အောင်မြင်မှု ရရန်အတွက် ချီတက်လျှောက်လှမ်းနေစဉ်မှာ အရှုံး သည် လူတိုင်း ကြောက်ရွံ့ကြတဲ့ စကားလုံးတစ်လုံးပဲ ဖြစ်ပါတယ်။ ကျနော်တို့လူသားတိုင်းသည် ဘဝမှာ တစ်ခါလောက်တဲ့ အောင်မြင်မှု ဆိုတဲ့ အရသာကို ခံစားချင်ကြပြီး အရှုံး ကိုတော့ မမြည်းစမ်းချင်ကြပါဘူး။ သို့သော် ကျရှုံးခြင်းတွေနဲ့ ရင်ဆိုင်ရလို့လည်း ကြောက်ရွံ့ပြီး နောက်ဆုတ်မသွားပါနဲ့။ အရှုံးသည် ကိုယ်တကယ်တမ်း ဒူးမထောက် လက်မမြှောက်သရွေ့ ထိုအရာကို အနိုင်ယူနိုင်ပါတယ်။
သမိုင်းတစ်လျှောက်မှာ အောင်မြင်ခဲ့တဲ့သူများ၊ လက်ရှိအချိန်မှာ အောင်မြင်နေကြတဲ့ အနုပညာရှင်များ၊ စီးပွားရေးပညာရှင်များ၊ တီထွင်ဖန်တီးကြတဲ့ သိပ္ပံပညာရှင်များကို လေ့လာကြည့်လိုက်ပါ။ သူတို့သည်လည်း ဘဝတစ်ကွေ့မှာ အနည်းဆုံး တစ်ကြိမ်လောက်တော့ အရှုံးနှင့် ရင်ဆိုင်ရတာပါပဲ။ တချို့ဆိုရင် အကြိမ်ပေါင်းများစွာ အရှုံးနှင့် ရင်ဆိုင်ခဲ့ကြရတာပါ။ သို့သော် သူတို့သည် သူတို့ရဲ့ ပန်းတိုင် အောင်မြင်မှု မရခင်အချိန်မှာ အရှုံး နဲ့ ရင်ဆိုင်ခဲ့ရပေမယ့် လုံးဝ လက်မလျော့ခဲ့ကြဘဲ အဆုံးအထိ ကြိုးစားခဲ့ကြတဲ့သူတွေ ဖြစ်ပါတယ်။
ကွီးတို့လည်း ထိုသူများကို နည်းနမူနာ ယူပြီး သူတို့လိုပဲ အရှုံးကြောင့် လက်မလျော့ရလေအောင် ကြိုးစားသင့်ပါတယ်။ ထိုသူတွေက ဘယ်သူတွေလဲဆိုတော့ …
Steven Paul Jobs

Steve Jobs ရဲ့ အောင်မြင်မှုကတော့ ယနေ့ခေတ်မှာ အားလုံးမြင်တွေ့နေကြရတာပဲ ဖြစ်ပါတယ်။ သူ တီထွင်ခဲ့တဲ့ Apple တံဆိပ်သည် နည်းပညာဖွံ့ဖြိုး တိုးတက်နေတဲ့ ယနေ့ခေတ်မှာ လူအမြောက်အမြားရဲ့ ဘဝအပေါ်မှာ အကျိုးသက်ရောက်မှု ရှိနေတာကို မြင်တွေ့ရမှာပါပဲ။ လူအများသည် သူ ဘယ်လိုအခက်အခဲတွေ ကြုံတွေ့ခဲ့ရသလဲဆိုတာကိုတော့ သိကြမှာ မဟုတ်ပါဘူး။ သူသည် သူ့သူငယ်ချင်း အခန်းရဲ့ တံခါးနားမှာ အိပ်ခဲ့ရတယ်။ အိန္ဒိယမှာ ရှိနေစဉ်တုန်းကလည်း အစားအစာများ အလကားစားရဖို့အတွက် ဗလီတွေမှာ နေခဲ့ရပါတယ်။ နောက်ပိုင်းကျမှ Paul နဲ့ Clara Jobs တို့သည် Steve ရဲ့ ပညာရေးအတွက် အထောက်အပံ့ပေးခဲ့ချင်ကြတဲ့အတွက် Steve ကို မွေးစားခဲ့တာပဲဖြစ်ပါတယ်။ ဒါသည် သူ့ရဲ့ ကြိုးစားချင်စိတ်နှင့် မလျော့သောဇွဲနှင့် မဆုတ်မနစ် ကြိုးစားခဲ့တဲ့အတွက်ကြောင့်ပဲမဟုတ်လား။
Marilyn Monroe

Marilyn Monroe သည် လှပတဲ့ မျက်နှာပိုင်ရှင်တစ်ယောက်ဖြစ်ပြီး တီဗွီဖန်သားပြင်ထက်မှာ နှစ်ပေါင်းအတော်ကြာ နေရာယူခဲ့တာပဲဖြစ်ပါတယ်။ တီဗွီဖန်သားပြင်ပေါ်မှာ ပေါ်ပြူလာမဖြစ်ခင်တုန်းကလည်း သူ(မ)သည် ပရိုဂျူဆာများရဲ့ ဝေဖန်မှု၊ ငြင်းပယ်မှုများကို ခံခဲ့ရတာပါ။ သူ(မ)သည် ဆွဲဆောင်မှု မရှိလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ငြင်းပယ်ခဲ့တာပဲ ဖြစ်ပါတယ်။ သူ(မ)သည် ဝမ်းနည်းခဲ့ပေမယ့် လက်မလျော့ခဲ့ပါဘူး။ အဆုံးမှာတော့ လူကြိုက်များတဲ့ မင်းသမီးတစ်လက်ဖြစ်လာခဲ့တာကတော့ မျက်မြင်သက်သေပဲမဟုတ်လား။
Walt Disney

