လုပ်ငန်းခွင် မှာ လုပ်ဖော်ကိုင်ဖက်များနှင့် အဆင်ပြေနေတဲ့သူတွေလည်းရှိသလို အနိုင်ကျင့် ခံနေရသူ လူနည်းစုလည်း ရှိကြပါတယ်။ အချို့ကလည်း အမူအရာအားဖြင့်သော် လည်းကောင်း၊ စကားဖြင့်သော်လည်းကောင်း၊ အချို့ကလည်း အာဏာပါဝါပြ၍သော်လည်းကောင်း အနိုင်ကျင့်ခံနေရတာ ဖြစ်ပါတယ်။
လူအယောက်ပေါင်း ၁၂၂၉ ယောက်အပေါ် မေးခွန်းထားတဲ့ စစ်တမ်းတစ်ခုတွင် ၄ ရာခိုင်နှုန်းကသာ လုပ်ငန်းခွင် မှာ အနိုင်ကျင့်ခံရခြင်းမရှိဘူးလို့ ဖြေကြားထားကြပါတယ်။ ဒါဆိုရင်တော့ ကျန်တဲ့ ၉၆ ရာခိုင်နှုန်းသည် လုပ်ငန်းခွင် အနိုင်ကျင့် ခြင်းကို ခံနေရတာပဲဖြစ်ပါတယ်။
သင့်အနေနဲ့ ဒီလိုနိုင်ထက်စီးနင်း ပြုလုပ်ခြင်းသည် ကိုယ့်ထက်ရာထူးကြီးသူများ၊ သူဌေးများထံမှသာ ခံရတယ်လို့ ထင်နေပါသလား။ ဒါဆိုရင်တော့ ပြန်လည်စဉ်စားကြည့်လိုက်ပါဦး။ စောစောက ပြုလုပ်ထားတဲ့ စစ်တမ်းအရ ၂၅ ရာခိုင်နှုန်းခန့်သည် ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်များရဲ့ အနိုင်ကျင့်ခြင်းကို ခံရတယ်လို့ ဖြေကြားထားကြပါတယ်။
ကွီးတို့အနေနဲ့ ကိုယ်ကိုယ်တိုင်က လုပ်ငန်းခွင် မှာ အနိုင်ကျင့် ခံရသည်ဖြစ်စေ၊ ကိုယ့်ရဲ့ဘေးပတ်ဝန်ကျင်က တစ်စုံတစ်ယောက်က အနိုင်ကျင့်ခံရတဲ့အခါ ဘယ်လိုလုပ်ရမှန်းမသိဖြစ်နေတယ်ဆိုရင် အခုဖော်ပြပေးမယ့် အချက်များနှင့် ပညာရှိဆန်ဆန် ဖြေရှင်းနိုင်ပါတယ်။
ကုမ္ပဏီရဲ့ ပေါ်လစီနှင့် စည်းမျဉ်းစည်းကမ်းများကို သေချာနားလည်အောင် ပြုလုပ်ပါ
သင်ကိုယ်တိုင်ကဖြစ်စေ၊ သင့်သိတဲ့သူတစ်ယောက်ယောက်ကဖြစ်စေ လုပ်ငန်းခွင်မှာ အနိုင်ကျင့်ခံရတဲ့အခါ အရင်ဦးဆုံး ပြုလုပ်သင့်တာက ကုမ္ပဏီရဲ့ စည်းမျဉ်းစည်းကမ်းနှင့် မူဝါဒကို သိရှိနားလည်အောင် ပြုလုပ်ခြင်းပဲ ဖြစ်ပါတယ်။ ယနေ့ခေတ်တွင် အဖွဲ့အစည်းတော်တော်များများသည် ထိုကဲ့သို့သော နိုင်ထက်စီးနင်း အပြုအမူမျိုးကို လက်သင့်မခံကြတော့ပါဘူး။ ထိုကဲ့သို့သော အခြေအနေမျိုးကို ကြုံတွေ့ခံစားရသည်ဖြစ်စေ၊ မျက်မြင်တွေ့ရသည်ဖြစ်စေ ဘယ်လို Guide Line များကို လိုက်နာနိုင်သလဲဆိုတာကို ဖော်ပြထားလေ့ရှိပါတယ်။ ထို Guide Line များအတိုင်း လိုက်လုပ်နိုင်ပါတယ်။
