ကျွန်တော်တို့ အများစုက ကိုယ့်ပတ်ဝန်းက လူတွေကို ဂရုတစိုက်ရှိကြပေမယ့် ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့တော့ မေ့နေတက်ကြပါတယ်။ တကယ်တော့ ကျွန်တော်တို့ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ သိပ်ကိုအရေးကြီးပါတယ်။ သင် ကိုယ်တိုင် ကိုယ့်ကိုယ်ကို ဂရုမစိုက်မိပါပဲ ကုန်ဆုံးသွားခဲ့တဲ့ နေ့တွေ သို့မဟုတ် ရက်သတ္တပတ်တွေ သို့မဟုတ် လတွေ ဘယ်လောက်များများ ရှိခဲ့ပြီလဲဆိုတာ ပြန်ဆန်းစစ်ကြည့်ပါ။ ကိုယ့်ကိုယ်ကို လျစ်လျူရှုထားခြင်းဟာ ရုပ်ပိုင်းဆိုင်ရာ/ စိတ်ပိုင်းဆိုင်ရာ မှာသာမက သင့်ပတ်ဝန်းကျင်က အရာအားလုံးကို ထိခိုက်ပျက်စီးမှုတွေ ဖြစ်လာစေနိုင်ပါတယ်။ ဒါဆို ကိုယ့်ကိုယ်ကို ဘယ်လိုဘယ်နည်း ဂရုစိုက်ရမလဲ မေးခွန်းထုတ်စရာ ရှိပါတယ်။ ဒီဆောင်းပါးလေးမှာ ကိုယ့်ကိုယ်ကို ဂရုစိုက်ခြင်းနဲ့ ပတ်သတ်ပြီး ကွီးတို့ လိုက်နာရမယ့် အချက်လေးတွေကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

(၁) စိတ်အားထက်သန်မှုတွေနောက် လိုက်ပါ


Photo : 20 Minuten

ကွီးတို့ ဘယ်အရာတွေအပေါ် စိတ်အားထက်သန်မှုရှိလဲ ၊ ဝါသနာပါလဲဆိုတာ အရင်ဆန်းစစ်ကြည့်ပါ။ ကွီးတို့ရဲ့အချိန်တွေ ကုန်ဆုံးလို့ ကုန်ဆုံးသွားမှန်းမသိပဲ တစ်စုံတစ်ခုအပေါ် နစ်မြုပ်နေမိပြီဆိုရင် သေချာပါတယ် အဲ့ဒီအရာက ကွီးတို့ စိတ်အားထက်သန်မှု အပြည့်ရှိတဲ့ အရာပါပဲ။ ဘဝမှာ ကိုယ်စိတ်ဝင်စားတဲ့အရာတွေ ၊ ဝါသနာတွေအတွက် ကိုယ့်ဘဝထဲက အချိန်တစိတ်တပိုင်းကို ရင်းနှီးမြုပ်နှံ့သင့်ပါတယ်။ ကွီးတို့ချစ်တဲ့အရာကိုလုပ်ဖို့ အချိန်ပေးတာက ကွီးတို့ရဲ့ဘဝကိုပိုပြီး အဓိပ္ပါယ်ရှိလာစေမှာပါ။

(၂) အဆိပ်အတောက် ပတ်ဝန်းကျင်က ရုန်းထွက်ပါ

Photo : Bloomberg.com

ကွီးတို့ အနီးပတ်ဝန်းကျင်မှာ အဆိပ်အတောက်ဖြစ်စေတဲ့ “Toxic People ” တွေ များစွာရှိနေနိုင်ပါတယ်။ အဆိပ်အတောက်ပတ်ဝန်းကျင်မှာ ရှင်သန်ခြင်းဟာ ကွီးတို့အတွက် ကောင်းကျိုးထက် ဆိုးကျိုးတွေက ပိုပြီးများစေပါတယ်။ ကိုယ့်ကိုယ့်ကို အမှန်တကယ် ဂရုစိုက်ပြီး ချစ်တက်မယ်ဆိုရင် အဆိပ်အတောက်ဖြစ်စေတဲ့ လူတွေနဲ့ အချိန်ဖြုန်းနေတာကို ရပ်တန့်လိုက်ပါ။ ကျွန်တော်တို့ဘဝမှာ စစ်မှန်တဲ့မိတ်ဆွေသူငယ်ချင်းတွေ လိုအပ်ပါတယ်။ တကယ်တော့ လူတစ်ယောက်မှာ သူငယ်ချင်းအများကြီး ရှိဖို့မလိုပါဘူး သူငယ်ချင်းစစ်စစ် မိတ်ဆွေစစ်စစ် တစ်ယောက်ရှိရင်ပဲ လုံလောက်ပါပြီ။

