ကွီး တို့ရဲ့ ကျောက်ကပ် ကျန်းမာရေးသည် အထူးဂရုစိုက်ရမယ့် အရာတစ်ခုဖြစ်ပြီး ကျောက်ကပ်ပျက်စီးစေမယ့် အလေ့အကျင့် ဆိုးများကို ရှောင်ကြဉ်ကာ ကျောက်ကပ်ကို ဂရုစိုက်ရမှာပါ။ ဘာ့ကြောင့်လဲဆိုတော့ ကွီး တို့ရဲ့ ကျောက်ကပ် ပျက်စီးသွားပြီဆိုတာနဲ့ ဘယ်လောက်ကောင်းတဲ့ အလေ့အကျင့် ကောင်းတွေနဲ့ ပြန်လည်ကုသပါစေ အခါနှောင်းသွားနိုင်လို့ပါ။ ဒါ့အပြင် ကျောက်ကပ်ကုသစရိတ်သည်လည်း များလွန်းလှတဲ့အတွက် ဆေးကုသစရိတ်ကြောင့် ဝန်ပိနိုင်လို့ပါပဲ။
ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် ပို၍ထိရောက်မှုရှိသည် ဆိုတဲ့ စကားလေးအတိုင်းပဲ ကွီးတို့ရဲ့ ကျောက်ကပ် ကျန်းမာရေးအတွက် အခုဖော်ပြမယ့် အလေ့အကျင့် ဆိုးများကို ငယ်ရွယ်စဉ်ကတည်းက ရှောင်ကြဉ်သင့်ပါတယ်။
အကိုက်အခဲ ပျောက်ဆေးများ လိုသည်ထက်ပိုပြီး အလွန်အကျွံ သုံးစွဲခြင်း

Photo: Times of India
အကိုက်အခဲ ပျောက်ဆေးများသည် ကွီးတို့ ခံစားရတဲ့ ဝေဒနာကို လျော့ပါးသက်သာစေပေမယ့် ကျောက်ကပ်ကိုတော့ ပျက်စီးစေပါတယ်။ ဒါ့ကြောင့် အကိုက်အခဲပျောက်ဆေးများကို ဆရာဝန်ရဲ့ ညွှန်ကြားချက် မပါဘဲ မိမိသဘောနှင့် အလွန်အကျွံ မှီဝဲခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။
အငန်ဓာတ်များလွန်းသော အစားအစာများ လွန်ကဲစွာ စားသုံးခြင်း

အငန်ဓာတ်များလွန်းတဲ့ အစားအစာများသည် ဆိုဒီယမ်ဓာတ်များတဲ့အတွက်ကြောင့် သွေးတိုးရောဂါကိုလည်း ဖြစ်ပွားစေရုံသာမကဘဲ ကျောက်ကပ်ကိုလည်း ပျက်စီးစေပါတယ်။ ဒါ့ကြောင့် ကွီး တို့ရဲ့ ကျောက်ကပ် ကျန်းမာနေစေချင်တယ်ဆိုရင် အငန်ဓာတ် အလွန်အကျွံ စားသုံးခြင်း အလေ့အကျင့် ဆိုးကို ရှောင်ကြဉ်သင့်ပါတယ်။
ကြာရှည်ခံအောင် ပြုလုပ်ထားသော အစားအစာများ စားသုံးခြင်း

ရယ်ဒီမိတ် စားသုံးလို့ရအောင် ပြုလုပ်ထားတဲ့ ကြာရှည်ခံ အစားအစာများထဲတွင်လည်း ကျောက်ကပ်ပျက်စီးစေတဲ့ ဆိုဒီယမ်နှင့် ဖော့စဖရပ်များ ပါဝင်ပါတယ်။ ထိုဓာတ်များသည် ကွီးတို့ရဲ့ကျောက်ကပ်နှင့် အရိုးကျန်းမာရေးကို ထိခိုက်ပျက်စီးစေတဲ့ အဓိက တရားခံတွေပဲ ဖြစ်ပါတယ်။
ရေ လုံလုံလောက်လောက် မသောက်သုံးခြင်း

