ဘလွန်ဒေါ ၅ ဆုရှင် ခရစ္စတီယာနို ရော်နယ်လ်ဒို ကွင်းထဲမှာ ကစားတာကို မျက်မြင်ကိုယ်တွေ့ တွေ့ချင်တဲ့ သားဖြစ်သူအတွက် ပေါင် ၃၀၀၀ ကျော် အကုန်အကျခံခဲ့တဲ့ ဖခင်တစ်ဦးဟာ ဒီနေ့အချိန်အထိ ငွေကုန်လူပမ်းဖြစ်နေခဲ့ရတယ်လို့ သိရပါတယ်။

Cristiano Ronaldo with Juventus Shirt

Photo: Sports Illustrated

အသက် ၄၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ခရစ္စ ဘရွန်းမ်နဲ့ အသက် ၁၂ နှစ်အရွယ် သားဖြစ်တဲ့ ဇက်တို့ဟာ ပေါ်တူဂီကြယ်ပွင့်တိုက်စစ်မှူး ဂိုးသွင်းယူပြီး ၎င်းရဲ့ အောင်ပွဲခံဟန်ကို မြင်တွေ့ရဖို့ မျှော်လင့်ချက်နဲ့ မတူညီတဲ့ ပွဲစဉ် ၃ ပွဲကို တက်ရောက်ကြည့်ရှုခဲ့ပါတယ်။ အဲဒီလို တက်ရောက်ကြည့်ရှုခဲ့တာကြောင့် ဆမ်းမားဆက်ဒေသခံအမျိုးသားဟာ ပေါင် ၃၂၀၀ အထိ ကုန်ကျခဲ့ပြီး မိုင်ပေါင်း ၂ ထောင်ကျော်အထိလည်း သွားရောက်ကြည့်ရှုခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဲဒီသားအဖဟာ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသလိုပဲ ၂၀၂၀ ခုနှစ်အတွင်း ဂျူဗင်တပ်အတွက် ရော်နယ်လ်ဒို ကစားပေးမယ့်ပွဲကို ကြည့်ရှုဖို့ ခရီးထွက်ခဲ့ပေမယ့်လည်း ပေါ်တူဂီကြယ်ပွင့်က ပါဝင်ကစားပေးခဲ့ခြင်းမရှိတာ ဖြစ်ပါတယ်။ အဲဒီပွဲစဉ်ကို သွားရောက်ကြည့်ရှုခဲ့တဲ့အတွက် ခရစ္စဟာ ပေါင် ၁၅၅၀ အထိ ကုန်ကျခဲ့ပြီး ပေါ်တူဂီဂန္တဝင်ကစားသမားကို ကွင်းထဲမှာတောင် မမြင်ခဲ့ရတဲ့အတွက် ဘယ်လောက်တောင် စိတ်ပျက်စရာကောင်းခဲ့မလဲဆိုတာကို စဉ်းစားကြည့်လို့ရနိုင်ပါတယ်။

ဒါပေမယ့်လည်း ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့နွေရာသီမှာ မန်ချက်စတာယူနိုက်တက်ကို ပြန်လည်ပြောင်းရွှေ့ခဲ့တာကြောင့် ခရစ္စနဲ့ ဇက်အတွက် အသက် ၃၇ နှစ်အရွယ်တိုက်စစ်မှူး ကစားတာကို တိုက်ရိုက်ကြည့်ရှုနိုင်ဖို့ အနည်းငယ် ပိုမိုလွယ်ကူလာခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ခရစ္စနဲ့ ဇက်တို့ဟာ ပြီးခဲ့တဲ့လက အီတီဟတ်မှာ ကစားခဲ့တဲ့ မန်ချက်စတာဒါဘီပွဲစဉ်မှာ ရော်နယ်လ်ဒို ပါဝင်မယ်လို့ အပိုင်တွက်ပြီး သွားကြည့်ခဲ့ပေမယ့်လည်း အများစု အံ့အားသင့်ခဲ့ရတဲ့နည်းတူ ရော်နယ်လ်ဒိုဟာ ဒဏ်ရာကြောင့် အဲဒီပွဲစဉ်ကို လွဲချော်ခဲ့တာဖြစ်ပါတယ်။

Portuguese Forward Playing For Man United

Photo: The Sun

ကံဆိုးလှတဲ့ သားအဖဟာ မန်ချက်စတာဒါဘီပွဲကို ကြည့်ရှုဖို့ ဟိုတယ်မှာ တည်းခိုပြီး သွားရောက်ကြည့်ရှုခဲ့ရတာဖြစ်တာကြောင့် နောက်ဆုံးမှာတော့ ပေါင် ၁၅၀၀ အထိ ကုန်ကျခဲ့ရပြန်တာ ဖြစ်ပါတယ်။ ခရစ္စနဲ့ ဇက်တို့ဟာ တတိယအကြိမ်တော့ ကံကောင်းလောက်ပါတယ်လို့ မှတ်ယူပြီး စနေနေ့က လက်စတာစီးတီးအိမ်ကွင်းမှာ ကစားခဲ့တဲ့ပွဲကို လက်မှတ်အလကားရရှိခဲ့တာကြောင့် ဇွဲမလျှော့ဘဲ သွားရောက်ကြည့်ရှုခဲ့ပေမယ့်လည်း ရော်နယ်လ်ဒိုက နောက်ထပ်တစ်ကြိမ် လွဲချော်ခဲ့ပြီး တုပ်ကွေးလို လက္ခဏာမျိုး ပြသနေတာကြောင့် ပါဝင်ကစားနိုင်မှာမဟုတ်ဘူးလို့ နည်းပြရန်းနစ်ခ်က အတည်ပြုပြောကြားခဲ့တာဖြစ်ပါတယ်။

ခရစ္စက ရော်နယ်လ်ဒိုကစားတာကို ကြည့်ရှုနိုင်ဖို့အတွက် ငွေကုန်ကြေးကျများခဲ့ပေမယ့်လည်း သားဖြစ်သူရဲ့ အိပ်မက်ကို အကောင်အထည် ဖော်ပေးဖို့အတွက် ဆက်လက် ကြိုးပမ်းသွားဖို့ ဆုံးဖြတ်ထားဆဲဖြစ်ပါတယ်။”ငွေကုန် လူပမ်းတာပဲ ရှိပါတယ်။ ကျွန်တော် ဇက်ကို ရော်နယ်လ်ဒို ကစားတာကို ကြည့်ဖို့ ခေါ်သွားပေးမယ်လို့ ကတိပေးခဲ့တယ်။ အဲဒီတော့ ကျွန်တော် အဲဒါကို တကယ်ဖြစ်လာအောင် ပြုလုပ်ပေးသွားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

Featured Photo: Sportbible