အထူးတလည် မိတ်ဆက်ပေးဖို့ မလိုတဲ့အထဲမှာ Walt Disney လည်း တစ်ယောက်အပါအဝင်ပါပဲ။ သူသည် Walt Disney Inc ရဲ့ တည်ထောင်သူ ပိုင်ရှင်တစ်ယောက်ဖြစ်ပါတယ်။ သူသည် ကျနော်တို့ရဲ့ နှလုံးသားထဲမှာ အထူးသဖြင့် ကလေးတွေရဲ့ နှလုံးသားထဲမှာ နှစ်ပေါင်းအတော်ကြာအောင် နေရာယူထားတာဖြစ်ပါတယ်။
သူ့ရဲ့ဘဝသည်လည်း ပန်းခင်းလမ်းလို နူးညံ့ချောမွေ့နေတာတော့ မဟုတ်ပါဘူး။ သူသည် အသက် ၁၆ နှစ်မှာ ကျောင်းထွက်ခဲ့ပြီး စစ်တပ်ထဲ ဝင်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ အသက်မပြည့်တဲ့အတွက်ကြောင့် ဝင်လို့ မရခဲ့ပါဘူး။ အခက်အခဲ တော်တော်များများ ကြုံတွေ့ပြီးတဲ့နောက်မှာတော့ သူ့ရဲ့ ပထမဆုံးအလုပ်အဖြစ် သတင်းစာတိုက်မှာ ကာတွန်းဆရာအဖြစ် အလုပ်ရခဲ့ပါတယ်။ သို့သော်လည်းပဲ ထိုအလုပ်နဲ့ ရေရှည် မလုပ်ခဲ့ရပါဘူး။ သူနဲ့ သူ့အစ်ကိုသည် Laugh-O-Gram ဆိုတဲ့ ကုမ္ပဏီကို အတူတူ တည်ထောင်ခဲ့တဲ့နောက်မှာတော့ မအောင်မြင်ခဲ့ဘဲ ဒေဝါလီခံသွားပါတယ်။ Laugh-O-Gram ကတော့ Walt Disney အဖြစ် နာမည်မကြီးခင်တုန်းက ကြုံတွေ့ခဲ့ရတဲ့ အရှုံးတစ်ခုဖြစ်ပြီး နောက်ထပ်အောင်မြင်မှုတွေကတော့ အားလုံးသိပြီးသားပဲဖြစ်မှာပါ။
Nelson Mandela

Photo: Britannica
ကွယ်လွန်သွားပြီဖြစ်တဲ့ Nelson Mandela သည် ကမ္ဘာတစ်ဝှမ်းလုံးတွင် လူလေးစားခံရတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပါတယ်။ သူသည် တောင်အာဖရိကရဲ့ သမ္မတအဖြစ် ရွေးချယ်တင်မြောက်ခြင်း မခံရခင်က အခက်အခဲပေါင်းများစွာကို ၂၇ နှစ်ခန့် ခံစားခဲ့တာဖြစ်ပါတယ်။ သူ ထောင်ကျနေစဉ်အခါတုန်းကလည်း လက်မလျော့ခဲ့ဘဲ William Ernest Henley ရဲ့ နာမည်ကြီးဆောင်ပုဒ်တစ်ခုဖြစ်တဲ့ စာသားတစ်ခုကို စာရွက်အလွတ်တစ်ရွက်မှာ ကူးယူခဲ့ပါတယ်။ ထိုစာသားကတော့ “ငါသည်သာ ငါ့ကံကြမ္မာရဲ့သခင်ဖြစ်တယ်။ ငါသည် ငါ့ဝိညာဉ်ရဲ့ကပ်ပတိန်ဖြစ်တယ်” ဆိုတဲ့ စာသားလေးပဲဖြစ်ပါတယ်။
Akio Morita

လူတော်တော်များများကတော့ Akio Morita နဲ့ ရင်းနှီးကြမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ Sony ဆိုတဲ့ ဂျပန်တံဆိပ်ကိုတော့ ရင်းနှီးကြမှာပါ။ Sony ရဲ့ ပထမဦးဆုံး ထုတ်ကုန်ပစ္စည်းကတော့ ထမင်းပေါင်းအိုးဖြစ်ပါတယ်။ သို့သော် ထိုထမင်းပေါင်းအိုးသည် အလုံး ၁၀၀ ခန့်သာ ရောင်းရပြီး (လုံးဝ)ကို ရှုံးနိမ့်ခဲ့တာပါ။ သို့သော် Akio Morita သည် ထိုရှုံးနိမ့်မှုကို မမှုခဲ့ပါဘူး။ ဒါ့ကြောင့်လည်း Sony ဆိုပြီး ယနေ့ခေတ်မှာ အရည်အသွေးကောင်းတဲ့ ပစ္စည်းများကို ကျနော်တို့ရဲ့ နေ့စဉ်ဘဝမှာ အသုံးပြုနိုင်နေတာဖြစ်ပါတယ်။
Source: Successstory
Featured Image: Sonyrumors
