ပိုက်ဆံစုဖို့ ဘယ်လောက်ပဲကြိုးစားကြိုးစား အကြံအစဉ်အထမမြောက်ဘူးလို့ ခံစားနေရပါသလား။ ကွီး တို့အတွက် လစဉ်လတိုင်းမှာ ပိုက်ဆံ များများစုဆောင်းမိအောင် ကူညီပေးမယ့် နည်းလမ်းကောင်း များရှိပါတယ်။
ပိုက်ဆံစုခြင်းသည် တခါတရံမှာ လွယ်ကူသယောင်ရှိပြီး အသုံးစရိတ်များသွားတဲ့ လတွေမှာဆိုရင် ပိုက်ဆံစုလို့မရဘဲဖြစ်သွားတတ်ပါတယ်။ ငွေကြေးဆိုင်ရာကျွမ်းကျင်ပညာရှင်များက ကွီး တို့အတွက် လစဉ်လတိုင်းမှာ ပိုက်ဆံ များများစုဆောင်းမိအောင် ကူညီပေးမယ့် နည်းလမ်းကောင်း တချို့ကို ဝေမျှထားပါတယ်။
အွန်လိုင်းကနေ ဈေးဝယ်တာတွေ လျော့ပါ
ယနေ့ခေတ်မှာ အွန်လိုင်းကနေ ဈေးဝယ်ရတာတွေက ခေတ်စားလာတာနဲ့အမျှ အပြင်သွားဖို့မအားတဲ့အချိန်တွေမှာတောင် အွန်လိုင်းကနေ အလွယ်တကူဈေးဝယ်လို့ရပါတယ်။ ဒါကတော့ နည်းပညာတိုးတက်လာခြင်းရဲ့ ကောင်းကျိုးလို့ဆိုရမှာပါပဲ။ မိမိအိမ်မှာပဲ လိုအပ်တာတွေကို အချိန်ကုန် လူပင်ပန်းသက်သာစွာနဲ့ အလွယ်တကူဝယ်ယူနိုင်တာပါ။ Mobile Banking တွေ ရှိရုံနဲ့ အွန်လိုင်းကနေ ပေးချေကာ ဝယ်ယူနိုင်ပါတယ်။
သို့သော် သူ့ရဲ့ဆိုးကျိုးကတော့ သင့်ရဲ့ ပိုက်ဆံများ ကုန်သွားမှန်းမသိ ကုန်သွားစေတာပါပဲ။ သင် သတိထားမိလိုက်တဲ့အချိန်မှာတော့ ဘဏ်ထဲက ပိုက်ဆံများ တော်တော်များများကုန်သွားတာပဲ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးကနေ ရှောင်ရှားဖို့ဆိုရင်တော့ ဒီတစ်လအတွင်းမှာ အွန်လိုင်းကနေ ဘယ်လောက်အထိပဲ ဈေးဝယ်မလဲဆိုတာကို လစာရပြီဆိုတာနဲ့ တွက်ထားသင့်ပါတယ်။
ဈေးလျော့တဲ့အချိန်မှာ ဝယ်ယူပါ
အခါကြီး ရက်ကြီးတွေမှာဆိုရင် ဘယ်လောက်ရာခိုင်နှုန်း ဈေးချသလဲ စတာတွေရှိပါတယ်။ ကိုယ့်အိမ်အတွက် (သို့) ကိုယ့်အတွက် လိုအပ်တဲ့ ပစ္စည်းများကို ထိုကဲ့သို့ ဈေးလျော့တဲ့အချိန်မှာ ဝယ်သင့်ပါတယ်။ ကွီး တို့အတွက် ပိုက်ဆံ စုလို့ရစေမယ့် နည်းလမ်းကောင်း များထဲက တစ်ခုပဲဖြစ်ပါတယ်။
ရေဘူးတစ်ဘူး အမြဲဆောင်ထားပါ
အပြင်သွားတဲ့အချိန်တိုင်းမှာ ရေဘူးတစ်ဘူးကို ကိုယ်နဲ့ အမြဲမကွာဆောင်ထားလိုက်ပါ။ ဒါဆိုရင် အအေးဖိုးအတွက် အပိုဝင်ငွေ သုံးဖြုန်းမိခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။
