ပျက်စီးနေတဲ့ ဆံပင် ဆိုတာ ဘာကို ပြောတာပါလဲ။ ပြောရရင်တော့ ဆံသား သဘာဝအဆီတွေခမ်းခြောက်ပြီး တောက်ပြောင်မှုမရှိ ၊ မွဲခြောက်နေတာ ၊ ဆံပင်အဖျားနှစ်ခွဖြစ်နေတာ ၊ ခြောက်သွေ့ကြွပ်ဆတ်ပြီး ကျိုးလွယ်ကြေလွယ်ဖြစ်နေတဲ့ ဆံပင်ကို ခေါ်တာပါ။ ဆံပင်ပျက်စီးစေတဲ့ အဓိက အကြောင်းအရင်းတွေကတော့ နေရောင်ခြည် တိုက်ရိုက်ထိတွေ့မှုများခြင်း ၊ ပြင်းထန်တဲ့ ဓာတုပစ္စည်းတွေပါဝင်တဲ့ ဆံပင်ထုတ်ကုန်တွေ အသုံးပြုခြင်း ၊ ဆံသား အာဟာရဓာတ်ချို့တဲ့ခြင်း ၊ ဆံပင်အရောင်ချွတ်ခြင်း ၊ လေမှုတ်အခြောက်ခံစက်လို အပူပေးကိရိယာတွေ အလွန် အကျွံအသုံးပြုခြင်း ၊ ရေဓာတ်ခမ်းခြောက်ခြင်း ၊ ကလိုရင်းဓာတ် ထိတွေ့မှုများ ခြင်း (ရေကူးကန်များတွင်ပါဝင်သော) နဲ့ မျိုးရိုးဗီဇဆိုင်ရာ ကျန်းမာရေး အခြေအနေတွေကြောင့် ဖြစ်တက်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ကွီးတို့ရဲ့ ဆံပင်တွေ ပျက်စီးကြမ်းတမ်းနေပြီဆိုရင်တော့ အခုပြောပြမယ့် ရိုးရှင်းတဲ့ အိမ်တွင်း ကုထုံးနည်းလမ်းတွေနဲ့ ပြန်လည်ကုစားလို့ရနိုင်ပါတယ်။
(၁) ဘီယာ + ဗီတာမင် E အဆီ Hair Mask
Photo : eMediHealth
ဘီယာဟာ ပရိုတင်းဓာတ် အရင်းအမြစ်တစ်ခုဖြစ်ပြီး ဆံကေသာကို အဓိကတည်ဆောက်ပေးကာ ဆံပင်သန်မာမှုနဲ့ ပျော့ပျောင်းမှုကို တိုးစေပါတယ်။ ဘီယာကို ဆံပင်နဲ့ ဦးရေပြားပေါ်မှာ လိမ်းလိုက်တဲ့အခါ ဆံသားတစ်ချောင်းချင်းစီက ဘီယာထဲမှာရှိတဲ့ ပရိုတင်းဓာတ်ကို စုပ်ယူနိုင်စွမ်းရှိတာကြောင့် ဆံပင်ကို သဘာဝအတိုင်း ပျော့ပျောင်းတောက်ပြောင်လာစေမှာ ဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
- ဗီတာမင် E အဆီ – စားပွဲတင်ဇွန်း ၂ ဇွန်း
- ဘီယာ – ဖန်ခွက် တစ်ဝက်ခန့်
အသုံးပြုနည်း အဆင့်ဆင့်
- ဘီယာနဲ့ ဗီတာမင် E အဆီကို သမအောင် ကောင်းစွာရောမွှေပါ
- ရလာတဲ့ ဘီယာ + ဗီတာမင် E အရောအနှောကို ဦးရေပြားအနှံ့ သေချာလိမ်းကျံပြီး ညင်သာစွာ နှိပ်နယ်ပေးပါ
- ထို့နောက် ရေချိုးခန်းသုံး ဦးထုပ် ဝတ်ပြီး ဆံပင် Mask ကို နာရီဝက်လောက် ထားပေးပါ
- ပြီးရင် အပျော့စား ခေါင်းလျှော်ရည်နဲ့ ဆံပင်ကို သေချာဆေးကြောပါ
- ဘီယာအနံ့ပျောက်ချင်ရင်တော့ Conditioner သုံးနိုင်ပါတယ်
(၂) ပျားရည် + ရှားစောင်းလက်ပတ် + Almond အဆီ Hair Mask
Photo : eMediHealth
ရှားစောင်းလက်ပတ်ဟာ အကောင်းဆုံး အစိုဓာတ်ထိန်းပေးတဲ့ အလှအပဆိုင်ရာ သဘာဝအတိုင်း ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ ခြောက်သွေ့ကြမ်းတမ်းတဲ့ဆံပင်ကို ရေဓာတ်ဖြည့်ပေးပြီး နူးညံ့ပျော့ပြောင်းလာစေဖို့ ကူညီပေးပါတယ်။ ရှားစောင်းလက်ပတ်မှာ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေ၊ အမိုင်နို အက်ဆစ်၊ အင်ဇိုင်းတွေ ၊ ဗီတာမင် C ၊ ဗီတာမင် E နဲ့ ဦးရေပြားကို နုပျိုစေပြီး ဆံသားကို အာဟာရဓာတ်ဖြည့်တင်းပေးကာ ရောင်ရမ်းမှုကို ဆန့်ကျင်တဲ့ ဂုဏ်သတ္တိတွေလည်း အများကြီးပါဝင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ရှားစောင်းလက်ပတ် – စားပွဲတင်ဇွန်း ၃ ဇွန်း
