ဦးရေပြား ခြောက်သွေ့  ခြင်းဟာ အန္တရာယ်မရှိတဲ့ အခြေအနေတစ်ခုလို့ ထင်ရပေမယ့် စိတ်အနှောက်ယှက် အတော်လေး ဖြစ်ရပါတယ်။ ဦးရေပြား ခြောက်သွေ့ ခြင်းနဲ့အတူ ဦးရေပြား အက်ကွဲခြင်း ၊ ယားယံတွေ ကြုံတွေ့ ခံစားရစေနိုင်ပြီး တစ်ခါတစ်ရံမှာ ဗောက်ထခြင်းနဲ့ ဆင်တူပါတယ်။ ဦးရေပြား ခြောက်သွေ့ ယားယံတာဟာ ခေါင်းလျှော်ရည် အလွန်အကျွံ သုံးတာ ၊ ဓာတုပစ္စည်းတွေပါဝင်တဲ့ ဆံပင်ဆိုးဆေးတွေ ဆိုးတာ နဲ့ ရာသီဥတု ပတ်ဝန်းကျင် အခြေအနေတွေကြောင့်လည်း ဖြစ်တက်ပါတယ်။ သတင်းကောင်းကတော့ အိမ်မှာနေရင်းပဲ ဦးရေပြား ခြောက်သွေ့ ယားယံခြင်းကို သက်သာစေမယ့် သဘာဝကုထုံးနည်းလမ်းတချို့ ရှိပါတယ်။ ဒါကတော့ ရှားစောင်းလက်ပတ်ပါ။ ရှားစောင်းလက်ပတ် က ဦးရေပြား ခြောက်သွေ့  ယားယံခြင်းကို အထိရောက်ဆုံး ကုသနိုင်မယ့် သဘာဝပစ္စည်းတစ်ခု ဖြစ်ပါတယ်။ ရှားစောင်းလက်ပတ်မှာ ရေဓာတ်ပြည့်စေတဲ့ ဂုဏ်သတ္တိတွေ ပါဝင်ပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ၊ ဗီတာမင် A ၊ ဗီတာမင် E ၊ lignin နဲ့ Salicylic အက်ဆစ်ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်တာကြောင့် ဦးရေပြားနဲ့ ဆံသားကို အစိုဓာတ်ဖြည့်တင်းပေးပြီး ဦးရေပြားကို နူးညံ့ချောမွေ့စေမှာပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတာ့ ဦးရေပြား ခြောက်သွေ့သူတွေအတွက် ရှားစောင်းလက်ပတ် ရဲ့ အသုံးဝင်နည်း ၄ နည်းကို မျှဝေပေးချင်ပါတယ်။

(၁) ဦးရေပြားကို ရှားစောင်းလက်ပတ်ဂျယ်နဲ့ နှိပ်နယ်ပေးပါ

Photo : eMediHealth

ရှားစောင်းလက်ပတ်ဟာ ရေဓာတ် ၉၈ ရာခိုင်နှုန်းနဲ့ ဖွဲ့စည်းထားတာကြောင့် ဦးရေပြားကို အဆီပြန်ခြင်းမရှိစေဘဲ သဘာဝအတိုင်း အစိုဓာတ်ထိန်းပေးပြီး ရောင်ရမ်းနာကျင်ခြင်းနဲ့ ယားယံခြင်းတွေကို လျော့ကျသက်သာစေမှာပဲ ဖြစ်ပါတယ်။

ပါဝင်ပစ္စည်း

  • ရှားစောင်းလက်ပတ်ဂျယ် – စားပွဲဇွန်း ၂ ဇွန်း

အသုံးပြုနည်း အဆင့်ဆင့်

  • ရှားစောင်းလက်ပတ်ဂျယ်ကို ဦးရေပြားအနှံ့ ညင်သာစွာ လိမ်းကျံပြီး နှိပ်နယ်ပေးပါ။
  • ထို့နောက် နာရီဝက်လောက် နှပ်ထားလိုက်ပါ။
  • ပြီးရင်တော့ အပျော့စားခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်လိုက်လို့ ရပါပြီ။

(၂) ရှားစောင်းလက်ပတ် ၊ ပျားရည် ၊ သံလွင်ဆီ (သို့မဟုတ်) အုန်းဆီ Hair Mask


Photo : eMediHealth

ရှားစောင်းလက်ပတ် ၊ ပျားရည် ၊ သံလွင်ဆီ (သို့မဟုတ်) အုန်းဆီ Hair Mask က ဦးရေပြား အစိုဓာတ်ကို ထိန်းထားပေးပြီး ခြောက်သွေ့ယားယံခြင်းတွေကို လျော့ကျသက်သာစေမှာပဲ ဖြစ်ပါတယ်။

ပါဝင်ပစ္စည်း

  • ရှားစောင်းလက်ပတ်ဂျယ် – စားပွဲဇွန်း ၂ ဇွန်း
  • သံလွင်ဆီ (သို့မဟုတ်) အုန်းဆီ – စားပွဲဇွန်း ၁ ဇွန်း
  • ပျားရည် – စားပွဲဇွန်း ၂ ဇွန်း

