ကွီးတို့ရဲ့ တစ်နေ့တာစတင်တဲ့ ပုံစံက အဲ့ဒီတစ်နေ့တာလုံးအတွက် အဆုံးအဖြတ် ပေးနိုင်တယ်ဆိုတာ သိပါသလား။ မြင်သာအောင် ပြောရရင် မနက်ခင်းကို အပျက်သဘောဆောင်တဲ့ အတွေး သို့မဟုတ် အပြုအမူ တစ်ခုခုနဲ့ စတင်မိမယ်ဆိုရင် ဖြတ်သန်းရမယ့် တစ်နေ့တာလုံးအတွက် မကောင်းတဲ့ စိတ်ခံစားချက်တွေနဲ့ ဘာလုပ်လုပ်အဆင်မပြေ ဖြစ်နိုင်ခြေ များပါတယ်။ တစ်ဖက်က ပြန်ကြည့်ရင်တော့ မနက်ခင်းကို ကျန်းမာပြီး ကောင်းမွန်တဲ့ အလေ့အထတွေ နဲ့ စတင်မယ်ဆိုရင်တော့ တစ်နေ့တာလုံးမှာ စိတ်ရောကိုယ်ပါ တက်ကြွရွှင်လန်းပြီး အောင်မြင်ပျော်ရွှင်တဲ့ တစ်နေ့တာကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ အလားတူပါပဲ ကွီးတို့ရဲ့ မနက်ခင်း အလေ့အကျင့် လုပ်ရိုးလုပ်စဉ်တွေဟာ ကွီးတို့ရဲ့ ကိုယ်အလေးချိန်ကို အဆုံးအဖြတ်ပေးနိုင်တဲ့ အချက်တစ်ခုတောင် ဖြစ်နိုင်ပါတယ်။ အခုပြောပြမယ့် မနက်ခင်း အလေ့အကျင့် တွေကတော့ ဝိတ်မတက်အောင် ကွီးတို့ရဲ့ ကိုယ်အလေးချိန် ကို ထိန်းညှိရာမှာ အထောက်အပံ့ ဖြစ်စေမှာဘဲ ဖြစ်ပါတယ်။
(၁) ပရိုတင်းဓာတ်များများပါတဲ့ မနက်စာစားပါ
Photo : Somerset Live
မနက်စာ မစားဘဲနေတာက ကိုယ်အလေးချိန်တက်ခြင်းနဲ့ ဆက်စပ်နေသလို စားလိုက်တဲ့ အစားအစာ အမျိုးအစားကလည်း သက်ရောက်မှု ရှိပါတယ်။ ပရိုတင်းဓာတ်နဲ့ အမျှင်ဓာတ် ကြွယ်ဝတဲ့ အစားအစာတွေက နာရီပေါင်းများစွာ စိတ်ကျေနပ်မှုရစေပြီး ဆာလောင်မွတ်သိပ်မှု ဒဏ်ကို ကြာကြာ ခံနိုင်စွမ်းရှိပါတယ်။ ကြက်သား ၊ ဥအမျိုးမျိုး နဲ့ ပရိုတင်းပေါင်ဒါ ကဲ့သို့ ပရိုတင်းဓာတ် မြင့်မားတဲ့ အစားအစာတွေ ၊ ဂျုံပေါင်မုန့် ၊ အုတ် နဲ့ စီရီယယ် တို့လို ပရိုတင်းနဲ့ တွဲစားနိုင်မယ့် Low-Glycemic ကာဘိုဟိုက်ထရိတ် အစားအစာတွေနဲ့ လတ်ဆတ်တဲ့ သစ်သီးနဲ့ ဟင်းသီး ဟင်းရွက်တွေကို ဦးစားပေး စားသုံးပေးသင့်ပါတယ်။
(၂) အသေးစား ကိုယ်လက်လှုပ်ရှားမှု တချို့လုပ်ပါ
Photo : MedicineNet
မနက်ခင်းမှာ လေ့ကျင့်ခန်း လုပ်ဖို့ တော်ရုံဇွဲရှိရုံနဲ့ မဖြစ်နိုင်ပေမယ့် မနက်ခင်း လေ့ကျင့်ခန်းလုပ် တာလောက် အကျိုးရှိတာလည်း မရှိပါဘူး။ ကိုယ်လက်လှုပ်ရှားမှုမရှိတဲ့ နေထိုင်မှုပုံစံဟာ ကိုယ်အလေးချိန်တိုးခြင်းနဲ့ အဝလွန်ခြင်းတွေကို ဖြစ်စေတဲ့ အဓိကအကြောင်းအရင်းတစ်ရပ် ဖြစ်ပါတယ်။ လေ့လာမှုတွေအရလည်း မနက်ခင်း လေ့ကျင့်ခန်းလုပ်တာက ညနေပိုင်း လေ့ကျင့်ခန်းလုပ်တာထက် စိတ်ပိုင်းဆိုင်ရာ ခံစားမှုကို ပိုကောင်းစေတယ်လို့ ဆိုပါတယ်။ အချိန်ကြာကြာနဲ့ အပြင်းအထန် လုပ်ရမယ့် အားကစားနည်းတွေ ရွေးဖို့မလိုပါဘူး။ တစ်ရက်ကို ၁၅ မိနစ် ကနေ မိနစ် ၃၀ ခန့်လောက်နဲ့ ပေါ့ပါ့ပါးပါး ကိုယ်လက်လှုပ်ရှားမှုတစ်ချို့ လုပ်ပေးရင်ဘဲ ကိုယ်အလေးအချိန်ကို အတော်သင့် ထိန်းညှိပေးနိုင်ပါလိမ့်မယ်။
