ရေသောက်မယ်ဆိုရင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အပူချိန် ဖြစ်ဖို့လည်း လိုပါတယ်။ ကျန်းမာရေးနဲ့ အညီညွတ်ဆုံး သောက်ရေဟာ မပူလွန်း မအေးလွန်းတဲ့ ရိုးရိုးအပူချိန်ရှိတဲ့ ရေဖြစ်ဖို့ လိုပါတယ်။ သာမန်ရေရိုးရိုးရဲ့ အပူချိန်ဟာ ၃၆ ဒီဂရီ ဆဲလ်စီးယပ်စ်ကနေ ၄၀ ဒီဂရီ ဆဲလ်စီးယပ်စ်အတွင်း ရှိသင့်တယ်လို့ ဆိုပါတယ်။ ဒီအပူချိန်ဟာ လူရဲ့ ကိုယ်အပူချိန်ထက် နည်းနည်း ပိုနွေးနေပါတယ်။ မြန်မာလိုဆို ရေကြက်သီးနွေး လို့ ဆိုနိုင်မှာပါ။ လွယ်လွယ်ပြောရရင် ရေခဲရေမဟုတ်တဲ့ ခပ်နွေးနွေး ရိုးရိုးရေပါပဲ။ ရေရိုးရိုး သောက်ပေးခြင်းအားဖြင့် ရနိုင်မယ့် အကျိုးကျေးဇူး တွေ အများကြီး ရှိပါတယ်။
(၁) အစာကြေတယ် ၊ အူကျန်းမာရေး ကောင်းတယ်
Photo : Pexels
ရေကြက်သီးနွေးသောက်ပေးတာဟာ ကိုယ်တွင်း အဆိပ်အတောက်တွေ ရှင်းပေးနိုင်သလို အစာချေစနစ်ကိုပါ ပိုပြီး ကောင်းမွန်စေပါတယ်။ သီအိုရီတွေအရလည်း ရေကြက်သီးနွေးသောက်တာဟာ အစာချေရခက်တဲ့ အစားအသောက်တွေကို ကျေညက်လွယ်စေတယ်လို့ ဆိုပါတယ်။ နောက်ထပ် လေ့လာမှုတစ်ခုအရလည်း ရေကြက်သီးနွေး သောက်တာဟာ ဝမ်းချုပ်တာကိုလည်း သက်သာစေတာကြောင့် အူလမ်းကြောင်း ကျန်းမာရေးကို အားပေးရာရောက်တယ်လို့ ဖော်ပြထားပါတယ်။
(၂) နှာစေး နှာပိတ် သက်သာစေတယ်
Photo : Pexels
အအေးမိလို့ နှာပိတ်နေသူတွေဟာ ရေကြက်သီးနွေးကို မကြာခဏ သောက်ပေးတာ ၊ ရေခွက်ထဲ နှာခေါင်းနှစ်ပြီး ရှုသွင်းတာတွေ လုပ်ကြည့်သင့်ပါတယ်။ ရေနွေးနွေး သောက်ပေးတာဟာ အသက်ရှုလမ်းကြောင်း ပွင့်ပြီး လည်ချောင်းနာတာ သက်သာစေနိုင်ပါတယ်။
(၃) ဝိတ်ချရာမှာ အထောက်အကူ ဖြစ်တယ်
Photo : Pexels
ဝိတ်ကျချင်သူတွေအတွက်လည်း ရေကြက်သီးနွေးကို ဆေးတစ်လက်လို အသုံးပြုနိုင်ပါတယ်။ တချို့သူတွေဟာ ဝိတ်ချဖို့အတွက် မနက်စောစော အစာမစားခင်မှာ ရေခပ်နွေးနွေးထဲ သံပရာသီးညှစ်ပြီး သောက်ခြင်းအားဖြင့် ဇီဝကမ္မဖြစ်စဉ် ပိုကောင်းလာပြီး ဝိတ်ကျမြန်စေတယ်လို့ ယုံကြည်ကြပါတယ်။
(၄) စိတ်လက်ပေါ့ပါး ကြည်လင်စေတယ်
Photo : Pexels
ရေဓါတ်ခမ်းခြောက်ခြင်း Dehydration ဖြစ်လာရင် အာရုံကြောစနစ်ကို ထိခိုက်လာစေပြီး စိတ်ခံစားချက်နဲ့ မှတ်သိမှု လုပ်ဆောင်ချက်ကို ယုတ်လျော့လာစေနိုင်ပါတယ်။ ဒီလို အချိန်မှာ ရေအေးအေးပဲ သောက်သောက် ရေနွေးနွေးပဲ သောက်သောက် ရေဓါတ်ဖြည့်တင်းပေးခြင်းအားဖြင့် အာရုံကြောစနစ်ကို ပုံမှန်အတိုင်း ပြန်ဖြစ်အောင် ထိန်းညှိပေးနိင်မှာ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်က ထုတ်ဝေတဲ့ သုတေသနရလဒ်တစ်ခုအရ ရေများများ သောက်သုံးခြင်းဟာ လူရဲ့ စဉ်းစားမှုကို ပိုကောင်းမွန်လာစေပြီး စိုးရိမ်ကြောင့်ကြစိတ်ကို လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။
(၅) သွေးလည်ပတ်မှု ပိုကောင်းစေတယ်
Photo : Pexels
ဟန်ချက်မျှတဲ့ သွေးစီးဆင်းမှုဟာ နှလုံးကျန်းမာရေးကနေ စိတ်ခံစားချက်အထိ လူရဲ့ ဇီဝဗေဒဆိုင်ရာ လုပ်ဆောင်ချက်တိုင်းမှာ သိပ်အရေးပါပါတယ်။ သွေးလည်ပတ်မှု ကောင်းဖို့ဆို ရေခပ်နွေးနွေး ချိုးပေးတာက သွေးကြောတွေ ပိုကျယ်စေပြီး သွေးလည်ပတ်မှု ပိုကောင်းစေတယ်လို့လည်း ပြောကြပါတယ်။ အလားတူပဲ ရေခပ်နွေးနွေး သောက်ပေးခြင်းအားဖြင့် သွေးကြောတွေ ပိုကျယ်လာပြီး သွေးလည်ပတ်မှု ပိုမိုကောင်းမွန်စေတယ်လို့ လက်ခံထားကြပါတယ်။
Featured Photo : house of diagnostics