လူတစ်ယောက်သည် စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး အားနည်းနေတယ်လို့ ခံစားရတဲ့အခါ၊ စိတ်ကျရောဂါ (သို့) စိတ်ပူပန်စရာများကို အချိန်ပြည့် ခံစားနေရတဲ့အခါ ပထမဦးဆုံး ပြုလုပ်သင့်တဲ့အချက်ကတော့ ကုသမှုခံယူခြင်းနှင့် ညွှန်ကြားထားတဲ့ ဆေးဝါးများ သောက်သုံးခြင်းပဲဖြစ်ပါတယ်။ ဒါ့အပြင် စိတ်ကျန်းမာရေး မြှင့်တင်ပေးဖို့ရန်အတွက် ကိုယ့်ရဲ့ နေထိုင်စားသောက်ပုံနဲ့ နေ့စဉ်အမူအကျင့် များကိုလည်း ပြောင်းလဲပစ်ဖို့လိုအပ်ပါတယ်။
စိတ်ကျရောဂါ မခံစားရတဲ့သူတွေအနေနဲ့လည်း ကိုယ့်ရဲ့ စိတ်ကျန်းမာရေးကို မြှင့်တင်ပေးဖို့လိုအပ်ပါတယ်။ ဒါမှ စိတ်ဖိစီးမှုများကို လျော့ချနိုင်ပြီး အလုပ်နဲ့ ဘဝသည် မျှခြေဖြစ်ကာ ပျော်ရွှင်အောင်မြင်ရတဲ့ ဘဝကို ပိုင်ဆိုင်နိုင်မှာမဟုတ်လား။
ကွီးတို့ရဲ့ စိတ်ကျန်းမာရေးကို မြှင့်တင်ပေးဖို့ရန်အတွက် ဘယ်လို နေ့စဉ်အမူအကျင့် များကို ပြောင်းလဲရမလဲဆိုတော့ …
သင့်ရဲ့ အစားအသောက် စားသုံးပုံကို ပြောင်းလဲလိုက်ပါ
ကျန်းမာရေးနှင့် ညီညွှတ်သော အစားအစာများကို စားသုံးပေးခြင်းသည် ကိုယ်ခန္ဓာကျန်းမာရေးအတွက်သာမက စိတ်ကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်ပါတယ်။ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ၊ ပဲအမျိုးမျိုး၊ အစေ့အဆံ၊ အနီရောင်ရှိသော အသား၊ ပင်လယ်စာများ စတဲ့ အစားအစာတွေသည် ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးပြီး စိတ်ပျော်ရွှင်လာအောင်လည်း ဆောင်ရွက်ပေးပါတယ်။ ထိုအစားအစာများအပြင် ဘယ်ရီသီးများ၊ လက်ဖက်ရည်၊ Dark Chocolate ၊ ဝိုင်နှင့် ဆေးဖက်ဝင် အရွက်များသည်လည်း ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို ပိုမိုကောင်းမွန်လာစေပါတယ်။
အိပ်ရေးဝဝ အနားယူ အိပ်စက်ပါ
လုံလောက်တဲ့ အိပ်စက်ချိန်ရရှိသည်လည်း စိတ်ကျန်းမာရေးအတွက် များစွာ အထောက်အကူဖြစ်စေပါတယ်။ ညဘက်တွေမှာ ကာဖိန်းဓာတ် ပါဝင်တဲ့အစားအစာများ၊ ကော်ဖီသောက်သုံးခြင်း စတာတွေကိုလည်း လျော့ချပေးဖို့လိုအပ်ပါလိမ့်မယ်။ ဒါမှသာ ညဘက်မှာ ကောင်းကောင်းမွန်မွန် နှစ်ခြိုက်စွာ အိပ်စက်နိုင်မျာဖြစ်ပြီး မနက်နိုးလာတဲ့အခါမှာလည်း စိတ်လက်ရွှင်လန်းနေမှာဖြစ်ပါတယ်။ တစ်ခုသတိထားရမှာကတော့ မနက် အိပ်ရာထတဲ့အခါ တူညီတဲ့အချိန်တစ်ခုထဲမှာ နေ့စဉ်ရက်ဆက်နိုးထပေးရမှာဖြစ်ပါတယ်။ ပထမတစ်ရက်မှာတော့ မနက်အစောကြီးထပြီး နောက်ရက်တွေကျရင် နေ့လည်ခင်းမှ ထတဲ့အခါ သင့်ရဲ့ အိပ်ချိန်စက်ဝန်း မမှန်ကန်တော့ဘဲ ကြာလာတဲ့အခါ ညဘက်မှာလည်း အိပ်စက်ဖို့ ခက်ခဲသွားပါလိမ့်မယ်။