ရေအရမ်းငတ်နေတဲ့အချိန်မှာ ရေဘူးမရှိတဲ့အခါ အပြင်မှာ အအေးဝယ်သောက်မိသွားပါလိမ့်မယ်။ ဒီလိုအခြေအနေမျိုးမှ ကာကွယ်ဖို့အတွက်ဆိုရင် ကွီးတို့အတွက် ရေဘူးတစ်ဘူးက မရှိမဖြစ်ပါပဲ။
အိမ်မှာပဲ ထမင်းစားပါ
အိမ်ထမင်း အိမ်ဟင်းသည် ကျန်းမာရေနဲ့ ညီညွှတ်ပြီး အပိုဝင်ငွေအကုန်အကျလည်း သက်သာစေမယ့် နည်းလမ်းကောင်းလေးပဲဖြစ်ပါတယ်။ အပြင်မှာ ထွက်စားချင်တယ်ဆိုရင်တောင် တစ်လမှာ တစ်ခါသာ ထွက်စားသင့်ပါတယ်။ အမြဲတမ်းဆိုသလို ထွက်စားနေမယ်ဆိုရင်တော့ ကွီး တို့ရဲ့ ပိုက်ဆံ က များများစားစား စုဆောင်းလို့ရမှာ မဟုတ်တော့ဘဲ ပိုက်ဆံစုမယ့် နည်းလမ်းကောင်း တစ်ခုလည်း လျော့သွားပါလိမ့်မယ်။ အပြင်မှာ ထွက်စားတဲ့ အလေ့အကျင့်သည် ငွေကုန်ကြေးကျများတဲ့ အလေ့အကျင့်တစ်ခုဖြစ်တဲ့အတွက်ကြောင့် ရှောင်ရှားသင့်ပါတယ်။
အသုံးမလိုတဲ့ပစ္စည်းများကို တစ်ပတ်ရစ်ပစ္စည်းများအဖြစ် ပြန်လည်ရောင်းချလိုက်ပါ
ဝယ်ထားပြီးခါမှ တစ်ခါမှ မဝတ်ဖြစ်တဲ့ အဝတ်အထည်များ၊ အသုံးမလိုတဲ့ အိမ်သုံးပစ္စည်းများဆိုရင်လည်း တစ်ပတ်ရစ်ပစ္စည်းများအဖြစ် ဈေးအသင့်အတင့်ဖြင့် ပြန်လည်ရောင်းချလိုက်ပါ။ ဒါဆိုရင် သင့်အတွက်လည်း အပိုဝင်ငွေရသွားမှာဖြစ်ပြီး မိမိအိမ်ကိုလည်း တစ်ခါတည်းရှင်းလင်းပြီးရာ ရောက်ပါတယ်။
မိမိအိမ်မှာပဲ ပြုလုပ်လို့ရတဲ့အရာများအတွက် ငွေကုန်ကြေးကျမခံပါနဲ့
ဥပမာ ကိုယ့်အိမ်မှာ ကိုယ့်ဘာသာ YouTube က အားကစားဗွီဒီယိုတွေကြည့်ပြီး ကိရိယာအလွတ်ဖြင့် လေ့ကျင့်ခန်းပြုလုပ်နိုင်တယ်ဆိုရင် မန်ဘာကြေးအတွက် သီးသန့်ကြီး ပိုက်ဆံအကုန်အကျမခံပါနဲ့။ သင့်အနေနဲ့ အလေးတုံးတွေ စက်ပစ္စည်းတွေနဲ့ သေသေချာချာဆော့ကစားရမယ်ဆိုရင်တော့ တစ်မျိုးပေါ့။
ဒီလိုမျိုး ကိုယ့်ဘာသာ ငွေကုန်ကြေးကျသက်သာစေချင်တယ်ဆိုရင်တော့ ကိုယ့်အိမ်မှာ ပြုလုပ်လို့ရတာမှန်သမျှကို ကိုယ်တိုင်ကိုယ်ကျပြုလုပ်လိုက်ပါ။
လိုအပ်တာနဲ့ လိုချင်တာကို ကွဲကွဲပြားပြားသိပါစေ
Photo: Randelltiongson
