လူတိုင်းအတွက် ခန္ဓာကိုယ် ကျန်းမာရေးသည်လည်း အရေးကြီးသလို အသားအရေ အလှအပသည်လည်း အရေးပါပါတယ်။ ကွီး တို့သည် ကိုယ့်ရဲ့ အသားအရေ ကို ဂရုစိုက်တယ်ဆိုရင် ဘက်စုံ အသုံးဝင်တဲ့ ရှာလကာရည် ကိုသာ သတိရလိုက်ပါ။ ရှာလကာရည်သည် ကွီးတို့ရဲ့ အသားအရေအတွက် သဘာဝက ပေးအပ်ထားတဲ့ လက်ဆောင်မွန်တစ်ခုပဲ ဖြစ်ပါတယ်။
အဖြူရောင် ရှာလကာရည်ပဲဖြစ်ဖြစ်၊ ပန်းသီး ရှာလကာရည်ပဲဖြစ်ဖြစ် နှစ်ခုစလုံးကို အသုံးပြုနိုင်ပါတယ်။ ထိုရှာလကာရည်များသည် အသားအရေရဲ့ pH ပမာဏကို ထိန်းညှိပေးပြီး အသားအရေ ယားယံခြင်း၊ ဝက်ခြံနှင့် အသားအရေ ခြောက်သွေ့ခြင်းတို့ကိုပါ ကာကွယ်ပေးပါတယ်။
ကွီး တို့ရဲ့ အသားအရေ အတွက် ဆဲလ်သစ်များ ပြန်လည်မွေးဖွားပြီး အသားအရေကို ကြည်လင်ချင်တယ်ဆိုရင်တော့ ရှာလကာရည် ကို အခုလိုပဲ အသုံးပြုနိုင်ပါတယ်။
ဝက်ခြံနှင့် အမဲစက်များကြောင့် စိတ်ညစ်နေရတဲ့ ကွီးတို့အတွက်
ရှာလကာရည် စားပွဲတင်ဇွန်း ၂ ဇွန်း၊ ရှားစောင်းလက်ပတ်ဂျယ်လ် စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် ရေအနည်းငယ်တို့ကို စပရေးဘူးထဲထည့်ကာ သမအောင် လှုပ်ခါပေးလိုက်ပါ။ ထို့နောက် ၁ နာရီ၊ ၂ နာရီခြားတစ်ခါ ဝက်ခြံနှင့် အမဲစက်များအပေါ် ဖြန်းပေးလိုက်ပါ။
ထိုစပရေးဘူးထဲမှာပါဝင်တဲ့ ရှာလကာရည်ရဲ့ အက်ဆစ်ဓာတ်သည် ဝက်ခြံနှင့် အမဲစက်များကို ခြောက်သွားစေပြီး ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားများကို ဖယ်ရှားပေးပါတယ်။
မုတ်ဆိတ်မွှေး ရိတ်ရာမှ ဘလိတ်ဓားရှသောအခါ
ရေအနည်းငယ် ရောထားသော ပန်းသီးရှာလကာရည်ကို ဓားရှသော နေရာပေါ်သို့ အနည်းငယ် ပတ်ဖြန်းပေးလိုက်ပါ။ ထို့နောက် သဘာဝလေဖြင့်သာ ခြောက်သွေ့အောင် အအေးခံထားလိုက်ပါ။
တစ်နေ့လျှင် နှစ်ကြိမ်ခန့် အသုံးပြုပေးပါက ဓားရှရာလေး သက်သာသွားမှာပဲဖြစ်ပါတယ်။ ချိုင်းမွှေး ရိတ်ရာမှ ဖြစ်ပေါ်လာတဲ့ ရှရာများကိုလည်း ဒီနည်းလေးကို အသုံးပြုနိုင်ပါတယ်။
ခန္ဓာကိုယ်ရနံ့ဆိုးများကို ဖယ်ရှားချင်တဲ့အခါ
ကွီးတို့ ခန္ဓာကိုယ်က ထွက်ရှိတဲ့ ချွေးနံ့ဆိုးများကြောင့် စိတ်ညစ်နေရတယ်ဆိုရင်တော့ ဒီနည်းလမ်းကို အသုံးပြုလိုက်ပါ။ လိုအပ်မယ့် ပစ္စည်းများကတော့ ပန်းသီးရှာလကာရည် (သို့) အဖြူရောင် ရှာလကာရည် စားပွဲတင်ဇွန်း ၈ ဇွန်းနှင့် ရေ တစ်ပုံးခန့် လိုအပ်ပါလိမ့်မယ်။
ပါဝင်ပစ္စည်းများကို သမအောင် ရောမွှေပြီးတဲ့နောက်မှာတော့ ရေချိုးခါနီးမှာ ထိုရေကို အသုံးပြုပြီး ချိုးပေးနိုင်ပါတယ်။
ကွီး တို့ရဲ့ ခန္ဓာကိုယ် အသားအရေ ပေါ်တွင် ကပ်ငြိနေတဲ့ ဘက်တီးရီးယားများကို ရှာလကာရည် က ဖယ်ရှားပေးကာ ချွေးနံ့ဆိုးများကို ဖယ်ရှားပေးမှာပဲဖြစ်ပါတယ်။
ဗောက်ပြဿနာများ ကြုံတွေ့နေရတဲ့ ကွီးတို့အတွက်
ပန်းကန်လုံးတစ်လုံးထဲတွင် ရေ စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် ပန်းသီးရှာလကာရည် စားပွဲတင်ဇွန်း ၂ ဇွန်းတို့ကို သမအောင် ရောမွှေပေးလိုက်ပါ။ ထို့နောက် ဦးရေပြားပေါ် လောင်းချကာ နှိပ်နယ်ပေးလိုက်ပါ။ ၅ မိနစ်ခန့်ကြာအောင် နှပ်ထားပြီးတဲ့အခါမှာတော့ ကြက်သီးနွေး ရေနွေးဖြင့် ရေဆေးချလိုက်ပါ။
တစ်ပတ်လျှင် ၂ ကြိမ်၊ ၃ ကြိမ်ခန့် ပုံမှန်ပြုလုပ်ပေးတဲ့အခါ ဗောက်များ ပျောက်ကွယ်သွားမှာပဲ ဖြစ်ပါတယ်။
မိမိကြုံတွေ့နေရတဲ့ အသားအရေပြဿနာပေါ် မူတည်ပြီး ကိုယ်နဲ့ ကိုက်ညီမယ့် နည်းလမ်းတစ်ခုခုကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။ ကွီးတို့အနေနဲ့ အပတ်စဉ် ပုံမှန် ပြုလုပ်ပေးသွားမယ်ဆိုရင်တော့ ကိုယ့်ရဲ့ အသားအရေကျန်းမာရေးသည် အကောင်းပကတိအတိုင်း ပြန်လည် လှပလာမှာပဲဖြစ်ပါတယ်။
Featured Image: Thefashionisto