- ပျားရည် – စားပွဲတင်ဇွန်း ၂ ဇွန်း
- Almond အဆီ – စားပွဲတင်ဇွန်း ၂ ဇွန်း
အသုံးပြုနည်း အဆင့်ဆင့်
- ပန်းကန်တစ်ခုထဲမှာ ပါဝင်ပစ္စည်းများ အားလုံးကို နှံ့အောင် သေချာလေး ရောမွှေပေးပါ
- ဆံပင်နဲ့ ဦးရေပြားကို ညီညီညာညာလေး အနှံ့လိမ်းကျံပြီး နာရီဝက်လောက် ထားပေးပါ
- ပြီးရင်တော့ အပျော့စား ခေါင်းလျှော်ရည်နဲ့ ဆံပင်ကို ဆေးကြောသန့်စင်လို့ရပါပြီ
(၃) ကြက်ဥ Mask
Photo : eMediHealth
ကြက်ဥဟာ ပရိုတင်းနဲ့ ဖက်တီအက်ဆစ်များ ကြွယ်ဝစွာပါဝင်တဲ့ အရင်းအမြစ်တစ်ခုဖြစ်ပြီး အဆိုပါ ဓာတ် ၂ မျိုးလုံးက ဆံပင်ကို သန်စွမ်းစေပြီး တောက်ပြောင်မှုရှိဖို့အတွက် ကူညီပေးပါတယ်။ ဒါ့အပြင် ကြက်ဥမှာ ဆံပင်ကြီးထွားမှုကို တိုးမြင့်ပေးနိုင်တဲ့ အကျိုးပြုအင်ဇိုင်းနဲ့ သတ္တုဓာတ်အချို့လည်း ပါဝင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ကြက်ဥ – ၁ လုံး
အသုံးပြုနည်း အဆင့်ဆင့်
- ကြက်ဥကို ပန်းကန်တစ်လုံးထဲမှာထည့်ပြီး ကောင်းစွာကြေညှက်သွားသည်အထိ သေချာလေး မွှေပေးပါ
- ရလာတဲ့ ကြက်ဥ အနှစ်ကို ဆံပင်နဲ့ ဦးရေပြားပေါ်မှာ နှံ့အောင် သေချာစွာ နှိပ်နယ်ပြီးလိမ်းပေးပါ
- ထို့နောက် ရေချိုးခန်းသုံး ဦးထုပ်ဝတ်ပြီး နာရီဝက်လောက် နှပ်ထားပေးပါ
- ပြီးရင်တော့ အပျော့စား ခေါင်းလျှော်ရည်နဲ့ ဆံပင်ကို ဆေးကြောသန့်စင်လို့ ရပါပြီ
(၄) ငှက်ပျောသီး + ဒိန်ချဉ် Hair Mask
ငှက်ပျောသီးမှာ ပိုတက်စီယမ် ၊ ကာဗိုဟိုက်ဒရိတ်နဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်တာကြောင့် ပျက်စီးနေတဲ့ ဆံပင်တွေကို ပြန်လည်ပြီး သန်စွမ်းကျန်းမာစေနိုင်ပါတယ်။ ဒိန်ချဉ်ကလည်းခြောက်သွေ့ကြမ်းတမ်းနေတဲ့ဆံပင်ကို အစိုဓာတ်ထိန်းပေးပြီး ဆံပင်အုံ ထူထူထဲထဲဖြစ်လာစေဖို့ အထောက်အကူပြုပါတယ်။ ဒါ့အပြင် ဒိန်ချဉ်မှာ အရွယ်မတိုင်ခင် ဆံပင်ကျွတ်ခြင်းကနေ ကာကွယ်ပေးနိုင်တဲ့ ဆံပင်အတွက် အာဟာရဓာတ်များစွာလည်း ပါဝင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ငှက်ပျောသီးမှည့် – ၁ လုံး
- ဒိန်ချဉ် – စားပွဲတင်ဇွန်း ၂ ဇွန်း
အသုံးပြုနည်း အဆင့်ဆင့်
- အရင်ဆုံး ငှက်ပျောသီးကို ဇလုံတစ်ခုထဲမှာ ကြေသွားသည်အထိ ကြိတ်ချေပြီး ဒိန်ချဉ်ရောထည့်ကာ သမအောင်မွှေပေးပါ
- ဒိန်ချဉ်နဲ့ ငှက်ပျောသီး ကောင်းစွာ ကြေညှက်သွားတဲ့အထိ သေချာစွာ မွှေပေးရပါမယ်
- ပြီးရင်တော့ ရလာတဲ့ ငှက်ပျောသီး + ဒိန်ချဉ် Hair Mask ကို ဦးရေပြားနဲ့ ဆံပင်တွေကို ညီညီညာညာလေး လိမ်းပေးပါ
- ထို့နောက် ရေချိုးခန်းသုံး ဦးထုပ် ဝတ်ပြီး Hair Mask ကို နာရီဝက်လောက် ထားပေးပါ
- ပြီးရင် အပျော့စား ခေါင်းလျှော်ရည်နဲ့ ဆံပင်ကို သေချာဆေးကြောလိုက်လို့ရပါပြီ
Featured Photo : eMediHealth