အနမ်းဆိုတာ ချစ်သူနှစ်ဦးကြားက ချစ်ခြင်းမေတ္တာ နဲ့ နွေးထွေးကြင်နာမှုကို ဖော်ပြတဲ့ အပြုအမူလေး တစ်ခုဖြစ်ပါတယ်။ ကိုယ်ချစ်ရတဲ့ သူကို အနမ်းလေးတစ်ပွင့် ခြွေလိုက်ချိန်မှာ ကြည်နူးခြင်း ၊ ပျော်ရွှင်ခြင်းတွေနဲ့အတူ ရင်ခုန်စရာကောင်းတဲ့ အခိုက်အတန့်ကို ခံစားရမှာ ဖြစ်ပါတယ်။ ဒါ့ထက်ပိုပြီး ချစ်ခြင်းရဲ့ အနမ်းတစ်ပွင့်ဟာ ကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေ များစွာကိုလည်း ခံစားရစေ နိုင်ပါသတဲ့။ ဘယ်လို အကျိုးကျေးဇူးတွေ ရစေမလဲဆိုတာ ကွီးတို့ လေ့လာကြည့်လိုက်ပါဦး။

(၁) အချစ်တွေ တိုးစေတယ်


Photo : Unsplash

အနမ်းက ချစ်ခြင်းမေတ္တာနဲ့ ပျော်ရွှင်မှု ဟော်မုန်းတွေ ထုတ်ပေးတာကြောင့် ချစ်သူနှစ်ဦးရဲ့ ဆက်ဆံရေးကို ပိုမိုခိုင်မြဲစေပြီး အချစ်တွေ တိုးစေတယ်လို့ သုတေသီတွေက ဆိုထားပါတယ်။

(၂) ကယ်လိုရီ လောင်ကျွမ်းစေတယ်

Photo : Unsplash

အံ့ဩစရာကောင်းလောက်အောင်ပဲ အနမ်းဟာ ခန္ဓာကိုယ်မှာရှိတဲ့ ကယ်လိုရီတွေကို လောင်ကျွမ်းစေပါသတဲ့။ လေ့လာမှုတွေအရတော့ ရင်ခုန်စွဲမက် အချစ်ဆိပ်တက်စေတဲ့ အနမ်းပြင်းပြင်းလေးတွေဟာ ကယ်လိုရီ ၈ – ၁၆ အထိ လောင်ကျွမ်းစေနိုင်ပါတယ်။

(၃) ကိုယ့်ကိုယ်ကို လေးစားမှု မြှင့်တင်ပေးတယ်

Photo : Unsplash

အိမ်ထောင်သည် အမျိုးသားတွေကို လေ့လာမှုတစ်ရပ် ပြုလုပ်ခဲ့ရာမှာ အလုပ်မသွားခင် ဇနီးသည်ရဲ့ ချစ်ခြင်း အနမ်းတစ်ပွင့် ခံယူတဲ့ အမျိုးသားတွေဟာ မိမိကိုယ်ကို လေးစားမှု မြင့်မားကြပြီး အလုပ်မှာ တစ်နေ့တာလုံး တက်ကြွပျော်ရွှင်မှုအပြည့်နဲ့ လုပ်ငန်းစွမ်းရည်ပိုမို တိုးတက်စေတယ်လို့ ဆိုထားပါတယ်။

(၄) စိတ်ဖိစီးမှု လျော့ကျစေတယ်

Photo : Unsplash

အနမ်းက သွေးပေါင်ချိန်ကို လျော့ကျစေပြီး စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပင်ခြင်းတွေကိုလည်း လျော့ကျ သက်သာစေနိုင် စွမ်းရှိပါတယ်။ စိတ်ဖိစီးမှုနဲ့ ဖိအားတွေ ကြုံတွေ့ရချိန်မှာ ချစ်ရသူရဲ့ အနမ်းလေးတစ်ပွင့်ကြောင့် ပင်ပန်းမှုအားလုံး ယူပစ်သလို ပျောက်သွားစေတယ်ဆိုတာ အနမ်းရဲ့ ထူးခြားမှု တစ်ခုပါပဲ။

(၅) ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးတယ်


Photo : Unsplash

၂၀၁၄ ခုနှစ်က လေ့လာမှုတစ်ခုအရ အနမ်းပေးခြင်းဟာ စွမ်းအင်ပြည့်ဝပြီး ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒါတင်မကသေးပါဘူး အနမ်းဟာ သွေးဖိအားကို မှန်ကန်စေတာကြောင့် နှလုံးသွေးကြောဆိုင်ရာကျန်းမာရေးကို တိုးတက်ကောင်းမွန်စေပါတယ်။

Featured Photo : Unsplash