အသားအရေအတွက် အကောင်းဆုံး အိမ်တွင်းဆေးတစ်ခုကို ညွှန်းပါဆိုရင် ပန်းသီးရှာလကာရည်ကို ထိပ်ဆုံးက ညွှန်းရမှာပါ။ ပန်းသီးရှာလကာရည်ဟာ ဝက်ခြံနဲ့ အမဲစက်တွေကို ကုသပေးနိုင်ခြင်း၊ အသားအရေရဲ့ pH ကို ထိန်းညှိပေးခြင်း ၊ အရေပြားအတွင်းပိုင်းက အညစ်အကြေးတွေ ဖယ်ရှားသန့်စင်ပေးခြင်းနဲ့ အသားအရေ နီမြန်းယားယံခြင်းတွေကို ကာကွယ်ကုသပေးခြင်းစတဲ့ အရေပြားဆိုင်ရာ ပြဿနာတွေအတွက် အသုံးပြုနိုင်တဲ့ မှော်ဆေးတစ်လက် ဖြစ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ပတ်ဝန်းကျင် အခြေအနေနဲ့ နေ့စဉ်ထိတွေ့နေရတဲ့ အရာတွေကနေတဆင့် ဖြစ်ပေါ်လာတဲ့ အသားအရေ နီမြန်းယားယံခြင်းတွေအတွက် ပန်းသီးရှာလကာရည် ကိုအသုံးပြုနိုင်မယ့် နည်းလမ်းတချို့ကို မျှဝေပေးချင်ပါတယ်။
(၁) ရေနဲ့ ပန်းသီးရှာလကာရည်

Photo : eMediHealth
လက်နဲ့ ခြေထောက် အရေပြားပေါ်က နီမြန်းယားယံခြင်းတွေအတွက် အလွယ်ကူအရိုးရှင်းဆုံး အိမ်တွင်း ကုထုံးကတော့ ရေနဲ့ ပန်းသီးရှာလကာရည် ဖြစ်ပါတယ်။ အသုံးပြုနည်းကလည်း အရမ်းလွယ်ကူရိုးရှင်းပါတယ်။ ရေ ၂ ဆ ၊ ပန်းသီးရှာလကာရည် ၁ စကို ခွက်တစ်ခုထဲမှာ ရောထည့်ပေးပါ။ ပြီးရင် ဝါဂွမ်းစလေးနဲ့ တို့ပြီး နီမြန်းယားယံတဲ့ အရေပြားတဝိုက်ကို သုတ်လိမ်းပေးရမှာ ဖြစ်ပါတယ်။ အနီကွက်နဲ့ အဖုအပိန့်တွေပျောက်ကင်းသက်သာသွားတဲ့အထိ တစ်နေ့ကို ၂ – ၃ ကြိမ်ခန့် ပြုလုပ်ပေးနိုင်ပါတယ်။ ကျန်နေတဲ့ ရေနဲ့ ပန်းသီးရှာလကာရည် အရောဖျော်ရည်ကို Spray ပုလင်းထဲထည့်ပြီးလည်း နီမြန်းယားယံပြီး အဖုအပိန့်တွေ ဖြစ်ပေါ်နေတဲ့ အရေပြားနေရာကို ဖြန်းပေးနိုင်ပါတယ်။
(၂) ရေနွေးနဲ့ ပန်းသီးရှာလကာရည်

Photo : eMediHealth
ဒီနည်းကတော့ အရေပြားပေါ်မှာ အလာဂျစ်လို အနီကွက်နဲ့ အဖုအပိန့်တွေ အများအပြား ထွက်ပေါ်နေချိန် ပြုလုပ်နိုင်မယ့် နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ကြက်သီးနွေး ရေနွေးဖြည့်ထားတဲ့ ရေချိုးဇလုံထဲကို ပန်းသီးရှာလကာရည် ၂ ခွက်ခန့် ရောထည့်လိုက်ပါ။ ထို့နောက် ရေချိုးဇလုံထဲမှာ မိနစ် ၃၀ ခန့်လောက် စိမ်ပေးရပါမယ်။ နီမြန်းယားယံတဲ့ အရေပြားနေရာကို နူးညံ့တဲ့ ဝါဂွမ်းစနဲ့ ညင်သာစွာ ပွတ်ပေးပါ။ အချိန်ပြည့်ရင်တော့ ရေချိုးချလိုက်လို့ ရပါပြီ။ ရေချိုးပြီးတဲ့အခါ အသားအရေ ကို အစိုဓာတ်ထိန်းပေးနိုင်ဖို့ Moisturizer ချက်ချင်းလိမ်းပေးရပါမယ်။ ယားယံခြင်းကို သက်သာစေဖို့ ချောင်ချောင်ချိချိရှိတဲ့ ချည်ထည်တွေ ဝတ်ဆင်ပေးပါ။ တစ်ပတ်ကို ၃ – ၄ ကြိမ်ခန့် ပြုလုပ်ပေးရုံနဲ့ သိသာထူးခြားတဲ့ ရလဒ်ကို ခံစားရမှာ ဖြစ်ပါတယ်။
(၃) အုန်းဆီနဲ့ ပန်းသီးရှာလကာရည်

