အသက်ငယ်ငယ်နဲ့ ရုပ်ရင့်ရတဲ့ အကြောင်းအရင်းတွေ များစွာရှိပါတယ်။ ကျွန်တော်တို့ရဲ့ အသားအရေ နဲ့ ရုပ်ရည်အသွင်အပြင်ဟာ ပုံမှန်ထိန်း သိမ်းမှုမရှိရင် အလွယ်တကူ ပျက်စီးသွားနိုင်ပြီး အိုမင်းရင့်ရော်တဲ့ပုံပေါက်စေပါတယ်။ တစ်ခါတစ်လေမှာ ကွီးတို့ ကိုယ်တိုင်တောင် သတိမထားမိပဲ ကွီးတို့ရဲ့ ရုပ်ရည်ကို ရှိရင်းစွဲအသက်ထက် ပိုပြီးရင့်ရော်တဲ့ပုံပေါက်အောင် လုပ်မိနေတဲ့ အရာတွေအများကြီးရှိပါတယ်။ ဒီလို အကြောင်းအရင်းတွေများစွာထဲကမှ ကွီး တို့ရဲ့ ရှိရင်းစွဲအသက်ထက် အသက်ပိုကြီး တဲ့ပုံပေါက်အောင် အများဆုံး လုပ်နေမိတဲ့ အရာတွေကို ပြောပြပေးချင်ပါတယ်။
(၁) သကြားဓာတ် လွန်ကဲခြင်း

Photo : GQ México
သကြားဓာတ်က ခန္ဓာကိုယ်စွမ်းအင် တည်ဆောက်ရာမှာ မရှိမဖြစ်မလိုအပ်တဲ့ အာဟာရဓာတ်တစ်ခုပါ။ ဒါပေမယ့် ဂလူးကို့စ်နဲ့ Fructose ပမာဏမြင့်မားစွာ စားသုံးမိတဲ့အခါ ကော်လာဂျင်နဲ့ အီလက်စတင် ကိုပျက်စီးစေပြီး အသားအရေရဲ့ သဘာဝအတိုင်း ပြုပြင်ထိန်းသိမ်းမှု လုပ်ငန်းစဉ်ကို အဟန့်အတားဖြစ်စေကာ အသားအရေရဲ့ ကျန်းမာနုပျိုမှုကို လျော့ကျစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သကြားဓာတ်အလွန်အကျွံ စားသုံးခြင်းဟာ ကျန်းမာရေးကို ဆိုးရွာစွာထိခိုက်စေနိုင်ပြီး ဆီးချို ၊ နှလုံးနဲ့ အဝလွန်ခြင်း ကဲ့သို့ နာတာရှည် ရောဂါပြဿနာတွေ ကြုံတွေ့ ခံစားရစေနိုင်ပါတယ်။
(၂) ရေလုံလောက်အောင် မသောက်ခြင်း

Photo : Freepik
ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်ဝနေဖို့ အရေးကြီးပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ တစ်နေ့တာမှာ ရေဓာတ် လုံလုံလောက်လောက် သောက်ဖြစ်ဖို့ကို သတိမေ့နေတက်ပါတယ်။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ရေဓာတ်ပမာဏကို လုံလောက်စွာ မသောက်ဘူးဆိုရင် စွမ်းအင်လျော့ကျ စေပြီး အလွယ်တကူ မောပန်းနွမ်းနယ်စေရုံမက အသားအရေ ခြောက်သွေ့ခြင်း ၊ အစိုဓာတ်လျော့ကျခြင်း ၊ အသားအရေအက်ကွဲခြင်း ၊ အမဲစက်များဖြစ်ပေါ်ခြင်းစတဲ့ အိုမင်းရင့်ရော်မှုဆိုင်ရာ လက္ခဏာ ဖြစ်ပေါ်လာစေနိုင်ပါတယ်။
(၃) စိတ်ဖိစီးမှုများခြင်း

Photo : Unsplash
စိတ်ဖိစီးမှုတွေဟာ ကွီးတို့ကို ရုပ်ကျစေတဲ့ အဓိကအကြောင်းအရင်း တစ်ခုပါပဲ။ စိတ်ဖိစီးမှုတွေအရမ်းများတဲ့အခါ ခန္ဓာကိုယ်မှာ ဟော်မုန်းအပြောင်းအလဲတွေနဲ့အတူ ဝက်ခြံပြဿနာတွေ ဖြစ်ပေါ်လာစေပြီး ကွီးတို့ကို ရှိရင်းစွဲအသက်ထက် ပိုမိုရုပ်ရင့်သွားစေ နိုင်ပါတယ်။ စိတ်ကျရင် ရုပ်ပါကျစေတဲ့ သဘောရှိတာကြောင့် တက်နိုင်သလောက် စိတ်ဖိစီးမှုကင်းအောင် နေထိုင်ဖို့ အကြံပြုချင်ပါတယ်။
(၄) ရုပ်ပိုင်းဆိုင်ရာ ဂရုစိုက်မှုအားနည်းခြင်း
Photo : Eat This, Not That
ခန္ဓာကိုယ်ရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ ပတ်သတ်ပြီး ဂရုစိုက်မှုအားနည်းခြင်းဟာလည်း ကွီးတို့ကို ပိုပြီးအိုမင်းရင့်ရော်တဲ့ အသွင်ကို ဖော်ဆောင်နေတာ ဖြစ်ပါတယ်။ လေ့ကျင့်ခန်း မလုပ်ခြင်း ၊ အသားအရေ ထိန်းသိမ်းမှုမရှိခြင်း ၊ ဆံပင်ပုံစံ မပြောင်းလဲခြင်း ၊ ကျန်းမာရေးအညီ စားသောက်နေထိုင်မှု မရှိခြင်း စတဲ့ အချက်တွေက ကွီးတို့ကို ရှိရင်းစွဲအသက်ထက်ပိုပြီး အသက်ကြီးတဲ့ ပုံပေါက်စေတဲ့ အဓိက တရားခံတွေပဲ ဖြစ်ပါတယ်။
အထက်ပါအချက်တွေအပြင် ဆေးလိပ်သောက်ခြင်း ၊ အရက်အလွန်အကျွံသောက်သုံးခြင်း ၊ နေကာမျက်မှန်မတပ်ခြင်း ၊ နေလောင်ကာခရမ်င်မလိမ်းခြင်း ၊ အဝတ်စားရွေးချယ်မှု မှားယွင်းခြင်း ၊ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးများ မစားခြင်း ၊ ကဖိန်းဓာတ် လွန်ကဲခြင်း ၊ ဒေါသထွက်လွယ်ခြင်း စတဲ့အရာတွေကလည်း ကွီးတို့ကို ရှိရင်းစွဲအသက်ထက် အသက်ပိုကြီး တဲ့ပုံပေါက်စေ အကြောင်းအရင်းတွေပဲ ဖြစ်ပါတယ်။
Featured Photo : Cleveland Clinic Health Essentials

