အက်စတွန်ဗီလာ အသင်းဟာ စပိန်ဘီလူးကြီးတွေနဲ့ ဆွေးနွေးခဲ့ပြီးနောက် ကွင်းလယ်ကစားသမား ကော်တင်ဟို ကို ပြောင်းရွှေ့ကြေး ထက်ဝက်နဲ့ သဘောတူညီမှု ရရှိလိမ့်မယ်လို့ အပြည့်အဝ ယုံကြည်နေပါတယ်။

အဆိုပါ အသက် ၂၉ နှစ်အရွယ် ကစားသမားဟာ ဘာစီလိုနာအသင်းကနေ အငှားနဲ့ ဇန်နဝါရီလက ပြောင်းရွှေ့လာပြီးတည်းက သွင်းဂိုး ၄ ဂိုး ဂိုးဖန်တီးမှု ၃ ကြိမ်ပြုလုပ်ထားပြီးနောက် ၎င်းကစားသမားအား အက်စတွန်ဗီလာနည်းပြဖြစ်သူ စတီဗင်ဂျာရက်က အပြီးသတ်ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။

Photo : Daily Express

စပိန်ကလပ် ဘာစီလိုနာအသင်းနဲ့ ၎င်းတို့ရဲ့ ကနဦးသဘောတူညီချက်အရ ရာသီကုန်မှာ ပေါင် ၃၃ သန်းနဲ့ ဝယ်ယူဖို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

အက်စတွန်ဗီလာ အသင်းကတော့ ပေါင် ၁၂ သန်းနဲ့ ကနဦးကမ်းလှမ်းမှု ပြုလုပ်ထားပြီး ပြောင်းရွှေ့ကြေးအတွက် သဘောတူညီမှု မရရှိသေးဘဲ ကလပ် အသင်း ၂ သင်းကြားမှာ ဆွေးနွေညှိနှိုင်းမှုတွေ ပြုလုပ်နေဆဲ ဖြစ်ပါတယ်။ စပိန်သတင်းတွေအရတော့ ဘာစီလိုနာအသင်းဟာ ပေါင် ၁၂.၉ သန်းလောက်နဲ့ ရောင်းချဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

ငွေကြေးဆိုင်ရာ အခက်အခဲနဲ့ ရင်ဆိုင်နေရတဲ့ ဘာစီလိုနာအသင်းဟာ ဘရာဇီးလ်သားရဲ့ မြင့်မားတဲ့ လစာပမဏကို လျော့ချပေးချေဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။ ကာတာလန်တွေဟာ ယခုရာသီအပြောင်းအရွှေ့ဈေးကွက်မှာ ကစားသမားသစ်ခေါ်ယူနိုင်ဖို့ လစာမြင့်တဲ့ ကစားသမားအချို့ကို ဖယ်ရှားဖို့ လိုအပ်နေတာလည်း ဖြစ်ပါတယ်။

၎င်းတို့ဟာ ဒေါ့မွန်အသင်းကနေ မန်ချက်စတာ စီးတီးအသင်းနဲ့ သဘောတူညီမှုရရှိထားတဲ့ ဟာလန်းကို စိတ်ဝင်စားနေသလို ဘိုင်ယန်မြူးနစ်အသင်း ကစားသမား လီဝန်ဒေ့ါစကီးကိုလည်း ခေါ်ယူဖို့ စောင့်ကြည့်နေတာ ဖြစ်ပါတယ်။

အက်စတွန်ဗီလာ အသင်းကတော့ ပြောင်းရွှေ့ကြေး တဝက်နဲ့ သဘောတူညီမှုရခဲ့မယ်ဆိုရင်တောင် ၎င်းကစားသမားရဲ့ များပြားလှတဲ့ လုပ်ခလစာ တောင်းဆိုမှုတွေနဲ့ ပက်သက်ပြီး အလျှော့အတင်း ညှိနှိုင်းမှုတွေ ဆက်လက်လုပ်ရဦးမှာပဲ ဖြစ်ပါတယ်။

မကြာသေးမီ ရက်သတ္တပတ်အတွင်း ခြေစွမ်းပိုမိုကောင်းလာနေတဲ့ ကော်တင်ဟို ကို အာဆင်နယ်နဲ့ နယူးကာဆယ်အသင်းတို့က ချိတ်ဆက်ခဲ့ပေမယ့်လည်း ဗီလာနဲ့ ဂျာရက်ကတော့ ၎င်းကွင်းလယ်ကစားသမားကို သူတို့အသင်းရဲ့ အစီအစဉ်တွေမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ရမှာဖြစ်ကြောင်း စည်းရုန်း ကြိုးပမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

Photo : iNews

ဂျာရက်ဟာ အင်တာမီလန်ကြယ်ပွင့်ဟောင်းနဲ့ အတူ အန်ဖီးလ်မှာ ကစားခဲ့ဖူးပြီးနောက် နူးကမ့်ကို ပြောင်းရွှေ့ကြေး ပေါင် ၁၀၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ အဲဒီအပြောင်းအရွှေ့ဟာ လက်ရှိအချိန်အထိ တတိယမြောက် ကြေးအမြင့်ဆုံး ဖြစ်နေဆဲဖြစ်ပေမယ့် လာလီဂါအသင်းအတွက်တော့ ခြေစွမ်းပြနိုင်ခြင်း မရှိခဲ့ပါဘူး။

အက်စတွန်ဗီလာနည်းပြကတော့ ယခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ ကြီးမားတဲ့ အပြောင်းအလဲတွေပြုလုပ်ဖို့ ဗီလာအသင်းပိုင်ရှင် ဘီလျံနာသူဋ္ဌေးတွေဆီကနေ အထောက်အပံ့ကောင်းတွေ ရရှိဦးမှာလည်း ဖြစ်ပါတယ်။

Featured Photo : Daily Mail