Photo : eMediHealth
အုန်းဆီနဲ့ ပန်းသီးရှာလကာရည် အရောအစပ်ကို အသားအရေအတွက် အစိုဓာတ်ထိန်းပေးနိုင်တဲ့ သဘာဝ Moisturizer တစ်မျိုးအဖြစ် အသုံးပြုနိုင်ပါတယ်။ အသားအရေရဲ့ pH ကို ထိန်းညှိပေးပြီး အသားအရေ အစိုဓာတ်ကို အချိန်ကြာကြ ထိန်းထားပေးမှာ ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ် က ဆေးဝါးဇီဝဗေဒဆိုင်ရာ လေ့လာမှုတစ်ခုအရ အုန်းဆီဟာ ရောင်ရမ်းမှုတွေကို လျှော့ချနိုင်ပြီး အသားအရေ နီမြန်းနာကျင်မှုတွေကို သက်သာစေနိုင်တယ်လို့ ဖော်ပြထားပါတယ်။ အသုံးပြုနည်းကတော့ ခွက်တစ်ခုထဲမှာ ပန်းသီးရှာလကာရည် ၁ ဇွန်း ၊ သဘာဝအုန်းဆီ ၄ ပုံ ၁ ပုံခန့်ကို ရောထည့်ပြီး သမအောင် မွှေပေးရပါမယ်။ ရလာတဲ့ အုန်းဆီနဲ့ ပန်းသီးရှာလကာရည် အရောအစပ်ကို အစိုဓာတ်ထိန်းခရင်မ်အဖြစ် နေ့စဉ် အသုံးပြုပေး နိုင်ပါတယ်။
(၄) ရွှံ့စေးမှုန့် နဲ့ ပန်းသီးရှာလကာရည်

Photo : eMediHealth
ပန်းသီးရှာလကာရည်မှာပါဝင်တဲ့ အယ်ကာလိုင်းဂုဏ်သတ္တိဟာ အရေပြား နီမြန်းယားယံခြင်းတွေကို ကုသရာမှာ ထိရောက်မှုရှိစေပြီး ရွှံ့စေးက အရေပြားပေါ်က အဆိပ်အတောက်တွေကို စုပ်ယူဖယ်ရှားပေးကာ အသားအရေ ကို ကြည်လင်ဝင်းပစေပါတယ်။ အရင်ဆုံး ဇလုံတစ်ခုထဲမှာ ရွှံ့စေးမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း ထည့်ပါ။ ပြီးရင် ပန်းသီးရှာလကာရည် ၂ – ၃ ဇွန်း ခန့်ကို ဖြည်းဖြည်းချင်းထည့်ပြီး သစ်သားဇွန်း/ သစ်သားယောက်ခနဲ့ ရွှံ့စေးအနှစ်ရတဲ့အထိ ကောင်းစွာမွှေပေးရပါမယ်။ ထို့နောက် နီမြန်းယားယံတဲ့ အရေပြားနေရာကို အဝတ်သန့်သန့်တစ်ထည် ဖုံးအုပ်ပြီး အပေါ်က ရွှံ့စေးအနှစ်ကို လိမ်းပေးရပါမယ်။ ရွှံ့စေးတွေခြောက်သွားတဲ့အထိ ထားပေးပါ။ ပြီးရင်တော့ အဝတ်စကို ခွာပြီး ရေအေးနဲ့ ဆေးချလိုက်လို့ ရပါပြီ။ ဒီနည်းအတိုင်း တစ်ပတ်ကို ၂ – ၃ ကြိမ်ခန့် ပြုလုပ်ပေးနိုင်ပါတယ်။
(၅) မုန့်ဖုတ်ဆိုဒါ နဲ့ ပန်းသီးရှာလကာရည်
Photo : eMediHealth
မုန့်ဖုတ်ဆိုဒါက အရေပြားအဖုအပိန့်တွေ ခြောက်သွေ့လျော့ပါးစေပြီး ယားယံခြင်းနဲ့ ရောင်ရမ်းခြင်းတွေကို သက်သာစေပါတယ်။ ပန်းသီးရှာလကာရည်နဲ့ ပေါင်းစပ်အသုံးပြုမယ်ဆိုရင်တော့ ကုသမှုက ပိုပြီး ထိရောက်မှုရှိစေမှာ ဖြစ်ပါတယ်။ လိုအပ်တဲ့ ပစ္စည်းတွေကတော့ မုန့်ဖုတ်ဆိုဒါ လက်ဖက် ရည်ဇွန်း ၁ ဇွန်းရဲ့ ၄ ပုံ ၁ ပုံ ၊ ပန်းသီးရှာလကာရည် ၂ ဇွန်း ၊ ရေခွက်တဝက်ခန့်နဲ့ ပျားရည်အနည်းငယ်တို့ ဖြစ်ပါတယ်။ ခွက်တစ်ခုထဲမှာ ပျားရည်ကလွဲပြီး ကျန်ပါဝင်ပစ္စည်းတွေအားလုံးကို ရောထည့်ပြီး သမအောင်မွှေပေးရပါမယ်။ မွှေနေချိန်မှာ အမြှုပ်လေးတွေ တစီစီတက်လာပါလိမ့်မယ်။ ထိုအချိန်ကျမှ ပျားရည်ရောထည့်ပြီး ဆက်မွှေပေးရမှာ ဖြစ်ပါတယ်။ ရလာတဲ့ ဖျော်ရည်ကို တစ်နေ့တစ်ကြိမ်ခန့် သောက်ပေးမယ်ဆိုရင် အသားအရေ နီးမြန်းယားယံခြင်းတွေ လျော့ပါးသက်သာသွားမှာ ဖြစ်ပါတယ်။
Featured Photo : Healthline

