ဆီးချိုရောဂါဟာ ခန္ဓာကိုယ်တွင်း သွေးတွင်းသကြားဓာတ် မြင့်တက်ရာကနေတဆင့် ဖြစ်ပေါ်လာတဲ့ ရောဂါတစ်မျိုး ဖြစ်ပြီး အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ခြေ ရှိပါတယ်။ ဆီးချိုရောဂါ ခံစားရသူတွေအနေနဲ့ အစားအသောက် ၊ လေ့ကျင့်ခန်း ၊ ဆေးဝါးတွေနဲ့ သွေးတွင်းသကြားဓာတ် အဆင့်ကို ထိန်းထားနိုင်ပါတယ်။ ဆေးဘက်ဆိုင်ရာ သုတေသီတွေကတော့ ဆီးချိုရောဂါရှင်တွေအနေနဲ့ နေ့စဉ်မိမိရဲ့ သွေးတွင်းသကြားဓာတ် အဆင့်ကို မီတာနဲ့ စစ်ဆေးနေဖို့ လိုတယ်လို့ ဆိုထားပါတယ်။ မီတာနဲ့စစ်ဆေးခြင်းကသာ သွေးတွင်းသကြားဓာတ် တက်နေသလား ကျနေသလားဆိုတဲ့ အတိကျဆုံးရလဒ်ကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ အကယ်၍ အခုပြောပြမယ့် လက္ခဏာ တွေပြနေပြီဆိုရင်လည်း သွေးတွင်းသကြားဓာတ် မြင့်တက်နေပြီဆိုတာကို အလွယ်တကူ သိနိုင်ပါတယ်။

(၁) ရေငတ်ခြင်း

Photo : Heywise

ရေငတ်ခြင်းနဲ့ မကြာခဏ ဆီးသွားခြင်းဟာ သွေးထဲမှာ သကြားဓာတ်အလွန်များနေခြင်းကြောင့် ဖြစ်ပေါ်လာရတဲ့ အဓိက လက္ခဏာ ရပ်တွေပဲ ဖြစ်ပါတယ်။ သွေးတွင်းသကြားဓာတ် မြင့်တက်နေချိန်မှာ ကျောက်ကပ်က သကြားဓာတ်ကို စစ်ထုတ်ဖို့ ပိုကြိုးစားလာတဲ့အခါ တစ်ရှူးတွေကနေ အရည်တွေကို ပိုဖို့စွန့်ထုတ်ဖို့လိုလာတာကြောင့် ပုံမှန်ထက် မကြာခဏ ဆီးသွားချင်စိတ်ကို ဖြစ်ပေါ်လာရတာ ဖြစ်ပါတယ်။ ထို့အတူ ရေငတ်ရခြင်းကလည်း ခန္ဓာကိုယ်က ဆုံးရှုံးသွားတဲ့ အရည်တွေကို ပြန်လည်ဖြည့်တင်းဖို့ လိုကြောင်း အချက်ပြနေတာပဲ ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ ရေများများပြန်လည် မသောက်သုံးပါက ရေဓာတ်ခန်းခြောက်ခြင်းကိုပါ ဖြစ်စေနိုင်ပါတယ်။

(၂) အလွန်အမင်း ပင်ပန်းနွမ်းနယ်နေခြင်း

Photo : Men’s Health

ခန္ဓာကိုယ်က လိုတာထက်ပိုပြီး ပင်ပန်းနွမ်းနယ်သလို ခံစားနေရခြင်းကလည်း သွေးတွင်းသကြားဓာတ် မြင့်တက်နေတယ်ဆိုတာ ပြနေတဲ့ နောက်ထပ်အချက်ပြ လက္ခဏာ ရပ်တစ်ခုဖြစ်ပါတယ်။ သကြားဓာတ်ဟာ ခန္ဓာကိုယ်ဆဲလ်တွေဆီ ကူးပြောင်းသွားရမယ့်အစား သွေးကြောထဲမှာပဲရှိနေတဲ့အခါ ကြွက်သားတွေက စွမ်းအင်အတွက် လုံလောက်တဲ့ လောင်စာဆီ မရရှိတော့ပါဘူး။ ဒီလိုအခြေအနေမှာ အလွန်အမင်း ပင်ပန်းနွမ်းနယ်သလို ခံစားရတက်ပြီး မလှုပ်ချင် မကိုင်ချင် ဖြစ်တက်ပါတယ်။ လေ့လာမှုတွေအရ ပင်ပန်းနွမ်းနယ်နေရင် ခဏတဖြုတ် အိပ်စက်အနားယူလိုက်တာက ပင်ပန်းနွမ်းနယ်ခြင်းကို သက်သာစေတယ်လို့ ဆိုပါတယ်။ ဆီးချိုရောဂါရှိသူတွေအနေနဲ့ တစ်ခါတစ်ရံ အစာစားပြီးနောက်မှာလည်း ပင်ပန်းနွမ်းနယ် ခြင်းကို ခံစားရတက်ပါတယ်။