သေချာပြန်လည်သုံးသပ်ပါ
သင့်အနေနဲ့ အနိုင်ကျင့်ခံနေရတဲ့ ခံစားချက်ကြီးကို ခံစားနေရပါက ထိုအခြေအနေကို သေသေချာချာ ပြန်လည်သုံးသပ်ဖို့ လိုအပ်ပါတယ်။ ပြုလုပ်သူအနေနဲ့ မရည်ရွယ်ဘဲ မတော်တဆဖြစ်သွားတာလား။ လူတိုင်းက အမှားနဲ့ မကင်းတတ်ကြပါဘူး။ တခါတရံမှာ အလုပ်ဇောကပ်ပြီး လုပ်ဖော်ကိုင်ဖက်အချင်းချင်း ပြောမှားဆိုမှား ရှိတတ်ကြပါတယ်။ ထိုအခြေအနေမျိုးမှာ သင့်ဘက်က သဘောထားကြီးကြီးနဲ့ နားလည်ပေးဖို့လိုအပ်ပါတယ်။
ထိုကဲ့သို့ မဟုတ်ဘဲနဲ့ ထိုအခြေအနေမျိုးကို တစ်ခါလည်း မဟုတ်၊ နှစ်ခါလည်း မဟုတ်၊ အမြဲတမ်းဆိုသလို ကြုံတွေ့နေရပါသလား။ ဒါဆိုရင်တော့ သင့်ဘက်က ထိုသူထံ ဒီအခြေအနေကို မနှစ်မြို့ကြောင်း ပွင့်ပွင့်လင်းလင်း ပြောဆိုနိုင်ပါတယ်။
သင့်ရဲ့ စိတ်ကျန်းမာရေးကိုလည်း ဂရုစိုက်ပါ
လူအများစုသည် အနိုင်ကျင့်ခံရတဲ့အခါ ထိုအခြေအနေကို ထုတ်ဖော်ပြောပြဖို့ရန်အတွက် ဝန်လေးကာ ကြောက်ရွံ့နေတတ်ကြပါတယ်။ အခြားသူတွေ သူတို့ကို ဘယ်လိုထင်မြင်ယူဆမလဲဆိုတာကိုလည်း တွေးပူကာ ကြောက်ရွံ့တတ်ကြပါတယ်။ တကယ်လို့ ထိုအနိုင်ကျင့်ခံရခြင်းသည် သူတို့ရဲ့ အထက်လူကြီး (သို့) သူဌေးထံမှဆိုရင် တစ်ရက် တစ်ရက် ရုံးတက်ရတာသည်လည်း ပျော်မွေ့မှာမဟုတ်တော့ဘဲ တဖြည်းဖြည်းနဲ့ စိတ်ကျရောဂါ ခံစားရနိုင်ပါတယ်။
ကိုယ့်ရဲ့ စိတ်သည် ပျော်ရွှင်နေမှသာ လုပ်ငန်းခွင်မှာ အလုပ်လုပ်ကိုင်ရတာသည်လည်း ပျော်ရွှင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် စိတ်ထဲမှာ အရမ်းခံစားရလာပြီ၊ စိတ်ဖိစီးလာပြီဆိုရင် ကိုယ့်ထက် အတွေ့အကြုံရင့်သူများနှင့် တိုင်ပင်ဆွေးနွေးကာ ဘယ်လိုဖြေရှင်းရမလဲဆိုတာကို အဖြေထုတ်သင့်ပါတယ်။
သင့်ရဲ့ အထက်လူကြီး (သို့) HR ကို ပြောပြပါ
Photo: Ontheline
ကိုယ့်ကို အနိုင်ကျင့်တဲ့ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်နဲ့ တိုက်ရိုက်စကားပြောရတာ သက်သောင့်သက်သာမရှိဘူးဆိုရင် ကိုယ့်ရဲ့ အထက်လူကြီး (သို့) HR ထံ ပွင့်ပွင့်လင်းလင်း ပြောဆိုနိုင်ပါတယ်။ ထိုကဲ့သို့ ဖွင့်ဟပြောဆိုတဲ့အခါမှာလည်း စိတ်ငြိမ်ငြိမ်ထားပြီး ပရော်ဖက်ရှင်နယ်ကျကျ ပြောဆိုသင့်ပါတယ်။
