ယနေ့လို အပြိုင်အဆိုင်များတဲ့ခေတ်ကြီးထဲမှာ တစ်ချက်လောက် လွတ်သွားတာနဲ့ လူအများကြားမှာ နောက်ကောက်ကျကျန်ခဲ့မှာ အမှန်ပါပဲ။ ကိုယ်က စိတ်ပါဝင်စားလို့ ပရော်ဖက်ရှင်နယ် လမ်းကြောင်းတစ်ခုရွေးချယ်ထားတဲ့အခါ ကိုယ့်ရဲ့ လုပ်ငန်းခွင် တိုးတက် ရာ တိုးတက်ကြောင်းအတွက် ကျွမ်းကျင်ပညာရှင်များရဲ့ နည်းလမ်း ကောင်းများကို အသုံးချသင့်ပါတယ်။
ကွီးတို့အနေနဲ့ ကိုယ့်ရဲ့ လုပ်ငန်းခွင် တိုးတက် ရေးအတွက်ရော ဘဝအောင်မြင်မှုအတွက်ပါ အခုဖော်ပြပေးမယ့် နည်းလမ်း ကောင်းများကို အသုံးချသင့်ပါတယ်။ ဒါမှသာလျှင် တိုးတက်ပြောင်းလဲနေတဲ့ ခေတ်ကြီးထဲမှာ အများနည်းတူရင်ဘောင်တန်းပြီး အလုပ်လုပ်နိုင်မှာဖြစ်ပါတယ်။ အများရှေ့မှာ နောက်ကောက်ကျ မကျန်ခဲ့ချင်ဘူးဆိုရင်တော့ ဒီဆောင်းပါးလေးကို အခုချက်ချင်းပဲ ဆက်ဖတ်လိုက်ရအောင်။
လက်ရှိနယ်ပယ်ထဲတွင် အပေါင်းအသင်းများအောင် ပြုလုပ်ပါ
ကိုယ့်ရဲ့ ရုံးထဲရှိ လုပ်ဖော်ကိုင်ဖက်များနှင့် ဆက်ဆံရေးကောင်းမွန်နေအောင် ကြိုးစားပါ။ ဒါ့အပြင် ကိုယ်နဲ့ လုပ်ငန်းတူသော အခြားရုံးရှိ လုပ်ဖော်ကိုင်ဖက်များနှင့်လည်း ဗဟုသုတများ အပြန်အလှန် ဖလှယ်ကာ ကိုယ့်ရဲ့ နယ်ပယ်ကို ပိုမိုကျယ်ပြန့်လာအောင် ကြိုးစားရပါမယ်။
ကိုယ့်ရဲ့ Networking ပိုင်းက ကျယ်ကျယ်ပြန့်ပြန့်ရှိမှသာလျှင် အခြားသူတွေရော ဘာလုပ်နေသလဲ။ ကိုယ်ကရော ဘယ်လိုအရည်အချင်းတွေ ထပ်ဖြည့်ဖို့လိုအပ်သလဲဆိုတာကို သိရှိနားလည်မှာဖြစ်ပါတယ်။ ဒီလိုပြောလို့ အခြားသူတွေနဲ့ လိုက်ယှဉ်ပြိုင်ခိုင်းတာ မဟုတ်ပါဘူး။ ခေတ်ရဲ့အပြောင်းအလဲကို နောက်ကောက်မကျအောင် တစိုက်မတ်မတ်အကဲခတ်ရမှာကို ဆိုလိုတာဖြစ်ပါတယ်။
ဆိုရှယ်မီဒီယာများကို စမတ်ကျကျအသုံးပြုပါ
ကွီးတို့အနေနဲ့ ဆိုရှယ်မီဒီယာများကို ဘယ်လိုရည်ရွယ်ချက်နဲ့ အသုံးချကြပါသလဲ။ အချို့ကလည်း စိတ်အပန်းဖြေဖို့သက်သက် အသုံးပြုကြပါတယ်။ အချို့ကလည်း သတင်းအချက်အလက်ရရှိဖို့ရန်အတွက်ရော စိတ်အပန်းဖြေဖို့အတွက်ပါ အသုံးချပါတယ်။
ကိုယ့် ဘဝနှင့် လုပ်ငန်းခွင် တိုးတက် ရေးအတွက် ဆိုရှယ်မီဒီယာကို စမတ်ကျကျ အသုံးချခြင်းသည် နည်းလမ်း ကောင်းတစ်ခုပဲဖြစ်ပါတယ်။
ဆိုရှယ်မီဒီယာကနေတဆင့် သတင်းအချက်အလက်များကို ရယူပါ။ ထို့နောက် ကိုယ့်အတွက် လိုအပ်မယ်ထင်တဲ့ အရည်အချင်းများ ဖြည့်တင်းပါ။ စိတ်အပန်းပြေဖိ့ုအတွက်လည်း ရံဖန်ရံခါအသုံးပြုနိုင်ပါတယ်။
