ဓါတ်ပုံ ရိုက်တဲ့အခါ အမြဲတမ်းကြည့်ကောင်းနေတဲ့ အမျိုးသား တစ်ယောက် ဖြစ်ချင်တယ်ဆိုရင် Professional Model တွေလို ပိုစ့်ပေးတတ်မှ မဟုတ်ပါဘူးနော်။ လွတ်လွတ်လပ်လပ် ပေ့ါပေါ့ပါးပါး နဲ့ ကိုယ့်ပုံစံလေးအတိုင်း သဘာဝကျတဲ့ ပုံလေးတွေရဖို့ နည်းလမ်းကောင်းတွေရှိပါတယ်။ ဒီတစ်ခေါက်မှာတော့ ကွီးတို့ ဓါတ်ပုံ ရိုက်တဲ့အခါ ဖက်ရှင်ကျပြီး သဘာဝဆန်တဲ့ ပုံလေးတွေရရှိဖို့ ကိုယ်နေဟန်ထားလေးတွေကို ပြောပြပေးချင်ပါတယ်။
(၁) လက်ပိုက်ထားတဲ့ ကိုယ်တပိုင်းပုံ

Photo : Digital Photography School
ပထမဆုံး အရမ်းလွယ်ကူတဲ့ ပိုစ်လေးနဲ့ စလိုက်ရအောင်။ လက်နှစ်ဖက်ကိုပိုက်ကာ ခန္ဓာကိုယ်ကို ဘေးတစ်ဖက်ကို စောင်းထားပြီး မေးစေ့ကို ကင်မရာ တည့်တည့်မှာထားပြီး ပြုံးပါ။ ဒါဆိုရင်တော့ ပုံမှာ ပြထားတဲ့ အထဲကလို ပို့စ် ရရှိမှာပါ။ ဒီ ပို့စ် က များသောအားဖြင့် မိသားစုပုံ ၊ လုပ်ငန်းခွင် ၊ ဖက်ရှင်နဲ့ ပတ်သတ်ပြီး ရိုက်တဲ့ပုံတွေမှာ သုံးရပါတယ်။
(၂) လက်ပိုက်ထားတဲ့ တစ်ကိုယ်လုံးပုံ

Photo : Digital Photography School
နောက်တစ်ပုံကတော့ လက်ပိုက်ထားတာကိုပဲ တစ်ကိုယ်လုံးအပြည့် ရိုက်တာပါ။ အပေါ်က ကိုယ်တစ်ပိုင်းပုံလိုပဲ ကိုယ်နေဟန်ထားကအတူတူပဲဖြစ်ပြီးတော့ အောက်ပိုင်းအနေနဲ့တော့ ခြေထောက်၂ ဖက်ကို ယှက်ထားရမှာပါ။ ဒါပေမယ့် ခန္ဓာကိုယ်အလေးချိန်က ခြေထောက်နှစ်ဖက်စလုံးမှာ တူညီမနေဖိုတော့ လိုပါတယ်။ အဲ့လိုဆိုရင် ကြည့်ရအဆင်မပြေ ဖြစ်နိုင်ပါတယ်။ ဒီပုံကတော့ ပေါ့ပေါ့ပါးပါး သူငယ်ချင်းတွေနဲ့ ဖြစ်ဖြစ်၊ မိသားစုနဲ့ ဖြစ်ဖြစ် ရိုက်ရင်အဆင်ပြေတဲ့ ပို့စ် ပေးနည်းပါ။
(၃) တင်ပါးပေါ် လက်တစ်ဖက်တင်တဲ့ပုံ

Photo : Digital Photography School
အမျိုးသားတွေတော်တော်များများ ဓါတ်ပုံ ရိုက်တဲ့အခါ လက်ကိုဘယ်ထားရမှန်း မသိကြပါဘူး။ ဒါပေမယ့် လက်အနေအထားကပဲ ကိုယ့်ပုံစံက စိတ်ရှုပ်နေလား၊ မသက်မသာဖြစ်နေလား၊ ရှက်နေတာလားဆိုတာ သိသာစေတာပါ။ ဒါ့ကြောင့် လက်တစ်ဖက်ကို တင်ပါးအထက်နားမှာထားပြီး ခပ်ယိုင်ယိုင်ပုံစံရပ်နေတာက ကွီးတို့ကို လွတ်လပ်တဲ့ ပုံစံပေါက်စေပါတယ်။
(၄) လက်နှစ်ဖက်ကို အိတ်ကပ်ထဲထည့်ထားတဲ့ပုံ

Photo : Digital Photography School
ဒါကတော့ မတ်တတ်ရပ်နေတဲ့အခါ ရိုက်လို့ရမယ့် ပေါ့ပေါ့ပါးပါး ကိုယ်နေဟန်ပန်ပါပဲ။ ခန္ဓာကိုယ်အလေးချိန်ကို ခြေနှစ်ချောင်းစလုံးမှာ ညီအောင်ထားပြီး လက်တွေကို အိတ်ကပ်ထဲထည့်ထားဖို့ပါ။ ဒါပေမယ့် လက်တွေကို အိတ်ကပ်ထဲထည့်တဲ့အချိန်မှာ လက်မကိုအပြင်ထုတ်ထားဖို့ အကြံပြုချင်ပါတယ်။ ဒါက သဘာဝကျပြီး သက်တောင့်သက်သာရှိစေတဲ့ ကိုယ်ဟန်အနေအထားကို ရရှိမှာပါ။
(၅) ပခုံးပေါ် အင်္ကျီတင်ထားတဲ့ပုံ

Photo : Digital Photography School
ဒီပုံစံကတော့ နည်းနည်းခပ်မိုက်မိုက် ခပ်ဟော့ဟော့ ပုံစံပေါက်ပြီး စတိုင်ကျစေမှာ သေချာပါတယ်။ ဒီပို့စ်က အလုပ်အသင်းအဖွဲ့ နဲ့ဆိုင်တဲ့ Shooting တွေ ဒါမှမဟုတ် ဖက်ရှင်ရိုက်ချက်တွေအတွက် အဆင်ပြေပါတယ်။ ပို့စ် ပေးရမယ့်ပုံစံက ခြေထောက်တစ်ဖက်ကို နောက်တစ်ဖက်ရှေ့မှာထားပြီးတော့ ကင်မရာကို ကြည့်လိုက်ပါ။ လက်မတစ်ဖက်ကိုတော့ ဘောင်းဘီအိတ်ကပ်တစ်ဖက်မှာ ချိတ်လိုက်ပြီး ဂျက်ကတ်လို အပေါ်ထပ်ဝတ်ရတဲ့ အင်္ကျီတစ်ထည်ကို တစ်ဖက်ပခုံးပေါ် တင်လိုက်ပါ။ ကင်မရာကို ပေါ့ပေါ့ပါးပါးနဲ့ အေးအေးဆေးဆေး ကြည့်လေ ပိုကောင်းလေပါပဲ။
Featured Photo : Dreamstime
