အချိန်တိုအတွင်း စိတ်ဖိစီးမှု တွေကို အမြန်ဆုံး တိုက်ထုတ်နိုင်မယ့် နည်းလမ်းတွေ ရှာနေပါသလား။ ဒါဆိုရင်တော့ ကွီးတို့ကို မိနစ်ပိုင်းအတွင်း စိတ်ဖိစီးမှု တွေ သက်သာစေမယ့် လွယ်ကူရိုးရှင်း ထိရောက်လျင်မြန်တဲ့ နည်းလမ်းကောင်းတချို့ မျှဝေပေးချင်ပါတယ်။
(၁) ဗီတာမင် C ပါတဲ့ Juice တစ်ခုခု သောက်ပါ

Photo : Freepik
ဗီတာမင် C ဟာ စိတ်ဖိစီးမှုတွေကို ထိရောက်လျင်မြန်စွာ ကိုင်တွယ်ထိန်းချုပ်နိုင်ဖို့ ကူညီပေးပါတယ်။ လေ့လာမှုတွေအရ ဗီတာမင် C ဟာ Cortisol လို့ခေါ်တဲ့ စိတ်ဖိစီးမှု ဟော်မုန်းတွေကို လျှော့ချရာမှာ ကူညီပေးနိုင်တယ်လို့ သုတေသီတွေက ဆိုထားပါတယ်။ ဒါ့အပြင် ကိုယ်ခံအားစနစ်ကိုလည်း မြှင့်တင်ပေးနိုင်ပြီး စိတ်ရွှင်လန်းကျန်းမာစေဖို့ အထောက်အကူ ပြုပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုများနေချိန်မှာ ဗီတာမင် C ကြွယ်ဝတဲ့ လိမ္မော်ရည် ၊ စတော်ဘယ်ရီဖျော်ရည်နဲ့ ဂရိတ်ဖရုဖျော်ရည်တွေ သောက်နိုင်ပါတယ်။
(၂) မြက်ရိတ်ပါ

Photo : Popular Mechanics
စိတ်ဖိစီးမှု များနေချိန်မှာ မြက်ရိတ်ရတာကြီးက ထူးဆန်းနေတယ်လို့ ထင်ရပေမယ့် မြက်ခင်းတွေကလာတဲ့ မြေသင်းရနံ့က စိတ်ကို ပိုပြီး သက်တောင့်သက်သာ ခံစားရစေနိုင်ပါတယ်။ ခုတ်ထစ်ထားတဲ့ မြက်ပင်တွေကနေ ထွက်တဲ့ ဓာတုပစ္စည်းတွေဟာ ဦးနှောက်အတွင်းမှာရှိတဲ့ စိတ်ဖိစီးမှုဟော်မုန်း ထုတ်လွှတ်မှုကို ဟန့်တားနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ တစ်ခုသတိထားရမှာက ကျယ်လောင်လွန်းတဲ့ ဆူညံသံတွေဟာ စိတ်ဖိစီးမှုပမဏကို မြင့်တက်စေတဲ့အတွက် မြက်ရိတ်စက်သုံးတဲ့အခါ နားကြပ်တပ်ဖို့ လိုပါတယ်။
(၃) အော်ရယ်ပစ်လိုက်ပါ
Photo : Medical News Today
ရယ်မောခြင်းဟာ စိတ်ဖိစီးမှုကို တိုက်ထုတ်ဖို့ ဆေးစွမ်းကောင်းတစ်လက်ပါပဲ။ အလုပ်ကြောင့် ၊ ကိုယ်ရေးကိုယ်တာကိစ္စတွေကြောင့် စိတ်ဖိစီးမှုတွေ ခံစားနေရတဲ့အခါ ရယ်မောရမယ့် ဟာသဗီဒီယိုတစ်ပုဒ် ကြည့်လိုက်ပါ သို့မဟုတ် ဟာသစာတိုတစ်ခု ဖတ်လိုက်ပါ။ ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ ရယ်မောစရာအကြောင်းအရာတွေ မျှဝေလိုက်ပါ။ အူလှိုက်သဲလှိုက် အားရပါးရ ရယ်မောလိုက်တဲ့အခါ ခန္ဓာကိုယ် ကိုယ်တွင်းအင်္ဂါတွေဆီကို အောက်ဆီဂျင်ပိုမိုရရှိစေတာကြောင့် သွေးစီးဆင်းမှုကို ပိုကောင်းစေပြီး စိတ်ရဲ့တင်းကျပ်မှု ဖိအားတွေ လျော့ပါးသွားစေပါတယ်။ တကယ်တော့ ရယ်မောပျော်ရွှင်ဖို့ တွေးရုံနဲ့ စိတ်ဖိစီးမှု ဟော်မုန်းတွေကို လျှော့ချဖို့ လုံလောက်ပါတယ်။
(၄) ပီကေဝါးပါ

Photo : Run Gum
သုတေသနပြုချက်တွေအရ ပီကေဝါးခြင်းဟာ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို လျော့ပါးစေတဲ့အပြင် လုပ်ငန်းခွင်အတွင်း စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို တိုးတက်စေတယ်လို့ ဆိုပါတယ်။ ဒါအပြင် ပီကေဝါးလေ့ရှိသူတွေဟာ စိတ်ဖိစီးမှုနည်းရုံသာမက စိတ်ဓာတ်ကျခြင်းလည်း နည်းပါးပြီး သွေးတိုး သို့မဟုတ် ကိုလက်စထရောများခြင်းစတဲ့ ရောဂါပြဿနာတွေအတွက် ကုသမှုခံယူရဖို့ အလားအလာနည်းပါးတယ်လို့ လေ့လာမှုမှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။
(၅) အိမ်သန့်ရှင်းရေးလုပ်ပါ

Photo : Eat This, Not That
ရှုပ်ပွနေတဲ့အရာတွေကို ရှင်းထုတ်လိုက်ခြင်းဟာ စိတ်ကြည်လင်လန်းဆန်းပြီး ပေါ့ပါးမှုကို ခံစားရစေပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှု ခံစားရတဲ့အခါ ရှုပ်ပွနေတဲ့ စားပွဲ ၊ ဧည့်ခန်းနဲ့ အိပ်ခန်း လိုနေရာတွေကို ရှင်းလင်းပြီး သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်ဆင်ရှင်းလင်းလိုက်ပါ။ သန့်ရှင်းရေးလုပ်တာဟာ လှုပ်လှုပ်ရှားရှား ကိုယ်လက်လေ့ကျင့်ခန်းတစ်ခုလုပ်တာနဲ့ တူညီပြီး တစ်နာရီမှာ ကယ်လိုရီ ၂၅၀ ကျော် လောင်ကျွမ်းစေနိုင်ပါတယ်။
Featured Photo : Medical News Today