အသုံးပြုနည်း အဆင့်ဆင့်

  • ပန်းကန်လုံးတစ်လုံးထဲမှာ ပါဝင်ပစ္စည်းအားလုံးကို ကြေညက်သွားသည်အထိ သမအောင်ရောမွှေပါ။
  • ထို့နောက် Brush ကိုအသုံးပြုပြီး ရောမွှေထားတဲ့ ရှားစောင်းလက်ပတ် Hair Mask ကို ဆံပင်နဲ့ ဦးရေပြား အနှံ့သုတ်လိမ်းပေးပါ။
  • ရှားစောင်းလက်ပတ်အနှစ်ကို ဦးရေပြားကနေ ကောင်းစွာစုပ်ယူနိုင်ဖို့ အနည်းဆုံး နာရီဝက်ခန့် ထားပါ။
  • ပြီးရင်တော့ အပျော့စားခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်လိုက်လို့ ရပါပြီ။

(၃) ရှားစောင်းလက်ပတ် ၊ ကြက်ဥ Hair Mask


Photo : eMediHealth

ကြက်ဥဟာ ဆံပင်ကြီးထွားမှုကို အားကောင်းစေပြီး ဆံပင်ကျွတ်ခြင်းကို သက်သာစေနိုင်သလို ဦးရေပြားနဲ့ ဆံသားအတွက်လည်း သဘာဝအစိုဓာတ်ကို ထိန်းထားပေးပါတယ်။

ပါဝင်ပစ္စည်း

  • ရှားစောင်းလက်ပတ်ဂျယ် – စားပွဲဇွန်း ၂ ဇွန်း
  • ကြက်ဥ – ၁ လုံး

အသုံးပြုနည်း အဆင့်ဆင့်

  • ပန်းကန်လုံးတစ်လုံးထဲမှာ ကြက်ဥကိုဖောက်ထည့်ပြီး ကြေညက်သွားသည်အထိ ကောင်းစွာမွှေပေးပါ။
  • ထို့နောက်မွှေထားတဲ့ ကြက်ဥထဲကို ရှားစောင်းလက်ပတ်ဂျယ် ရောထည့်ပြီး သမအောင်ထပ်မံမွှေပေးပါ။
  • ထို့နောက် Brush ကိုအသုံးပြုပြီး ရောမွှေထားတဲ့ ကြက်ဥနဲ့ ရှားစောင်းလက်ပတ် Hair Mask ကို ဆံပင်နဲ့ ဦးရေပြား အနှံ့သုတ်လိမ်းပေးပါ။
  • Shower Cap နဲ့ နာရီဝက်လောက် အုပ်ထားပေးပါ။
  • ပြီးရင်တော့ အပျော့စားခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်လိုက်လို့ ရပါပြီ။

(၄) ရှားစောင်းလက်ပတ် ၊ ဒိန်ချဉ် Hair Mask

ဦးရေပြား ရှားစောင်းလက်ပတ်
Photo : eMediHealth

ဒိန်ချဉ်မှာ Lactic အက်စစ်ဓာတ် ကြွယ်ဝစွာပါဝင်တာကြောင့် ဦးရေပြားကို သန့်စင်စေပြီး ဦးရေပြားပေါ်က ဆဲလ်သေတွေကို သဘာဝအတိုင်း ဖယ်ရှားပေးနိုင်ပါတယ်။ ဒါ့အပြင် ဒိန်ချဉ်ဟာ ဦးရေပြားကို အစိုဓာတ်ထိန်းထားပေးပြီး ပိုတက်စီယမ် ၊ ဗီတာမင် B12 နဲ့ ဗီတာမင် B6 ကဲ့သို့သော အကျိုးပြုအာဟာရများပါဝင်တာကြောင့် ဆံပင်မွေးညင်းပေါက်တွေကို အာဟာရဓာတ် ဖြည့်တင်းပေးမှာ ဖြစ်ပါတယ်။

ပါဝင်ပစ္စည်း

  • ရှားစောင်းလက်ပတ်ဂျယ် – စားပွဲဇွန်း ၂ ဇွန်း
  • ဒိန်ချဥ် – စားပွဲဇွန်း ၁ ဇွန်း

အသုံးပြုနည်း အဆင့်ဆင့်

  • ပန်းကန်လုံးတစ်လုံးထဲမှာ ပါဝင်ပစ္စည်းတွေဖြစ်တဲ့ ရှားစောင်းလက်ပတ်ဂျယ်နဲ့ ဒိန်ချဥ်ကို ရောထည့်ပြီး နှံ့သွားသည်အထိ သမအောင်ရောမွှေပါ။
  • ဆံပင်ဆိုးဆေး Brush ကိုအသုံးပြုပြီး ရောမွှေထားတဲ့ ရှားစောင်းလက်ပတ်နဲ့ ဒိန်ချဉ် Hair Mask ကို ဆံပင်နဲ့ ဦးရေပြား အနှံ့သုတ်လိမ်းပေးပါ။
  • ဦးရေပြားကို ၁၀ – ၁၅ မိနစ်ခန့် ညင်သာစွာ နှိပ်နယ်ပေးပါ။
  • ထို့နောက်နာရီဝက်လောက် နှပ်ထားပြီး အပျော့စားခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်လိုက်လို့ ရပါပြီ။

Featured Photo : eMediHealth