တစ်လတစ်လ ကိုယ်ရှာတဲ့ ဝင်ငွေက အဖက်မတင် ဖြစ်နေလို့ စိတ်ညစ်နေရပြီလား။ ငွေစုတယ်ဆိုတာ ပြောတော့လွယ်ပေမယ့် တကယ်အကောင်အထည်ဖော်ဖြစ်ဖို့ ခက်ခဲပါတယ်။ လက်ထဲပိုက်ဆံမြင်နေရချိန်မှာ ငွေထွက်ပေါက်တွေ ကုန်စရာတွေက ပိုများနေတက်သလို ငွေသုံးနေချိန်မှာလည်း အထိန်းအကွပ် အကန့်အသတ် မရှိရင် သုံးကောင်းကောင်းနဲ့ သုံးလို့သုံးမှန်းမသိ ကုန်သွားတာမျိုး ဖြစ်တက်ပါတယ်။ ကွီးတို့အနေနဲ့ ကိုယ့်ရဲ့ တစ်လစာ ဝင်ငွေကို စည်းစနစ်တကျ သုံးစွဲတက်ဖို့နဲ့ စုမိဆောင်းမိ အဖက်တင်စေဖို့ လိုက်နာရမယ့် အလေ့အကျင့်တချို့ကို မျှဝေပေးချင်ပါတယ်။

(၁) အသုံးအစွဲကို စိစစ်ပါ


Photo : Pexels

ငွေစုဖြစ်ဖို့အတွက် အရေးကြီးဆုံး အချက်တစ်ခုကတော့ ငွေထွက်ပေါက်တွေ လိုက်ပိတ်ဖို့ပါပဲ။ လစဉ် ကိုယ့်ရဲ့ဝင်ငွေကို သေချာတွက်ချက် စိစစ်ပြီး အသုံးစရိတ်အတွက် ခွဲတမ်းချထားပါ။ နောက်တစ်ခုက နေ့တိုင်း ကိုယ်သုံးဖြစ်တဲ့ အသုံးစရိတ်ကို မှတ်သားထားဖို့လည်း လိုပါတယ်။ အသုံးစရိတ်ကို သေချာစာရင်းဇယားနဲ့ မှတ်ထားတာက ဝင်ငွေထွက်ငွေ မမျှတဲ့ ပြဿနာကို အကောင်းဆုံး ထိန်းချုပ်နိုင်မှာဖြစ်သလို ငွေအသုံးမလွန်အောင်လည်း ကူညီပေးနိုင်ပါတယ်။

(၂) အသေးသုံးလေးတွေကို ဂရုစိုက်ပါ


Photo : Unsplash

ကြီးကြီးမားမား ငွေကုန်စရာတွေက ပိုက်ဆံအိတ်ကို သိသိသာသာ ပါးသွားစေတာကြောင့် သတိထားမိကြပေမယ့် တရိတ်ရိတ်နဲ့ ငွေကုန်စေတဲ့ အသေးအမွှား အသုံးစရိတ်လေးတွေကိုတော့ မေ့ထားတက်ပါတယ်။ တကယ်တော့ ၅၀၀ ၊ ၁၀၀၀ ဆိုတဲ့ အသေးစား အသုံးစရိတ်လေးတွေက လက်တလောမှာ မသိသာပေမယ့် တစ်ပတ်စာ စာရင်းပြန်လုပ်ကြည့်ချိန်မှာ ထင်မထားလောက်အောင် ငွေပမဏ များများသုံးမိထားတာကို အံ့ဩဖွယ် တွေ့မြင်ရပါလိမ့်မယ်။ ဒီလိုအသေးစား အသုံးစရိတ်လေးတွေကို မထိန်းချုပ်နိုင်ရင် ငွေစုဖို့ဆိုတာလည်း မဖြစ်နိုင်ပါဘူး။

(၃) လိုအပ်တာကို ဦးစားပေးဝယ်ပါ


Photo : VistaCreate

လစဉ် တစ်ကိုယ်ရေတစ်ကာရအတွက် ကုန်ကျစရိတ်တွေ ရှိပါတယ်။ တစ်ခုရှိတာက ငွေသုံးတော့မယ်ဆိုရင် စိတ်ခံစားမှုနောက် မလိုက်မိဖို့ပါပဲ။ ကိုယ့်အတွက် ဒီလမှာ အမှန်တကယ်အသုံးလိုတဲ့ အရာတစ်ခုခု ဝယ်ဖို့လိုတယ်ဆိုရင် သေချာပေါက် ဝယ်ကိုဝယ်ရပါမယ်။ တစ်ခါတစ်လေမှာ ကိုယ့်အတွက် မရှိမဖြစ်လိုအပ်တဲ့အရာတွေ မဟုတ်ဘဲ စိတ်အလိုအရ လိုချင်တာမျိုးတွေအတွက် ငွေသုံးမိတက်ပါတယ်။ ဒီလို အလေ့ အကျင့်မျိုးကိုတော့ အထူးရှောင်ကြဉ်ပါ။ ကိုယ့်အတွက် အမှန်တကယ်လိုအပ်တဲ့ အရာတွေအတွက်ပဲ ဦးစားပေးပြီး ငွေသုံးဖို့ အကြံပြုချင်ပါတယ်။

(၄) ကိုယ့်ကိုယ်ကို Challenge လုပ်ပါ

Photo : How Money Walks

ဒီလမှာ ငွေပမာဏတစ်ခု သတ်မှတ်ပြီး ဒီလောက်နဲ့ပဲ လောက်ငှအောင်သုံးမယ်ဆိုတဲ့ စိန်ခေါ်မှုမျိုး လုပ်ကြည့်ပါ။ ဘော်ဒါတွေနဲ့ ဘီယာဆိုင် ၃ ခါထိုင်မယ့်နေရာမှာ တစ်ခါပဲ ထိုင်တာ ၊ အပြင်စာတွေ ဝယ်မစားပဲ အိမ်မှာကိုယ်တိုင် အရသာရှိရှိ လတ်လတ်ဆတ်ဆတ် ချက်ပြုတ်စားတာ ၊ Taxi စီးမယ့်နေရာမှာ ဘက်စ်ကားနဲ့ပဲ ရအောင်သွးလာတာ စသည်ဖြင့် မလိုအပ်ပဲ ငွေမသုံးမိအောင် အတက်နိုင်ဆုံး ထိန်းချုပ်ကန့်သတ်ပြီး ကိုယ့်ကိုယ်ကို Challenge လုပ်တာဟာ ငွေစုဖြစ်စေဖို့ များစွာအထောက်အပံ့ ဖြစ်စေပါလိမ့်မယ်။

Featured Photo : Pexels