ကိုယ့်အလုပ်အပေါ်မှာ စေတနာပါပါ ပြုလုပ်ပါ
ကိုယ့်အလုပ်အပေါ်မှာ စေတနာပါပါ အလုပ်လုပ်တဲ့အခါ ကိုယ့်ရဲ့အလုပ်ရှင်ကလည်း သဘောကျမှာဖြစ်ပါတယ်။ ဒီလိုမျိုး အလုပ်လုပ်တဲ့အခါ အကျိုးခံစားခွင့်၊ အောင်မြင်မှုအသီးအပွင့်တို့ကို သင်က အရင်ဦးဆုံး ခံစားရမှာဖြစ်ပါတယ်။ နောက်မှ သင့်ကုမ္ပဏီက ထိုအကျိုးဆက်ကို ဆက်လက်ခံစားရမှာဖြစ်ပါတယ်။ ဘယ်အလုပ်မဆို စေတနာပါပါနဲ့ သေသေချာချာ ပြုလုပ်တဲ့အခါ ကိုယ့်ရဲ့ တက်လမ်းအတွက် တစ်ချိန်ချိန်မှာ အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။
တစ်ချိန်ချိန်မှာ ကိုယ်က အလုပ်ပြောင်းခဲ့မယ်ဆိုရင်တော့ ကိုယ့်ရဲ့ဂုဏ်သတင်းမွှေးပျံ့ကျော်ဇော်ခြင်းကြောင့် အတားအဆီးတစ်စုံတစ်ရာမရှိဘဲ အလွယ်လေး ကိုယ်လိုချင်တာကို ရရှိမှာဖြစ်ပါတယ်။ ထိုကဲ့သို့မဟုတ်ဘဲ ကိုယ့်ရဲ့အလုပ်ကို ပြီးစလွယ်လုပ်တဲ့အခါ အထက်လူကြီးနှင့် ကိုယ့်အလုပ်ရှင်ကလည်း သဘောကျမှာမဟုတ်ပါဘူး။ ဒီလိုဆိုရင် ကိုယ့်ရဲ့အနာဂတ်အတွက်ပဲ ထိခိုက်မှာမဟုတ်လား။
တာဝန်ယူ တာဝန်ခံတတ်မှု အပြည့်ရှိပါ
တာဝန်ယူတတ်ခြင်း၊ တာဝန်ခံတတ်ခြင်းသည် ခေါင်းဆောင်ကောင်းတစ်ယောက်မှာ ရှိတတ်တဲ့အရည်အချင်းများထဲမှ တစ်ခုပဲဖြစ်ပါတယ်။ တကယ်လို့ သင့်မှာ ဒီအရည်အချင်းရှိတယ်ဆိုရင်တော့ သင်သည် ၂၅ ရာခိုင်နှုန်းခန့် ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်နိုင်ပါတယ်။ ရာနှုန်းပြည့် ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ချင်တယ်ဆိုရင် ကျန်တဲ့အရည်အချင်းများကိုတော့ ထပ်မံဖြည့်စွက်ဖို့လိုအပ်ပါလိမ့်မယ်။
အလုပ်တစ်ခု လုပ်ဆောင်တဲ့အခါ တာဝန်ယူမှု၊ တာဝန်ခံတတ်မှုသည် ကိုယ့်ရဲ့အလုပ်အပေါ် ဘယ်လောက်အထိ အားစိုက်ထုတ်ထားသလဲဆိုတာ ပေါ်လွင်နေမှာဖြစ်ပါတယ်။
မိမိရဲ့ Personal Development အတွက် Webinars များ တက်ပါ
ကိုယ့်ရဲ့တိုးတက်ရာ တိုးတက်ကြောင်းအတွက် အလုပ်နဲ့သက်ဆိုင်တဲ့ ဆွေးနွေးပွဲများ၊ Webinars များလည်း တက်ရောက်သင့်ပါတယ်။ ယနေ့ခေတ်မှာ အခမဲ့ဆွေးနွေးပွဲများသည်လည်း အများအပြားရှိတဲ့အတွက်ကြောင့် ကိုယ့်ရဲ့အချိန်နဲ့ လူအင်အား စိုက်ထုတ်ကာ သေသေချာချာလေ့လာမယ်ဆိုရင်တော့ ကိုယ့်ရဲ့အရည်အချင်းသည်လည်း တဖြည်းဖြည်းတိုးတက်လာမှာဖြစ်ပါတယ်။ ဒါဆိုရင်တော့ ကိုယ့်ရဲ့ လုပ်ငန်းခွင် တိုးတက် ရေးအတွက် တစ်ဖက်တစ်လှမ်းကနေ အထောက်အကူပြုပေးမှာဖြစ်တဲ့အတွက်ကြောင့် ဒီ နည်းလမ်း ကိုလည်း လိုက်နာကျင့်သုံးသင့်ပါတယ်။
