ပန်းသီး ရှာလကာရည် ကို လွန်ခဲ့တဲ့ရာစုနှစ် များစွာကတည်းက ကျန်းမာရေးအတွက်အကျိုးပြုတဲ့ သဘာဝဆေးစွမ်းကောင်း တစ်လက်အဖြစ် အသုံးပြုခဲ့ကြပါတယ်။ ပန်းသီး ရှာလကာရည် နဲ့ ပျားရည်ကို ရောစပ်သောက်ခြင်းဖြင့် ကိုယ်ခံအားစနစ် ကောင်းမွန်စေခြင်း ၊ ကိုယ်အလေး ချိန်ကျဆင်းစေခြင်း ၊ သွေးတွင်းသကြားဓာတ် ထိန်းညှိပေးခြင်း ၊ အစာခြေစနစ်ကောင်းမွန်စေခြင်း ၊ ဓာတ်မတည့်ခြင်းနဲ့ ရောင်ရမ်းမှုတွေကို သက် သာစေခြင်း စတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ များစွာရစေပါတယ်။ ဒါတင်မကသေးပါဘူး ပန်းသီး ရှာလကာရည်ကို အိမ်သုံးသန့်စင်ဆေးအဖြစ်လည်း အသုံးပြုနိုင်ပါတယ်။

Photo : Real Food Real Deals

ဒါကြောင့် အိမ်တိုင်းအိမ်တိုင်း အနည်းဆုံး ပန်းသီး ရှာလကာရည်တစ်ပုလင်းတော့ ဆောင်ထားသင့်ပါတယ်။ လက်ရှိ ဈေးကွက်ထဲမှာ ပန်းသီး ရှာလကာရည်ကို လွယ်လွယ်ကူကူ ဝယ်ယူလို့ ရပေမယ့် ကွီးတို့ အိမ်မှာပဲ လတ်လတ်ဆတ်ဆတ်နဲ့ ကုန်ကျစရိတ်သက်သာတဲ့ ပန်းသီး ရှာလကာရည်တစ်ပုလင်း ကိုယ်တိုင်အလွယ်တကူ ပြုလုပ်နိုင်ပါတယ်။ ကဲဒါဆို ကွီးတို့အိမ်မှာ ကိုယ်တိုင်အလွယ်ကူဆုံး ပြုလုပ်နိုင်မယ့် Homemade DIY ပန်းသီးရှာလကာရည် ပြုလုပ်နည်း အဆင့်ဆင့်ကို ကြည့်လိုက်ရအောင်ပါ။

Photo : Real Food Real Deals

Homemade ပန်းသီး ရှာလကာရည် ပြုလုပ်ဖို့အတွက်လိုအပ်တဲ့ ပါဝင်ပစ္စည်းများ

  • ပန်းသီး ၆ လုံး မှ ၈ လုံးခန့်
  • သကြား စားပွဲတင်ဇွန်း ၂ ဇွန်း
  • ရေ

Photo : Real Food Real Deals

ပြုလုပ်နည်း အဆင့်ဆင့်

ပန်းသီး ရှာလကာရည်ပြုလုပ်ဖို့ ဖန်ပုလင်းတစ်လုံး လိုပါတယ်။ ပန်းသီးကို ရေဆေးသန့်စင်ပြီး အခွံနွာလိုက်ပါ။ ပန်းသီးအခွံနဲ့ အူလည်တိုင်ကို ပန်းသီး ရှာလကာရည်ပြုလုပ်ဖို့ အသုံးပြုမှာ ဖြစ်ပါတယ်။ ဖန်ပုလင်းထဲကို ပန်းသီးအခွံ ၊ အူလည်တိုင်နဲ့အတူ သကြားရောထည့်ပါ။ ပြီးရင် ဖန်ပုလင်း အပြည့်ရေဖြည့်ပြီး သကြားများပျော်ဝင်သွားသည်အထိ မွှေပေးပါ။ ဖန်ပုလင်းနှုတ်ခမ်းဝကို သန့်စင်တဲ့ပိတ်ဖြူစ သို့မဟုတ် ကော်ဖီ Filter နဲ့ ဖုံးအုပ်ပြီး ကြိုးနဲ့သေချာလေး ချည်ပေးရပါမယ်။ ဖန်ပုလင်းကို အခန်းအပူချိန်မှာပဲ အနည်းဆုံး ၂ ပတ်ခန့် ထားလိုက်ပါ။ အချိန် ၂ ပတ်ပြည့်ရင် ရလာတဲ့ ပန်းသီးအရည်ကို ဇကာနဲ့ စစ်ထုတ်ပြီး သန့်စင်တဲ့ ဖန်ပုလင်းတစ်လုံးထဲမှာ ပြန်ပြောင်းထည့်ပါ။

ပထမနည်းအတိုင်းပဲ ဖန်ပုလင်းနှုတ်ခမ်းဝကို ပိတ်ဖြူစနဲ့ ပြန်အုပ်ထားပေးရပါမယ်။ ပြီးရင် နောက်ထပ်အချိန် ၄ ပတ်ခန့် ထပ်ထားပြီး သန့်စင်တဲ့ ဇွန်းတစ်ချောင်းနဲ့ နေ့တိုင်း မွှေပေးရပါမယ်။ အချိန် ၄ ပတ်ပြည့်ရင် အနံ့နဲ့အရသာကို မြည်းကြည့်ပါ။ အချဉ်ဓာတ်ရပြီး ရှာလကာရည်အနံ့ ထွက်လာပြီဆိုရင်တော့ Homemade ပန်းသီး ရှာလကာရည် ရပါပြီ။ ပန်းသီး ရှာလကာရည်ကို လေလုံတဲ့ ပုလင်းထဲပြောင်းထည့်ပြီး လိုသလို အသုံးပြုနိုင်ပါတယ်။ တကယ်လို့ အနံ့အရသာ မထွက်ဘူးဆိုရင်တော့ အိမ်သုံးသန့်စင်ဆေးအနေနဲ့ သုံးနိုင်ပါတယ်။

Featured Photo : The Prairie Homestead