ဂျင်းကို ရှေးနှစ်ထောင်ပေါင်းများစွာကတည်းက သဘာဝဆေးဖက်ဝင် အမြစ်တစ်မျိုးအဖြစ် အသုံးပြုခဲ့ကြပါတယ်။ အဓိကအားဖြင့် အဆစ်အမြစ်ရောင်ရောဂါ ၊ ဆီးချိုရောဂါ ၊ ချောင်းဆိုး ၊ အအေးမိ ၊ ပျို့အန်ခြင်း အပါအဝင် ကျန်းမာရေးပြဿနာတော်တော်များများအတွက် ဂျင်းကို မှီဝဲခဲ့ ကြပါတယ်။ ဂျင်းကို ရိုးရာဆေးနည်းများစွာမှာ မတူညီတဲ့ ပုံစံအမျိုးမျိုးနဲ့ အသုံးပြုခဲ့ကြပါတယ်။ ဒီထဲမှာ လူကြိုက်အများဆုံးနဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ များစွာထောက်ပံ့ပေးနိုင်တာတော့ ပူပူနွေးနွေး သောက်လို့ကောင်းတဲ့ ဂျင်းလက်ဖက်ရည် ဖြစ်ပါတယ်။ အခွံခွာထားတဲ့ ဂျင်းအမြစ်ကို ရေ သို့မဟုတ် သံပုယိုခြမ်းနဲ့ ပြုတ်ပြီး ဂျင်းလက်ဖက်ရည် ကို ပြုလုပ်နိုင်ပါတယ်။ ဂျင်းလက်ဖက်ရည် သောက်ခြင်းကပေးတဲ့ အကျိုးကျေးဇူးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
(၁) မူးဝေခြင်းကို သက်သာစေတယ်
Photo : National Headache Institute
ရိုးရာဆေးပညာအရ ဂျင်းလက်ဖက်ရည်ဟာ မူးဝေခြင်း ၊ အော့အန်ခြင်းတွေလို Motion Sickness ရောဂါလက္ခဏာတွေကို သက်သာစေနိုင်တယ်လို့ ဆိုပါတယ်။ ၁၉၈၈ ခုနှစ်ကလေ့လာမှုတစ်ခုအရ ပင်လယ်နဲ့အထိအတွေ့မရှိသေးတဲ့ ရေတပ်စစ်သည်တော်တွေကို ဂျင်းလက်ဖက်ရည် တိုက်ရာမှာ မူးဝေခြင်း ၊ အော့အန်ခြင်း နဲ့ နဲ့ အအေးမိဖျားနာခြင်းဝေဒနာတွေ သက်သာသွားတာကို တွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့် မကြာခဏ ပျို့အန်ခြင်း ၊ မူးဝေခြင်းဝေဒနာတွေ ခံစားရပါက ဂျင်းလက်ဖက်ရည် သောက်သုံးကြည့်နိုင်ပါတယ်။
(၂) အစာမကြေ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းကို သက်သာစေတယ်
Photo : Tanner Health System
Dyspepsia လို့ခေါ်တဲ့ ကာလကြာရှည် အစာမကြေ ရင်ပြည့်ရင်ကယ်ဝေဒနာကို ခံစားရပါက ဂျင်းလက်ဖက်ရည် သောက်သုံးနိုင်ပါတယ်။ အစားမစားမီ နာရီဝက်လောက်အလိုမှာ ဂျင်းလက်ဖက်ရည် ပူပူလေးတစ်ခွက် သောက်ကြည့်ပါ။ အစားစားပြီးတိုင်း အစာမကြေ ရင်ပြည့်ရင်ကယ်ဖြစ်တဲ့ ဝေဒနာကို သက်သာသွားစေမှာ ဖြစ်ပါတယ်။
(၃) ကိုလက်စထရောကို လျှော့ချပေးတယ်
Photo : Cleveland Clinic Health Essentials
ဂျင်းလက်ဖက်ရည်တစ်ခွက် နေ့စဉ်သောက်ပေးခြင်းဖြင့် မကောင်းတဲ့ LDL ကိုလက်စထရော ပမဏကို လျော့ချပေးနိုင်ပါတယ်။ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ တစ်နေ့ကို ဂျင်း ၅ ဂရမ်ခန့် ၃ လ လောက်ပုံမှန် စားသုံးခြင်းဟာ LDL ကိုလက်စထရောကို ပျမ်းမျှ ၃၀ ရာခိုင်နှုန်းလောက် လျော့ကျစေတယ်လို့ ဆိုပါတယ်။
(၄) ကင်ဆာဆဲလ်ကြီးထွားမှုကို ဟန့်တားပေးတယ်
Photo : Inside Precision Medicine
တချို့ လေ့လာမှုတွေမှာတော့ ဂျင်းမှာရှိတဲ့ ဇီဝဗေဒဆိုင်ရာ မော်လီကျူးတွေက အူမကြီး ၊ အစာအိမ် ၊ သားအိမ် ၊ အသည်း ၊ အရေပြား ၊ ရင်သားနဲ့ ဆီးကျိတ်ကင်ဆာကဲ့သို့ ကင်ဆာဆဲလ်တွေရဲ့ ကြီးထွားမှုကို နှေးကွေးစေတယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် ဒီအချက်အလက်တွေက ရာနှုန်းပြည့် မှန်ကန်မှုရှိလားဆိုတာကို သိနိုင်ဖို့ နောက်ထပ် သုတေသနတွေ အများကြီး ပြုလုပ်ဖို့ လိုအပ်ပါသေးတယ်။
(၅) ရောင်ရမ်းနာကျင်မှုကို သက်သာစေတယ်
ဂျင်းမှာပါတဲ့ Gingerol နဲ့ Shogaol လို့ခေါ်တဲ့ ဒြပ်ပေါင်းတွေက ရောင်ရမ်းနာကျင်မှုတွေကို လျော့ကျသက်သာစေတယ်လို့ သုတေသနပြုချက်တွေမှာ ဖော်ပြထားပါတယ်။ ဂျင်းကိုရှေးရာစုနှစ်များစွာကတည်းက ရောင်ရမ်းမှုတွေကို ကုသဖို့အတွက် အသုံးပြုခဲ့ကြတာပါ။ ဂျင်းလက်ဖက် ရည်သောက်ခြင်းဟာ ဒူးအဆစ်ရောင်ဝေဒနာကို သက်သာစေသလို အမျိုးသမီးတွေ ဓမ္မတာလာချိန်မှာ နာကျင်ကိုက်ခဲမှုဝေဒနာတွေ သက်သာစေတယ်လို့ ဆေးဘက်ဆိုင်ရာ သုတေသီတွေက ဆိုထားပါတယ်။
Featured Photo : Medical News Today