်းပါပဲ။ နေ့စဉ်လေ့ကျင့်ခန်း ပုံမှန်လုပ်မယ်ဆိုရင် အရိုးအဆစ်နဲ့ ကြွက်သားတွေကို ကြံ့ခိုင်သန်မာစေပြီး အသက်အရွယ်အရ ဖြစ်လေ့ဖြစ်ထရှိတဲ့ အဆစ်အမြစ် ရောင်ရမ်းနာကျင်ခြင်း ၊ ခါးနာခြင်း ၊ လှုပ်ရှားရခက်ခြင်းစတဲ့ ကျန်းမာရေး ပြဿနာတွေ ကင်းဝေစေပြီး ကျန်းမာသွတ်လက်နေစေမှာ ဖြစ်ပါတယ်။

Featured Photo : Unsplash