Samsung ကုမ္ပဏီဟာ အရင်မျိုးဆက် Storage ထုတ်ကုန်တွေထက် ပိုမြန်ဆန်လာတဲ့ Universal Flash Storage ထုတ်ကုန်သစ်ကို စတင်မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။

UFS လို့ အတိုကောက်ခေါ်တဲ့ Universal Flash Storage စနစ်ဟာ ကင်မရာ ၊ ဖုန်းနဲ့ တခြားထုတ်ကုန်တွေအတွက် SSD Speeds ဖွံ့ဖြိုးရေးအတွက် သတ်မှတ်ထားတာ ဖြစ်ပါတယ်။ Samsung ကနေ အသစ် မိတ်ဆက်လိုက်တဲ့ UFS 4.0 စနစ်ဟာ ဒေတာပေးပို့မှု မြန်နှုန်း 23.2Gbps အထိ ရောက်မယ်လို့ ဆိုပါတယ်။ ဒါဟာ Samsung ထုတ် Galaxy S22 Flagship စမတ်ဖုန်းတွေမှာ သုံးထားတဲ့ UFS 3.1 Storage စနစ် ထက် နှစ်ဆအထိ ပိုမြန်လာတာ ဖြစ်ပါတယ်။

Samsung Galaxy

Photo: Android Central

Samsung ရဲ့ အဆိုအရ UFS 4.0 စနစ်ရဲ့ ကြီးမားတဲ့ Bandwidth ဟာ Data Processing လုပ်ဆောင်မှု များပြားလှတဲ့ 5G ဖုန်းတွေအတွက် အပြီးပြည့်စုံဆုံး ဖြစ်လာမယ်လို့ ဆိုပါတယ်။ UFS 4.0 နည်းပညာကို မျိုးဆက်သစ် 5G စမတ်ဖုန်းတွေ အပြင် ယာဉ်ပိုင်း နဲ့ Augmented Reality / Virtual Reality ပိုင်းတွေမှာပါ အသုံးပြုနိုင်ဖို့ Samsung က မျှော်မှန်းထားပါတယ်။

UFS 4.0 Flash Storage Memory နည်းပညာသစ်ရဲ့ နောက်ထပ် အကျိုးကျေးဇူးတစ်ခုကတော့ စွမ်းအင်ထိရောက်မှု Energy Efficiency ပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ UFS သစ်ဟာ Sequential Read Speeds အနေနဲ့ 6.0 MB/s per milliamp (mA) ရှိပါတယ်။ ဒါဟာ UFS 3.1 က ပေးနိုင်တဲ့ Energy Efficiency နှုန်းထက် ထိရောက်မှု ၄၆% ပို များတာ ဖြစ်ပါတယ်။ Energy Efficiency ပိုထိရောက်လာတာကြောင့် စွမ်းဆောင်ရည် ပိုမြင့်ပြီး ဘက်ထရီသက်တမ်း ပိုကောင်းမွန်လာမှာပါ။

UFS-4 Samsung

Photo : xda-developers

Samsung ရဲ့ UFS 4.0 ထုတ်ကုန်တွေဟာ အမြင့်ဆုံး အတိုင်းအတာအနေနဲ့ 11mm x 13mm x 1mm ရှိပြီး သိုလှောင်မှု စွမ်းဆောင်ရည်အနေနဲ့ 1TB အထိ ရှိမှာ ဖြစ်ပါတယ်။ ကုမ္ပဏီအနေနဲ့ UFS 4.0 Storage သုံး ထုတ်ကုန်တွေကို ၂၀၂၂ ခုနှစ် တတိယသုံးလပတ်မှာ အကြီးအကျယ် စတင်ထုတ်လုပ်တော့မယ်လို့ ဆိုပါတယ်။

လောလောဆယ် Samsung ဟာ ကမ္ဘာတလွှားက တခြား စမတ်ဖုန်း နဲ့ လူသုံးကုန်ပစ္စည်းထုတ်လုပ်သူတွေနဲ့ ပူးပေါင်းလက်တွဲပြီး UFS 4.0 ကို စွမ်းဆောင်ရည်မြင့် မိုဘိုင်းသိုလှောင်မှုစနစ်သုံး ဈေးကွက်စနစ် ဖွံ့ဖြိုးရေးအတွက် ကြိုးပမ်းသွားမယ်လို့လည်း ကြေညာထားပါတယ်။

Featured Photo : Samsung