ကွီးတို့ရေ ဝိုင်ချည်းပဲ သပ်သပ်၊ ဘရန်ဒီသီးသန့် သောက်ရတာ ငြီးငွေ့နေပြီလား။ ကွီးတို့အတွက် ဝိုင် နှင့် ဘရန်ဒီ တို့ ပေါင်းစပ်ကာ ဖော်စပ်နိုင်တဲ့ အလန်းစား ကော့တေး တစ်ခွက် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။
ဝိုင် ဘရန်ဒီ အရောအနှော ကော့တေး တစ်ခွက် ပြုလုပ်ဖို့ကလည်း မခက်ခဲပါဘူး။ အခုဖော်ပြပေးမယ့် ပါဝင်ပစ္စည်းများနှင့် အဆင့် (၅) ဆင့်လောက် ပြုလုပ်လိုက်ရုံနဲ့တင် လျှာလည်သွားစေမယ့် ကော့တေးတစ်ခွက်ကို ရရှိနိုင်ပါတယ်။
ပါဝင်ပစ္စည်းများ
- လတ်လတ်ဆတ်ဆတ် စတော်ဘယ်ရီသီးများ အလုံးကြီး ၃ လုံးခန့် (ပါးပါးလှီးထားပါ)
- Syrup စားပွဲတင်ဇွန်း ၃ ဇွန်း
- ဘရန်ဒီတစ်မျိုး စားပွဲတင်ဇွန်း ၃ ဇွန်း
- ဝိုင်ဖြူ စားပွဲတင်ဇွန်း ၂ ဇွန်း
- စပါကလင်ဝိုင် စားပွဲတင်ဇွန်း ၆ ဇွန်းမှ ၈ ဇွန်းအထိ

- အလှဆင်ဖို့ရန်အတွက် စတော်ဘယ်ရီအနည်းငယ်
အစရှိတဲ့ ပါဝင်ပစ္စည်းများ လိုအပ်ပါလိမ့်မယ်။
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ပါဝင်ပစ္စည်းများအားလုံးကို အဆင်သင့်ဖြစ်အောင် ရယ်ဒီပြင်ထားပါ။

၂။ ထို့နောက် ကော့တေးရှိတ်ကာထဲတွင် ပါးပါးလှီးထားသော စတော်ဘယ်ရီသီးများနှင့် Syrup များ ထည့်ပါ။ Syrup မရှိပါက ပျားရည်ကို အစားထိုး အသုံးပြုနိုင်ပါတယ်။

၃။ ထို့နောက် စတော်ဘယ်ရီသီးများ အနှစ်ဖြစ်သွားသည်အထိ ချေရပါမယ်။
၄။ ထို့နောက် ကော့တေးရှိတ်ကာထဲသို့ ဘရန်ဒီနှင့် ဝိုင်ဖြူတို့ ထည့်ပါ။ ထို့နောက် ခွက်ရဲ့ တစ်ဝက်ခန့်အထိ ရေခဲတုံးများ ထပ်ဖြည့်ထည့်လိုက်ပါ။

၅။ ထို့နောက် ကော့တေးရှိတ်ကာကို အဖုံး လုံအောင် ပိတ်ထားကာ ခပ်ပြင်းပြင်းလေး လှုပ်ခါပေးလိုက်ပါ။
ဒါဆိုရင်တော့ အထဲကဖျော်ရည်များအားလုံး ရောသမမွှေ ဖြစ်သွားပါလိမ့်မယ်။

ရရှိလာတဲ့ ဖျော်ရည်ကို ကော့တေးဖန်ခွက်ထဲ ပြောင်းထည့်လိုက်ပါ။ ထို့နောက် အပေါ်ကနေ စပါကလင်ဝိုင်လေး လောင်းထည့်လိုက်ပါ။
ထို့နောက် ဖန်ခွက်ရဲ့ နှုတ်ခမ်းသားလေးပေါ်မှာ စတော်ဘယ်ရီသီးလေး ညှပ်တင်ထားကာ လှလှပပအလှဆင်ထားနိုင်ပါတယ်။

ဒါဆိုရင်တော့ ကွီးတို့အားလုံး စွဲမက်သွားမယ့် ဝိုင်နှင့် ဘရန်ဒီ တို့ကို ပေါင်းစပ်ကာ ဖော်စပ်ထားတဲ့ ကော့တေး တစ်ခွက် ရရှိသွားပြီပဲဖြစ်ပါတယ်။
Source: Thespruceeats
Featured Image: Chilledmagazine