ပစ္စည်းတစ်မျိုးကို ဝယ်ချင်စိတ်ပေါ်လာတဲ့အခါ အခုဖော်ပြပေးမယ့် မေးခွန်းနှစ်ခုကို ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်လိုက်ပါ။
ပထမမေးခွန်းကတော့ သင့်အတွက် အမှန်တကယ်လိုအပ်တာလား ဒါမှမဟုတ် သင့်စိတ်က လိုချင်နေတာလားဆိုတဲ့ မေးခွန်းပဲဖြစ်ပါတယ်။
ဒုတိယမေးခွန်းကတော့ အရှေ့ရက်တွေမှာ သင် ပိုက်ဆံဘယ်လောက်ထိ သုံးစွဲမိထားသလဲဆိုတဲ့ မေးခွန်းပဲဖြစ်ပါတယ်။
ပထမမေးခွန်းရဲ့အဖြေက သင် လိုချင်ရုံသက်သက်ဆိုရင် ထိုပစ္စည်းကို မဝယ်သေးပါနဲ့ဦး။
တကယ်လို့ ထိုမေးခွန်းရဲ့အဖြေက သင် အမှန်တကယ်လိုအပ်နေတာဆိုရင် ဒုတိယမေးခွန်းကို ဆက်စဉ်းစားကြည့်လိုက်ပါ။ သင် အရှေ့ရက်တွေတုန်းက ပိုက်ဆံတွေ ဘယ်လောက်များများ အသုံးပြုမိနေပါသလဲ။ သင့်အနေနဲ့ ပိုက်ဆံအများကြီး သုံးနေမိလို့ ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိသလို ခံစားနေရတယ်ဆိုရင်တော့ အချိန်တစ်ခုလောက် စောင့်ဆိုင်းကြည့်ပြီးမှ ဝယ်ယူသင့်ပါတယ်။
၅၀ ၊ ၃၀ ၊ ၂၀ နည်းလမ်းကို အသုံးပြုပါ
Source: Forbes
ကွီး တို့အနေနဲ့ လစဉ်လတိုင်းမှာ ပိုက်ဆံများများစုချင်တယ်ဆိုရင်တော့ ဒီ နည်းလမ်းကောင်း ကို မဖြစ်မနေအသုံးပြုသင့်ပါတယ်။
၅၀ ဆိုတာကတော့ ကိုယ့်ဝင်ငွေရဲ့ ၅၀ ရာခိုင်နှုန်းကို ကိုယ့်အတွက် အခြေခံလိုအပ်ချက်များ၊ မဖြစ်မနေ ဝယ်ယူရမယ့် အရာများအတွက် အသုံးချရမှာဖြစ်ပြီး ၃၀ ဆိုတာကတော့ ကိုယ့်အတွက် တစ်လတာအတွက် စုဆောင်းရမယ့်အရာဖြစ်ပါတယ်။ ကျန်တဲ့ ၂၀ ရာခိုင်နှုန်းကတော့ ကိုယ် လိုချင်တဲ့အရာတွေ ကိုယ့်ကိုယ်ကိုယ် ဆုချချင်တဲ့အရာတွေအတွက် အသုံးပြုနိုင်ပါတယ်။
ကျွမ်းကျင်ပညာရှင်တော်တော်များများကတော့ ကိုယ့်ဝင်ငွေကို သုံးလို့ဝမှ စုဆောင်းတာထက် ဝင်ငွေရပြီဆိုတာနဲ့ စုဆောင်ပြီးမှ ကျန်တဲ့ ပိုက်ဆံကိုသာ သုံးစွဲရမယ်လို့ အကြံပေးထားကြပါတယ်။
ကွီးတို့ရော ကိုယ့်ရဲ့တစ်လတစ်လ ဝင်ငွေများကို ဘယ်လိုသုံးစွဲလေ့ရှိပါသလဲ။ ပိုက်ဆံစုဆောင်းတဲ့ ကိုယ်ပိုင်နည်းလမ်းကောင်းများရှိရင်လည်း အခြားစာဖတ်သူပရိသတ်များအတွက် ဝေမျှပေးခဲ့ပါဦး။
Source: Redbookmag
Featured Image Source: Vecteezy