သဘာဝနဲ့ လက်ပွန်းတနီး နီးစပ်အောင် နေထိုင်ပါ
မနက်ခင်း နေရောင်ခြည်လေးသည် သင့်ရဲ့စိတ်ကို တက်ကြွလန်းဆန်းစေအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ ဒါ့အပြင် နေရောင်ခြည်မှ ရရှိတဲ့ ဗီတာမင်ဒီဓာတ်သည် အရိုးအဆစ်များကို သန်မာစေရုံသာမကဘဲ စိတ်ပိုင်းဆိုင်ရာအတွက်လည်း အထောက်အပံ့ကောင်းတစ်ခုဖြစ်စေပါတယ်။ ဒါ့ကြောင့် မနက် အိပ်ရာနိုးလာတာနဲ့ ဖုန်းသုံးပြီး အိပ်ရာထဲမှသာ အချိန်ကုန်နေမယ့်အစား နေပူဆာလှုံ့ကာ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတစ်မျိုးမျိုး ပြုလုပ်ပေးလိုက်ပါ။
ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ အလေ့အကျင့်များကို ဖျောက်ဖျက်ပါ
ဆေးလိပ် သောက်သုံးခြင်း၊ အရက် အလွန်အကျွံ သောက်သုံးခြင်း၊ ညနက်သန်းခေါင်အထိ မအိပ်စက်ဘဲ တစ်ညလုံး ဖုန်းသုံးခြင်း အစရှိတဲ့ အပြုအမူများသည် ကျန်းမာရေးကို ထိခိုက်စေတဲ့ အရာတွေပဲဖြစ်ပါတယ်။ ယောကျာ်းလေးတစ်ယောက်အတွက် ဝီစကီ၊ ဘီယာတို့သည် ဆေးဖြစ်ဝါးဖြစ် မှီဝဲခြင်းသည် ထူးဆန်းတဲ့အရာတော့မဟုတ်ပါဘူး။ ဘော်ဒါတွေနဲ့ ဆုံတွေ့တဲ့အခါ တစ်ခွက်တစ်ဖလား ချမယ်၊ TGIF လုပ်ရင်း တစ်ပတ်တာလုံး ပင်ပန်းသမျှတွေကို ဝီစကီနဲ့ နတ်စည်းစိမ်ခံစားကာ စိတ်ဖိစီးစရာများကို ဖယ်ရှားမယ် စတဲ့အရာတွေသည် သာမန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုပါပဲ။ သို့သော် တန်ဆေးလွန်ဘေးဆိုတဲ့စကားအတိုင်းပဲ တစ်နေ့ကို ဆေးလိပ်တစ်ဘူးလုံး ကုန်အောင် သောက်မယ်၊ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအစာတွေတော့ မစားဘဲ ဘီယာ၊ ဝီစကီတွေပဲ ထိုင်သောက်နေမယ်ဆိုရင်တော့ ကြာရင် ခန္ဓာကိုယ်ကျန်းမာရေးရော စိတ်ကျန်းမာရေးပါ ထိလာပါလိမ့်မယ်။
ခင်မင်ရင်းနှီးသူများထံ ရင်ဖွင့်ပါ
ကွီးတို့ရဲ့ စိတ်ကျန်းမာရေး မြှင့်တင်ဖို့ရန်အတွက် အထက်ဖော်ပြပါ နေ့စဉ်အမူအကျင့် များကို အနည်းငယ် ပြောင်းလဲပေးရုံမျှဖြင့် ထူးခြားသိသာတဲ့ရလာဒ်ကို ခံစားရမှာဖြစ်ပါတယ်။ တကယ်လို့ စိတ်ထဲမှာ တစ်စုံတစ်ရာကို မတင်မကျ ခံစားနေရတယ်ဆိုရင်တော့ ကိုယ်နဲ့ ခင်မင်ရင်းနှီးပြီး ယုံကြည်ရတဲ့သူထံမှာ ရင်ဖွင့်နိုင်ပါတယ်။ ဒီလိုရင်ဖွင့်လိုက်မယ်ဆိုရင် ခံစားနေရတဲ့ စိတ်ညစ်စရာများ တစ်ဝက်ခန့် လျော့ပါးသက်သာသွားမှာပဲဖြစ်ပါတယ်။
Source: Theconversation
Featured Image: Monsenso