(၃) ပျော်တက်တဲ့ လူတွေနဲ့ များများတွေ့ဆုံပါ

Photo : Verywell Health

ပျော်ရွှင်မှုဟာ ကူးစက်တက်တဲ့ သဘောသဘာဝ ရှိပါတယ်။ ပျော်ပျော်နေတက်တဲ့ လူတွေနဲ့ များများ တွေ့ဆုံခြင်းဟာ ကွီးတို့ဘဝမှာပါ ပျော်ရွှင်မှုရသကို ကူးစက်ခံစားရစေမှာပါ။ ဘဝမှာ ဘယ်လိုအခက်အခဲအတားအဆီးနဲ့ အဆင်မပြေမှုတွေရှိပါစေ အပြုသဘောဆောင်တဲ့ အမြင်ရှိပြီး ပျော်ပျော်နေတက်တဲ့သူတွေနဲ့ ကွီးတို့ဘဝကို ဝန်းရံပါ။ ပျော်ရွှင်မှုဟာ ကွီးတို့ဆီကို ကူးစက်ခံစားနိုင်သလို ကွီးတို့ကနေ တဆင့် တခြားသူတွေကိုလည်း ပြန်လည်မျှဝေပေးလို့ ရပါတယ်။

(၄) စိတ်ဝိညာဉ် အေးချမ်းခြင်းကို ရှာဖွေပါ

Photo : Contemporary Wellness

အမျိုးမျိုးသော ဘဝနေထိုင်နည်းတွေ ကွီးတို့ ဖတ်ဖူးကြားဖူးကြမှာပါ။ အသက်ရှင်နေထိုင်ရာ ဘဝတစ်လျှောက်လုံးမှာ အရေးကြီးဆုံးက ကိုယ့်ရဲ့ စိတ်ဝိညာဉ်ကို ကိုယ်တိုင်ရှာဖွေဖို့ပါပဲ။ ဆိုလိုတာတော့ စိတ်အေးချမ်းမှု ရှိရှိနေထိုင်နိုင်သူတိုင်းက ဘဝမှာတွေ့ကြုံရမယ့် ဘယ်လို စိုးရိမ်ပူပန်ခြင်းနဲ့ ဝမ်းနည်းခြင်းတွေကိုမဆို ခံနိုင်ရည်ရှိရှိ ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။ နေ့ရက်တိုင်းကို စိတ်ငြိမ်အေးချမ်းမှုရှိအောင် မနက်တိုင်း ၁၅ မိနစ်လောက် တရားထိုင်နိုင်ပါတယ်။ တရားထိုင်ခြင်းဟာ ဘာသာရေးအယူအဆတွေနဲ့ မသက်ဆိုင်ပါဘူး။ စိတ်ငြိမ်သက်အေးချမ်းမှုကို ရှာဖွေနိုင်တဲ့ ကျင့်စဉ်တစ်ခုသာ ဖြစ်ပါတယ်။

(၅) နေထိုင်မှုပုံစံကို မြှင့်တင်ပါ

Photo : YouWorkForThem

ကိုယ့်ကိုယ်ကို ဂရုစိုက်ခြင်းဆိုတာ ကိုယ့်ရဲ့နေထိုင်မှုပုံစံကို မြှင့်တင်ပြီး စမတ်ကျတဲ့ Lifestyle တစ်ခုကို ပျိုးထောင်ခြင်း ဖြစ်ပါတယ်။ နေ့စဉ် ကိုယ်လက်လှုပ်ရှား အားကစားတစ်ခုခု ပုံမှန်ပြုလုပ်တာ ၊ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ စားသောက်မှုပုံစံကို ထိန်းသိမ်းတာ ၊ အိပ်ရေးဝဝ အိပ်စက် အနားယူတာ ၊ တက်နိုင်သမျှ စိတ်ဖိစီးမှု ကင်းအောင်နေတာ စတဲ့အချက်တွေကို လိုက်နာခြင်းဖြင့် စိတ်ရောကိုယ်ပါ ကျန်းမာကြံ့ခိုင်တဲ့ Healthy Lifestyle တစ်ခုကို အဆင့်မြှင့် နေထိုင်သွားရမှာ ဖြစ်ပါတယ်။

Featured Photo : Adesso Man