(၃) နေရောင်ခြည် ထိတွေ့ပါ
Photo : Pexels
ကိုယ်အလေးချိန် ထိန်းညှိပေးနိုင်ဖို့ .လေ့ကျင့်ခန်း လုပ်ဖို့လိုသလို မနက်ခင်းမှာ နေရောင်ခြည်နဲ့ ထိတွေ့ပေးဖို့ကလည်း အရေးကြီးပါတယ်။ လေ့လာမှုတစ်ခုအရ မနက်ခင်း နေရောင်ခြည်နဲ့ ၄၅ မိနစ်ခန့် ထိတွေ့ပေးတာဟာ ခန္ဓာကိုယ်အဆီတွေကို လျော့ကျစေပြီး အဝလွန်နေသူတွေအတွက် အစာစားချင်စိတ်ကို လျော့ကျစေနိုင်တယ်လို့ ဆိုပါတယ်။ နေရောင်ခြည်ဟာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင် D ဓာတ်ကို ထောက်ပံ့ ပေးနိုင်ပါတယ်။ ခန္ဓာကိုယ်မှာ ဗီတာမင် D ဓာတ် အလုံအလောက် မရရှိတာကလည်း အဆီစုခြင်းကို ဖြစ်စေပြီး ကိုယ်အလေးချိန်တက်စေတယ်လို့ သုတေသီတွေက ဆိုထားပါတယ်။
(၄) စိတ်ဖိစီးမှုတွေကို လျှော့ချပါ
Photo : Harvard Health
Stress က ကျွန်တော်တို့အတွက် ဆိုးရွားတဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေ ဖြစ်စေတယ်ဆိုတာ ငြင်းဆိုစရာမရှိပါဘူး။ ကိုယ်အလေးချိန်ဟာ စိတ်ဖိစီးမှုနဲ့ ဆက်စပ်နေပြီး အထူးသဖြင့် အလုပ်နဲ့ပတ်သက်တဲ့ ဖိအားတွေက ကိုယ်အလေးချိန်ကို တိုးလာစေနိုင်တာပဲ ဖြစ်ပါတယ်။ စိတ်ဖိစီးမှုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်မယ့် နည်းလမ်းများစွာရှိတဲ့အထဲကမှ အလွယ်အကူ အရိုးရှင်းဆုံးနည်းလမ်းကတော့ ၅ မိနစ်ခန့်သာ ကြာနိုင်ပါတယ်။ အဲ့ဒါကတော့ တရားထိုင်ခြင်း ဖြစ်ပါတယ်။ နေ့စဉ်ပုံမှန် မနက်ခင်းမှာ ၅ မိနစ် လောက် တရားထိုင်တာက မိုးပျံပူဖောင်းတစ်လုံးလို လွင့်မျော ပြေးလွှားနေတဲ့ စိတ်အခြေအနေကို အကောင်းဆုံး ငြိမ်သက်အေးချမ်းစေပြီး အတွေးတွေနဲ့ ဖိအားတွေကို အကောင်းမွန်ဆုံး ကိုယ်တွယ်ထိန်းချုပ်လာနိုင်မှာ ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ တစ်နေ့တာ လုပ်ငန်းဆောင်တာတွေ မစတင်ခင်မှာ Green Tea တစ်ခွက် သောက်ပေးတာက စိတ်ကို ကြည်လင်စေပြီး တစ်နေ့တာကို တက်တက်ကြွကြွနဲ့ စတင်ဖို့ ခွန်အားတွေရစေမှာ ဖြစ်ပါတယ်။
(၅) မနက်တိုင်း ဝိတ်ချိန်ပါ
Photo : The Garden of Eating Diet
မနက်ခင်းတိုင်း ဝိတ်ချိန်လေ့ရှိသူတွေဟာ ဝိတ် မချိန်သူတွေထက် ၃ ဆခန့် ကိုယ်အလေးချိန် ပိုကျစေတယ်လို့ ဆိုပါတယ်။ အိပ်ရာထပြီး လန်းလန်းဆန်းဆန်း ဖြစ်သွားတာနဲ့ တစ်ပြိုင်နက် ဝိတ်ချိန်တာ အကောင်းဆုံး ဖြစ်ပါတယ်။ ဝိတ်ချိန်တာက တစ်နေ့တာမှာ ကိုယ်အလေးချိန်တိုးစေမယ့် အလေ့အထအမှားတွေကို ပိုမိုရှောင်ဖြစ်သွားစေပြီး ကိုယ့်ကိုယ်ကို ပိုဂရုစိုက်ဖြစ်စေတယ်လို့ လေ့လာသူတွေက ဆိုထားပါတယ်။
Featured Photo : GQ España