(၃) လက်နဲ့ခြေထောက်တွေ ဖောရောင်နေခြင်း

Photo : Harvard Health

နာတာရှည် သွေးတိုးနဲ့ ဆီးချိုရောဂါခံစားနေရသူတွေမှာ အချိန်ကြာလာတာနဲ့အမျှ ခန္ဓာကိုယ်က အညစ်အကြေးနဲ့ အရည်တွေကို စစ်ထုတ်ပေးနေတဲ့ ကျောက်ကပ်ရဲ့ စွမ်းဆောင်ရည်ဟာ တဖြည်းဖြည်း ကျဆင်းလာပါတယ်။ ထိုအခါ ခန္ဓာကိုယ်တွင်းမှာ အရည်တွေအများအပြား စုပုံလာပြီး လက်နဲ့ခြေထောက်တွေ ဖောရောင်လာတတ်ပါတယ်။ ဆီးချိုရောဂါနဲ့ သွေးတိုးကျဆေးတွေကို ဆရာဝန် ညွှန်ကြားထားတဲ့အတိုင်း သောက်သုံးခြင်းဖြင့် ကျောက်ကပ်ရဲ့ လုပ်ဆောင်ချက်တွေကို ကောင်းမွန်အောင် ထိန်းသိမ်းနိုင်ပါတယ်။ အစားအသောက် ပြောင်းလဲခြင်းကလည်း ကျောက်ကပ်ကျန်းမာရေးအတွက် အထောက်အကူဖြစ်နိုင်ပါတယ်။

(၄) အာရုံခံစားနိုင်စွမ်း လျော့ကျခြင်း

Photo : iStock

အာရုံခံစားနိုင်စွမ်း လျော့ကျခြင်းဟာ နာတာရှည် သွေးတွင်းသကြားဓာတ် မြင့်တက်ခြင်းရဲ့ နောက်ထပ် လက္ခဏာ တစ်ခု ဖြစ်နိုင်ပါတယ်။ များသောအားဖြင့် ခြေထောက်တွေ ထုံကျင်ပြီး နာကျင်ခြင်း သို့မဟုတ် အပူချိန်ပြောင်းလဲခြင်းတွေကို မခံစားရတဲ့ အခြေအနေတွေအထိ ဖြစ်နိုင်ပါတယ်။ ဆီးချိုရောဂါ ခံစားနေရသူတွေအနေနဲ့ ခြေထောက်နဲ့ ခြေဖဝါးတွေကို ပုံမှန် စစ်ဆေးပေးဖို့ လိုပါတယ်။ ဘာလို့ဆို အာရုံခံစားနိုင်စွမ်း လျော့ကျခြင်းကြောင့် ခြေထောက်မှာ ဖြစ်ပေါ်လာတဲ့ ပြတ်ရှဒဏ်ရာတွေနဲ့ ဒဏ်ရာကတဆင့် ရောဂါပိုးမွှား ကူးစက်ခံထားရသည်ကို မသိရှိနိုင်တဲ့အတွက် ဒဏ်ရာအနာတရ ရှိမရှိကို ပုံမှန်လေး စစ်ဆေးဖို့ အကြံပြုထားပါတယ်။

(၅) အမြင်အာရုံဝေဝါးခြင်း

Photo : Medical News Today

သွေးတွင်းသကြားဓာတ် မြင့်တက်ခြင်းနဲ့ သွေးတိုးရောဂါ နှစ်မျိုးစလုံးဟာ မျက်စိနဲ့ အမြင်အာရုံကို ဝေဝါးစေပြီး မျက်စိကျန်းမာရေးကို ဆိုးရွားစေနိုင်ပါတယ်။ အရွယ်ရောက်ပြီးသူတွေမှာ ဖြစ်ပွားတက်တဲ့ Diabetic Retinopathy လို့ခေါ်တဲ့ မျက်စိကွယ်ခြင်းရဲ့ အကြီးမားဆုံး အကြောင်းရင်းတစ်ခုကတော့ မျက်စိအတွင်းရှိ သွေးကြောများ ပျက်စီးခြင်းကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်ပါတယ်။ အမြင်အာရုံ မှုန်ဝါးခြင်း၊ အစက်အပြောက်နဲ့ မျဉ်းကြောင်းများ မြင်နေရခြင်းစတဲ့ လက္ခဏာ တွေ ဖြစ်လာပြီဆိုရင်တော့ ဆရာဝန်နဲ့ ချက်ချင်းပြပြီး ကုသမှု ခံယူသင့်ပါတယ်။

Featured Photo : Medical News Today