Huawei ကုမ္ပဏီဟာ ပြီးခဲ့တဲ့အပတ်တုန်းက တရုတ်နိုင်ငံမှာ Mate 50 စီးရီး စမတ်ဖုန်း တွေအတွက် ဆောင်းဦးရာသီမိတ်ဆက်ပွဲ အခမ်းအနားကို လာမယ့် စက်တင်ဘာလ ၆ ရက်နေ့မှာ ကျင်းပမယ်လို့ ကြေညာသွားခဲ့ပါတယ်။ မနေ့က စက်တင်ဘာ ၁ ရက်နေ့မှာတော့ ကုမ္ပဏီက နောက်ထပ် ထုတ်ကုန်သစ်ဖြစ်တဲ့ Huawei MateBook E Go ကိုပါ လာမယ့် အင်္ဂါနေ့မှာ တစ်ခါတည်း မိတ်ဆက်သွားမယ်လို့ ကြေညာခဲ့ပါတယ်။

Huawei ရဲ့ Matebook အသစ်ကို အရောင်အသွေးစုံတဲ့ စွယ်စုံရ ဘက်စုံသုံး လက်ပ်တော့ အဖြစ် ဖော်ပြထားပါတယ်။ Weibo မှာ တင်ခဲ့တဲ့ ဓာတ်ပုံအရ Huawei Matebook E Go မှာ Window 11 ကို အသုံးပြုထားပြီး ဖြုတ်တပ်ရလွယ်တဲ့ ကီးဘုတ်တစ်ခု ပါဝင်လာမှာ ဖြစ်ပါတယ်။ ကီးဘုတ်မှာ သေးငယ်တဲ့ Touchpad တစ်ခုလည်း  ပါရှိပါတယ်။

Photo : GadgetsCafe

MateBook E Go ဟာ လက်ပ်တော့လိုရော တက်ဘလက်လိုပါ အသုံးပြုနိုင်မယ့် 2-in-1 လက်ပ်တော့ တစ်လုံးဖြစ်ပြီး Huawei ရဲ့ M-Pencil Stylus ထည့်သွင်းပေးထားပါတယ်။

MateBook E Go မှာ 65W Fast Charging စနစ် ထောက်ပံ့ပေးထားပြီး အရောင်တွေအနေနဲ့တော့ အနက်ရောင်နဲ့ အဖြူရောင် ၂ မျိုး ရရှိနိုင်ကာ ကီးဘုတ်ကိုတော့ အနက်ရောင်နဲ့ ပန်းရောင် ၂ မျိုး ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

ပြီးတဲ့ သြဂုတ်လ ၁၅ ရက်နေ့က Weibo ဘလော့ဂါ @Wangzai Baishitong ရဲ့ ပြောကြားချက်အရ Huawei MateBook အသစ်ဟာ Snapdragon 8cx Gen 3 Chip ကို အသုံးပြုလာမယ်လို့ ပြောထားပါတယ်။ ၂၀၂၁ နှစ်ကုန်ပိုင်းမှာ Qualcomm ဟာ PC မှာ အသုံးပြုဖို့အတွက် ၎င်းရဲ့ SoC Chip ဖြစ်တဲ့ theSnapdragon 8cx Gen 3 ကို ထုတ်ဖော်ပြသခဲ့ပါတယ်။

Photo : GSMArena.com

အဆိုပါ Chip ကို လက်ပ်တော့တွေ ၊ တက်ဘလက်တွေနဲ့ တခြား Devices တွေမှာ အသုံးပြုဖို့အတွက် တည်ဆောက်ထားပြီး 5nm Process ကို အသုံးပြုကာ တည်ဆောက်ထားပါတယ်။ တရားဝင်အားဖြင့် ဒီ Chip ဟာ Windows ပလပ်ဖောင်းအတွက် ပထမဆုံး 5nm Chip ဖြစ်ပါတယ်။

Snapdragon 8cx Gen 3 Chip မှာ ကြီးမားတဲ့ 3.0 GHz Cores ၄ ခုနဲ့ အသေးစား 2.4 GHz Cores ၄ ခု ပါရှိပါတယ်။ ၎င်းမှာ Cache 14MB အထိရှိပြီး TDP က 15W ဝန်းကျင် ဖြစ်ပါတယ်။ Snapdragon 8cx Gen 3 Chip ဟာ ၈၅ ရာခိုင်နှုန်း ပိုကောင်းတဲ့ CPU စွမ်းဆောင်ရည်နဲ့  GPU စွမ်းဆောင်ရည်က ၆၀ ရာခိုင်နှုန်း ပိုကောင်းပြီး Snapdragon 8cx Gen 2 ထက် ၄၀ ရာခိုင်နှုန်း ပိုကောင်းတဲ့ Single-Threaded စွမ်းဆောင်ရည်ကို ပေးစွမ်းပါတယ်။

Featured Photo : Pandaily