ကွီးတို့ရဲ့ ခန္ဓာကိုယ်သည် လုံလောက်တဲ့ ရေဓာတ်ကို ရရှိပါက ကျောက်ကပ်ထဲတွင် စုပုံနေတဲ့ ဆိုဒီယမ်နှင့် အဆိပ်အတောက်များကို ဖယ်ရှားပေးပါတယ်။ ဒါ့ကြောင့် တစ်နေ့လျှင် ရေ ၁ လီတာခွဲ ၂ လီတာခန့် အနည်းဆုံး သောက်သုံးပေးဖို့ လိုအပ်ပါတယ်။
အိပ်ရေး မဝခြင်း

ညစဉ်ညတိုင်းမှာ အိပ်ရေးပျက်ခြင်းသည်လည်း ကွီးတို့ရဲ့ ကျောက်ကပ်ကို ပျက်စီးစေနိုင်တယ်ဆိုတာ သိပြီးပါပြီလား။ ကျောက်ကပ်ရဲ့ လုပ်ငန်းစဉ်သည် ကွီးတို့ရဲ့ အိပ်စက်ချိန်စက်ဝန်းပေါ် မူတည်ပြီး အလုပ်လုပ်နေရတာ ဖြစ်ပါတယ်။ တကယ်လို့ လုံလောက်တဲ့ အိပ်စက်ချိန်မရပါကလည်း ကျောက်ကပ်သည် အလွန်အကျွံ အလုပ်လုပ်ရတဲ့အတွက်ကြောင့် တဖြည်းဖြည်းပျက်စီးယိုယွင်း သွားမှာပဲဖြစ်ပါတယ်။
သကြားဓာတ်လွန်ကဲသော အစားအစာများ အလွန်အမင်း စားသုံးခြင်း
သကြားဓာတ် လွန်ကဲသော အစားအစာများသည် သွေးတိုး၊ ဆီးချိုရောဂါကို ဖြစ်ပွားစေရုံသာမကဘဲ ကျောက်ကပ်ရောဂါတစ်မျိုးပါ ထပ်တိုးလာစေပါတယ်။ ဒါ့ကြောင့် အချိုစာများကိုလည်း အလွန်အကျွံ မစားသင့်ဘဲ ရှောင်သင့်ပါတယ်။
အထိုင်များခြင်း

တစ်နေကုန် အလုပ်စားပွဲမှာပဲ ထိုင်ကာ အလုပ်လုပ်နေရသူများ၊ အညောင်းအညာမိကာ ကိုယ်လက်လှုပ်ရှားမှု နည်းသူများရဲ့ ကျောက်ကပ်ကျန်းမာရေးသည်လည်း စိုးရိမ်ဖွယ်ရာပါပဲ။ ဘာကြောင့်လဲဆိုတော့ အထိုင်အထနည်းရာကနေ ရေသောက်နည်းလာမယ်။ အပေါ့အပါး သွားချိန်တန်ရင်လည်း မသွားဘဲ အောင့်ထားမယ်။ တဖြည်းဖြည်းနဲ့ ကြာလာတဲ့အခါ ကျောက်ကပ်သည် ပျက်စီးယိုယွင်းသွားနိုင်ပါတယ်။
ကျောက်ကပ် ပျက်စီးသွားပြီလို့ သိလိုက်ရတဲ့အခါမှာတော့ အချိန်နှောင်းသွားနိုင်တာမို့လို့ ကွီးတို့ရဲ့ ကျောက်ကပ် မပျက်စီးစေဖို့ရန်အတွက် အခုဖော်ပြသွားတဲ့ အလေ့အကျင့် ဆိုးများကို ရှောင်ကြဉ်နိုင်ဖို့ရန်အတွက် ဝေမျှလိုက်ပါတယ်။
Source: Kidney
Featured Image: Houstonmethodist

