Gym ကစားတာ ၊ အားကစား လုပ်တာဟာ ကယ်လိုရီလောင်ကျွမ်းပြီး အဆီကျစေမယ့် အထိရောက်ဆုံး နည်းလမ်းတွေဆိုတာ သံသယဖြစ်စရာမရှိပါဘူး။ မှန်ပါတယ် ခန္ဓာကိုယ်မှာရှိတဲ့ ပိုလျှံနေတဲ့ ကယ်လိုရီတွေကို လောင်ကျွမ်းစေဖို့ လေ့ကျင့်ခန်းလုပ်ခြင်းက အကောင်းဆုံးပါပဲ။ သို့သော်လည်း ကျွန်တော်တို့ အများစု သတိလက်လွတ်ဖြစ်နေတာတစ်ခုက အဆီချ သင်တန်းတွေ ၊ Gym တွေ သွားနိုင်မှ ကယ်လိုရီလောင်ကျွမ်းစေတာ မဟုတ်ပါဘူး။ အိမ်မှာနေရင်း ကယ်လိုရီ များများ လောင်ကျွမ်း စေမယ့် နေ့စဉ်လှုပ်ရှားမှုလေးတွေ ရှိပါတယ်။ ဘာတွေဖြစ်မလဲ ဆက်ဖတ်ကြည့်ရအောင်ပါ။

(၁) ကခုန်ပါ

Photo : iStock

ကခုန်ခြင်းဟာ ပျော်စရာကောင်းပြီး စိတ်ဖိစီးမှုလျော့ချပေးနိုင်သလို ကယ်လိုရီတွေ လောင်ကျွမ်းစေမယ့် အကောင်းဆုံး လှုပ်ရှားမှု တစ်ခုဖြစ်ပါတယ်။ မြူးမြူးကြွကြွ သီချင်းတေးသွားဖွင့်ပြီး တစ်နာရီ လောက် ကခုန်လိုက်တာနဲ့ အနည်းဆုံး ကယ်လိုရီ ၅၀၀ အထိ လောင်ကျွမ်းစေမှာ ဖြစ်ပါတယ်။

(၂) သစ်ပင်ပန်းပင် စိုက်ပျိုးပါ

Photo : iStock

သစ်ပင်ပန်းပင် စိုက်ပျိုးတာက သက်ရှည်ကျန်းမာခြင်းရဲ့ အလေ့အထတစ်ခု ဖြစ်ပါတယ်။ သစ်ပင်ပန်းပင်လေးတွေ စိုက်ပျိုးရင်း အချိန်ကုန်ဆုံးတာက စိတ်ပျိုကိုယ်နုဆိုတဲ့ ကောင်းကျိုးများစွာရစေသလို ကယ်လိုရီတွေကို လောင်ကျွမ်းစေဖို့ ကူညီပေးပါတယ်။ လေ့လာမှုတွေအရ တစ်ပတ်ကို ၅ နာရီပဲ ဥယျာဉ်ထဲမှာ အချိန်ကုန်စေတယ်ဆိုရင်တောင် တစ်နှစ်ကို ကယ်လိုရီ ၁၀၀၀၀ ကျော် လောင်ကျွမ်းစေတယ်လို့ ဆိုပါတယ်။

(၃) အိမ်မှုကိစ္စလုပ်ပါ

Photo : iStock

အိမ်သန့်ရှင်းရေးလုပ်တာ ၊ မီးဖိုချောင်ထဲ ဝင်တာဟာ ခန္ဓာကိုယ် ကြွက်သားတွေ ပျော့ပြောင်းပြီး ကိုယ်လက်ကြံ့ခိုင်လာစေပါတယ်။ ကြမ်းတိုက်ဖို့အတွက် ဖုန်သန့်ရှင်းဖို့အတွက် လူရဲ့ ကိုယ်ခန္ဓာဟာ ပုံစံမျိုးစုံနဲ့ ပြောင်းပေးနေရပါတယ်။ ဒါဟာ ကိုယ်လက်အကြောတွေ ပျော့ပြောင်းတဲ့အပြင် ကယ်လိုရီကိုလည်း ဆက်တိုက် လောင်ကျွမ်းစေပါတယ်။

(၃) အိမ်မွေးခွေးလေးနဲ့ လမ်းလျှောက်ပါ

Photo : iStock

လမ်းလျှောက်ခြင်းဟာ အဖိုးတန်သလောက် အခကြေးငွေ ပေးစရာမလိုတဲ့ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းဖြစ်ပါတယ်။ အိမ်မွေးခွေးလေးတစ်ကောင်နဲ့ လမ်းလျှောက်မယ်ဆိုရင် ပိုလည်း လမ်းလျှောက်ဖြစ်သလို လမ်းလျှောက်တာကလည်း စိတ်ဝင်စားစရာ ဖြစ်လာပါလိမ့်မယ်။ နေ့စဉ် တစ်နာရီလောက် ပုံမှန် လမ်းလျှောက်ဖြစ်မယ်ဆိုရင် ကျန်းမာကြံ့ခိုင်ပြီး နှလုံးကြွက်သားတွေ ကြံ့ခိုင်အားကောင်းစေတဲ့ အကျိုးကျေးဇူးတွေ ရရှိမှာ ဖြစ်ပါတယ်။

Featured Photo : Freepik