Realme က လာမယ့်ဩဂုတ်လ ၁၈ ရက်နေ့မှာ Realme 9i 5G ဖုန်းကို အိန္ဒိယမှာ မိတ်ဆက်မယ်လို့ အတည်ပြုခဲ့ပြီး Realme Watch 3 Pro ကိုလည်း မကြာမီ မိတ်ဆက်လို့ ကုမ္ပဏီရဲ့ တရားဝင်ဝက်ဘ်ဆိုဒ်မှာ ကြေညာသွားခဲ့ပါတယ်။
Photo : GSMArena.com
Teasers ပုံတွေမှာတော့ Realme Watch 3 Proရဲ့ အပေါ်ဘက်နဲ့ ဘေးဘက်မြင်ကွင်းပုံတွေကို ပြသခဲ့ပြီး ညာဘက်ခြမ်းမှာ ခလုတ်တစ်ခုပါရှိတဲ့ ထောင့်မှန်စတုဂံပုံ သတ္တုကိုယ်ထည် ဒီဇိုင်းနဲ့ ထွက်ရှိလာမှာ ဖြစ်ပါတယ်။ မနှစ်ကထွက်ခဲ့တဲ့ Watch 2 Proနဲ့ နှိုင်းယှဉ်ပါက အဓိကပြောင်း လဲမှုတစ်ခုမှာ AMOLED မျက်နှာပြင်ကို ပြောင်းလဲအသုံးပြုထားတာ ဖြစ်ပါတယ်။
Realme Watch 3 Proရဲ့ Display အရွယ်အစားက ဘယ်လောက်ကြီးတယ်ဆိုတာတော့ အတိအကျ မသိရသေးပါဘူး။ Watch 2 Pro ကတော့ ၁.၇၅ လက်မ IPS LCD တပ်ဆင်ထားပြီး Realme Watch 3 မှာ မျက်နှာပြင်အရွယ်အစား အနည်းငယ်ပိုကြီးတဲ့ 1.8″ IPS LCD ကိုတပ်ဆင်ပေးထားပါတယ်။ ဒီ Display အရွယ်အစားဟာ အတော်လေးကြီးတယ်လို့ ပြောလို့ရပေမယ့် သူ့ထက် ပိုကြီးတဲ့ ဥပမာ ၁.၉၁ လက်မ Display ပါရှိတဲ့ Oppo Watch 2 တို့လို နာရီအချို့လည်း ရှိနေပါတယ်။
Realme Watch 3 Pro မော်ဒယ်မှာ ယခင် Watch 3 မှာလိုပဲ Bluetooth Calling စနစ်ကို ထောက်ပံ့ပေးမှာ ဖြစ်ပြီး ယခင်ထွက်ရှိခဲ့ဖူးတဲ့ Pro မော်ဒယ်အဟောင်းတွေလို Built-In GPS Receiver ပါရှိမှာ ဖြစ်ပါတယ်။

Photo : FoneArena.com
Realme Watch 2 Pro ကို မနှစ်က အိန္ဒိယမှာ စတင်ရောင်းချစဉ်က ရူပီး ၅၀၀၀ ဝန်းကျင် ကျသင့်ခဲ့ပြီး Watch 2 မော်ဒယ်ကို ရူးပီ ၃၅၀၀ ခန့်နဲ့ ရောင်းချခဲ့ပါတယ်။ Realme Watch 3ရဲ့ ဈေးနှုန်းကလည်း ရူးပီ ၃၅၀၀ ခန့် ရှိတာကြောင့် ယခုအသစ်ထွက်မယ့် Pro မော်ဒယ်ဟာ ယခင်ပေါက်ဈေးနဲ့ ကိုက်ညီမယ်လို့ ခန့်မှန်းရပေမယ့် AMOLED Display ကြောင့် ဈေးနှုန်းအနည်းငယ် ပိုများနိုင်ခြေရှိပါတယ်။
Featured Photo : GSMArena.com