သက်သေစုဆောင်းထားပါ
Photo: Hello Bar
စောစောကလို အထက်လူကြီး (သို့) HR ကို ပြောပြတဲ့အခါ ကိုယ့်ဘက်ကလည်း သက်သေအထောက်အထား ခိုင်ခိုင်လုံလုံနဲ့ တင်ပြဖို့လိုအပ်ပါတယ်။ နို့မဟုတ်ရင် ကိုယ်ပြောတဲ့စကားသည် အခြေအမြစ်မရှိဘဲ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်တယ်ဆိုပြီး အမြင်စောင်း ခံရပါလိမ့်မယ်။ အီးမေးလ်တွေကနေတဆင့် သက်သေစုဆောင်းပါ။ မက်ဆေ့ပို့ထားတာများကိုလည်း Screenshot ရိုက်ယူထားလိုက်ပါ။ ဘယ်နေရာ၊ ဘယ်အချိန်မှာ၊ ဘယ်သူက အနိုင်ကျင့်သလဲဆိုတာကိုပါ သက်သေရယူထားလိုက်ပါ။
ရှေ့နေနှင့် တိုင်ပင်ပါ
Photo: Forbes
အထက်လူကြီးရော၊ HR ကရော ကိုယ့်ဘက်က မရပ်တည်ပေးဘူးဆိုရင် ဘာလုပ်မလဲ။ နောက်ဆုံးနည်းကတော့ ရှေ့နေနဲ့ တိုင်ပင်တာပဲဖြစ်ပါတယ်။ သင့်အနေနဲ့ ထိုနေရာကနေ အလုပ်ထွက်ပြီး နောက်အလုပ်တစ်ခု ပြောင်းနိုင်သလို ထိုအနိုင်ကျင့်ခံရခြင်းကို အဆုံးစွန်အထိ အနိုင်ယူလို့လည်းရပါတယ်။ သင် နှစ်သက်တဲ့ ရွေးချယ်မှုကို ပြုလုပ်နိုင်ပါတယ်။
အချိန်ပေးဖို့ မတန်ဘူးဆိုရင်လည်း လျစ်လျူရှုထားလိုက်ပါ
လျစ်လျူရှုတဲ့ နည်းလမ်းသည်လည်း အသုံးတည့်တဲ့ နည်းလမ်းတစ်ခုပါ။ သင်နဲ့ သင့်ကို အနိုင်ကျင့်သူတို့အကြား အလုပ်သဘောအရ ပတ်သက်တာမျိုးကလွဲရင် ကင်းကင်းရှင်းရှင်းသာ နေလိုက်ပါ။ ကိုယ့်ကို လိုတာထက်ပိုပြီး အတင်းဖိအားပေးလာတဲ့အခါ ခေါင်းငုံ့မခံဘဲ ရဲရဲကြီးသား ပြန်လည်ချေပလိုက်ပါ။ တခါတလေမှာ လူအချို့သည် သူတို့ကို ကြောက်တယ်လို့ ထင်ရင် ပိုပြီး ဖိတတ်ကြပါတယ်။ ကိုယ့်ဘက်က ငြိမ်ခံလေ သူတို့က ပိုဖိလေပါပဲ။ ဒါ့ကြောင့် တစ်ကြိမ်တစ်ခါလောက်ဖြစ်ဖြစ် နဂါးမှန်းသိအောင် အမောက် ထောင်ပြလိုက်ရင် သူတို့လည်း သင့်ကို ကျော်လို့ မရဘူးဆိုတာ သိသွားပြီး နောက်ဆို လာပြီး အနိုင်ကျင့်ရဲမှာ မဟုတ်တော့ပါဘူး။
Source: Topresume
Featured Image: Independent.co.uk