ကာလို အန်ဆယ်လော့တီဟာ ကိုဗစ် ရောဂါ ပျောက်ကင်းသွားပြီဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး ယနေ့ည ချဲလ်ဆီး နဲ့ ကစားရမယ့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်အတွက် လန်ဒန်ကို ခရီးထွက်ခွာမှာဖြစ်တယ်လို့ သိရပါတယ်။
Photo: The Real Champs
ပြီးခဲ့တဲ့အပတ်မှာ ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီဟာ ကိုဗစ်-၁၉ ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး စနေနေ့က ဆယ်လ်တာ ဗီဂိုအသင်းကို ၂-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ အသင်းကို နည်းမပြနိုင်ခဲ့ဘဲ လက်ထောက်နည်းပြ ဒါဗီဒေးက တာဝန်ယူကိုင်တွယ်ခဲ့ရတာဖြစ်ပါတယ်။ ရီးရဲလ်နည်းပြဟာ ယနေ့နံနက်မှာ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးခဲ့ရာမှာ ရောဂါကင်းစင်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့တာကြောင့် ယနေ့ည စတမ်းဖို့ဒ် ဘရစ်ချ်မှာ အသင်းသားတွေအားလုံးနဲ့အတူ ရှိနေမှာဖြစ်တယ်လို့ ရီးရဲလ်မက်ဒရစ်က အတည်ပြုပြောကြားခဲ့ပါတယ်။
“ကျွန်တော်တို့ရဲ့ နည်းပြ ကာလို အန်ဆယ်လော့တီဟာ ကိုဗစ်-၁၉ ကူးစက်ခံထားရာကနေ ပြန်လည်သက်သာပျောက်ကင်းသွားခဲ့ပြီဖြစ်ပြီး အဲဒါကြောင့် ဒီမနက်မှာ ပထမအသင်းနဲ့အတူ ပူးပေါင်းဖို့ လန်ဒန်ကို ခရီးထွက်ခွာမှာဖြစ်တယ်လို့ ရီးရဲလ်မက်ဒရစ်အသင်းက ဝမ်းမြောက်ဝမ်းသာစွာနဲ့ ကြေညာချင်ပါတယ်”လို့ ထုတ်ပြန်ကြေညာချက်ထဲမှာ ရေးသားထားပါတယ်။
Photo: Planet Football
ရီးရဲလ်မက်ဒရစ်အသင်းဟာ လူကာ ဂျိုဗစ်နဲ့ အီဒင် ဟာဇက်တို့ ဘယ်လိုနည်းနဲ့မှ ပါဝင်ကစားပေးနိုင်ဖွယ်မရှိပေမယ့်လည်း ချဲလ်ဆီးနဲ့ ကစားရမယ့် အရေးကြီးတဲ့ပွဲစဉ်အတွက် ကောင်းမွန်တဲ့ပုံစံ ရရှိနေပုံပေါ်နေတာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်နဲ့ ချဲလ်ဆီးအသင်းတို့ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဆီမီးဖိုင်နယ်အဆင့်မှာ တွေ့ဆုံခဲ့ကြတာဖြစ်ပြီး အနောက်လန်ဒန်ကလပ်အသင်းက ၃-၁ နဲ့ အနိုင်ရရှိပြီးနောက် ဗိုလ်လုပွဲမှာ မန်စီးတီးကို အနိုင်ယူ ဗိုလ်စွဲသွားခဲ့တာဖြစ်ပါတယ်။
Featured Photo: Planet Football