နည်းပညာအသစ်များနဲ့လည်း ရင်းနှီးကျွမ်းဝင်အောင် ကြိုးစားပါ
တစ်လနဲ့တစ်လ၊ တစ်နှစ်နဲ့တစ်နှစ် နည်းပညာတွေသည် မတူတော့ပါဘူး။ တစ်စထက်တစ်စ တိုးတက်ပြောင်းလဲနေတာဖြစ်ပါတယ်။ ကိုယ်သည် ထိုတိုးတက်ပြောင်းလဲနေတဲ့အရာတွေနောက်ကို အမှီလိုက်နိုင်မှသာလျှင် ကိုယ့်ရဲ့လုပ်ငန်းခွင်အတွက် အထောက်အကူဖြစ်စေမှာပါ။ ကွန်ပျူတာကို အခြေခံအဆင့် ကျွမ်းကျင်ရုံနဲ့တင် မလုံလောက်ပါဘူး။ ထပ်မံဖြည့်တင်းထားသင့်တဲ့ အရည်အချင်းများကို အချိန်နဲ့ တပြေးညီ ဖြည့်စွက်ထားသင့်ပါတယ်။
ကိုယ့်ရဲ့အသိပညာ၊ အတတ်ပညာများကိုလည်း ပြန်လည်မျှဝေပါ
ကိုယ့်မှာရှိပြီးသား အတတ်ပညာ၊ ကိုယ် သိထားပြီးသား အသိပညာတစ်ခုကို ပြန်လည်ဝေမျှခြင်းသည် ကိုယ့်ရဲ့ ရေရှည်မှတ်ဉာဏ်ထဲမှာ ပိုမိုမှတ်မိနေစေပါတယ်။ ပင်လယ်ရေဆိုတာ သောက်သုံးလို့ မကုန်နိုင်ပါဘူး။ ကိုယ်က Sharing လုပ်ပေးတဲ့အခါ ကုသိုလ်လည်းရသလို ကိုယ့်ရဲ့နယ်ပယ်တစ်ခုကို လူအများပိုသိလာအောင် ချဲ့ထွင်ရာလည်းကျပါတယ်။
ကိုယ်ပိုင်ချန်နယ်တစ်ခု တည်ထောင်ပါ
Photo: T-online
ယနေ့ခေတ်မှာ ကိုယ် ဝါသနာပါရာအလိုက် ကိုယ်ပိုင်ချန်နယ်တစ်ခုစီ ထောင်နေကြတဲ့သူတွေ အများကြီးပါပဲ။ စာရေးရတာ ဝါသနာပါသူများကလည်း ချန်နယ်သပ်သပ်၊ ခရီးသွားရတာ ဝါသနာပါသူများကလည်း ချန်နယ်သပ်သပ်စီဖြင့် ထောင်ထားကြပါတယ်။ သင်သည်လည်း ကိုယ့်ကို လူအများက ဒီ့ထက်ပိုပြီး သိလာစေချင်တယ်။ ဒီ့ထက်ပိုပြီး နာမည်ကြီးကာ အောင်မြင်ချင်တယ်ဆိုရင်တော့ ကိုယ် ဝါသနာပါရာ ကျွမ်းကျင်ရာအလိုက် ချန်နယ်တစ်ခုထောင်ဖို့ အကြံပေးချင်ပါတယ်။
ဒီလိုမျိုး ချန်နယ်ထောင်ဖြစ်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် “ငါ ဒီ့ထက်ပိုပြီး လေ့လာရမယ်။ ဒီနေရာမှာပဲ ရပ်တန့်လို့မဖြစ်ဘူး” ဆိုတာကို တွန်းအားပေးရာလည်း ရောက်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် အလုပ်ပိုခိုင်းလေ ပိုအောင်မြင်လေပါပဲ။
Source: Redbookmag
Featured Image: Netluxury