လိုင်စင်ရ အိမ်ထောင်ရေးအကြံပေးသူများနှင့် မိသားစုရေးရာ ဆွေးနွေးတိုင်ပင်ပေးသူများရဲ့ ပြောကြားချက်အရ လူတစ်ယောက်သည် ငယ်ဘဝက သွန်သင်ဆုံးမခြင်း ခံခဲ့ရပုံများ၊ ကြီးပြင်း လာခဲ့ပုံများသည် သူတို့ရဲ့ အိမ်ထောင်ရေး အပေါ် များစွာ အကျိုးသက်ရောက်မှုရှိတယ်လို့ ပြောကြားထားကြပါတယ်။

လူတစ်ယောက်နဲ့ တစ်ယောက်ရဲ့ ကြီးပြင်း လာမှုသည် မတူညီတဲ့အပြင် သူတို့ မိဘ တွေရဲ့ အိမ်ထောင်ရေး သည်လည်း ပုံစံအမျိုးမျိုးရှိနေတတ်ပါတယ်။ ကိုယ် ငယ်ငယ်က ကိုယ့်မိဘတွေက ဘယ်လိုသွန်သင် ဆုံးမခဲ့သလဲ။ ထိုဆုံးမမှု ပုံစံခွက်ထဲ ဝင်သွားပြီး အိမ်ထောင်ပြုပြီးနောက်မှာလည်း ကိုယ့်ရဲ့ လက်တွဲဖော်ကို ထိုအတိုင်း ပြုမူပါတော့တယ်။

ကွီးတို့ရော ဘယ်အမျိုးအစားထဲမှာ ပါသလဲ။ ကိုယ့်ရဲ့ ကြီးပြင်း မှုပုံစံက ကိုယ့်ရဲ့ အိမ်ထောင်ရေး ကို ကောင်းကျိုးများဖြစ်စေသလား၊ ဆိုးကျိုးများ ဖြစ်စေသလားဆိုတာကို ဒီဆောင်းပါးလေး ဖတ်ပြီးတဲ့နောက်မှာ ပြန်လည်သုံးသပ်နိုင်ပါတယ်။

ငယ်ငယ်တုန်းက ကိုယ့်မိဘတွေက ထိန်းချုပ်မှုများအကြား ကြီးပြင်းလာရတဲ့အခါ

ကြီးပြင်း အိမ်ထောင်ရေး

Photo: Lifeadvancer

သင့်ရဲ့ မိဘတွေက ဒေါသထွက်လွယ်ပြီး ကလေးအပေါ်မှာလည်း စိတ်မရှည်တတ်ကြဘူး၊ ကလေးကို တစ်ချိန်လုံး ထိန်းချုပ်နေတတ်ကြပြီး ကလေးက တစ်စုံတစ်ရာ အမှားလုပ်မိပါကလည်း ဝေဖန်ပြစ်တင်လို့ မဆုံးတော့ပါဘူး။ သင်က ကျောင်းမှာ အမှတ်ကောင်းကောင်းတွေ အဆင့်ကောင်းကောင်းရမှ သင့်ကို တော်ကြောင်း ချီးမွမ်းပြီး သူတို့ရဲ့အချစ်တွေကို ဖော်ပြတတ်တယ်လို့ ခံစားရပါသလား။ ဒါဆိုရင်တော့ သင် ကြီးလာလို့ အိမ်ထောင်ပြုတဲ့အခါ ထိုသက်ရောက်မှုကလည်း မသေးပါဘူး။

သင့်ရဲ့ လက်တွဲဖော်ကို အရိပ်တကြည့်ကြည့် ကြည့်နေတတ်ပြီး ကိုယ့်ရဲ့ ပျော်ရွှင်မှုကို ရှေ့မထားဘဲ တစ်ပါးသူရဲ့ ပျော်ရွှင်မှုကိုသာ ဦးစားပေးကြပါတယ်။ ဒါ့အပြင် ကိုယ်တိုင်က အိမ်ထောင်ဦးစီး ဖြစ်ပေမယ့်လို့ စဥ်းစားဆုံးဖြတ်နိုင်စွမ်းနည်းပါးပါလိမ့်မယ်။

ကိုယ်ကပဲ နစ်နာသူတစ်ယောက်အဖြစ် ကြီးပြင်းလာပါသလား

ကြီးပြင်း အိမ်ထောင်ရေး

ငယ်စဥ်က သင့်ရဲ့မိဘတွေသည် သင့်အပေါ် ညှာတာမှုမရှိဘဲ တစ်ချိန်လုံး ဆူပူကျိန်းမောင်းနေမယ်။ သင့်အဖေနဲ့ အမေကလည်း အချင်းချင်း ကြင်နာမှုမရှိဘဲ အကြမ်းဖက်မှုများရှိနေမယ်ဆိုရင်တော့ အမှတ်ရစရာကောင်းတဲ့ ကလေးဘဝမျိုးကို ပိုင်ဆိုင်ထားမှုမဟုတ်ပါဘူး။ သင်သည် ငယ်စဥ်ကတည်းက ကိုယ့်ရဲ့ ခံစားချက်များကို ချိုးနှိမ်ထားတတ်ပြီး ကိုယ့်ရဲ့ကိုယ်ပိုင်ကမ္ဘာထဲမှာ သီးသန့်နေတတ်ကြတာဖြစ်ပါတယ်။

လက်တွဲဖော်ရှာတွေ့လို့ အိမ်ထောင်ပြုတဲ့အခါမှာလည်း တစ်သီးတစ်သန့်တည်း နေတတ်ပြီး ကိုယ့် အိမ်ထောင်ဖက်အပေါ် စိတ်ဝင်စားမှုလည်း မပြသတတ်ကြသလို ဖြစ်လာပါလိမ့်မယ်။

မိမိရဲ့လက်တွဲဖော်အား စိတ်အေးချမ်းသာစေသူ

ကြီးပြင်း အိမ်ထောင်ရေး

Photo: Medicinenet

ထိုသူတို့သည် ငယ်စဥ်တုန်းက ပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုကနေ ဆင်းသက်လာသူဖြစ်နိုင်ပါတယ်။ တစ်စုံတစ်ရာ အမှားအယွင်းပြုလုပ်မိပါကလည်း မိဘများက မှန်ကန်စွာ သွန်သင်ထားတဲ့အတွက်ကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုများ မပျောက်ကွယ်သွားဘဲ ကြီးလာတဲ့အခါမှာလည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုများတတ်ပါတယ်။ ဒါ့အပြင် ကိုယ့်အမှားကိုလည်း ကိုယ်သိပြီး အမှန်ပြန်ပြင်တတ်အောင် သွန်သင်ခံရကာ ကြီးပြင်းလာတာြဖစ်ပါတယ်။ တစ်စုံတစ်ရာကြောင့် ရန်ဖြစ်ပါကလည်း စိတ်အေးအေးထားပြီး ရန်ပြေငြိမ်းသွားအောင် ပြုလုပ်နိုင်စွမ်းရှိကြပါတယ်။

တကယ်လို့ သင်သည် ငယ်စဥ်ဘဝတုန်းက ဒီလိုမျိုး သွန်သင် ဆုံးမခံခဲ့ရမယ်ဆိုရင်တော့ အသက်အရွယ်ရလို့ အိမ်ထောင်ကျတဲ့အခါ ကိုယ့်အိမ်ထောင်ဖက်နဲ့ အပေးအယူမျှစွာ လုပ်ဆောင်တတ်ပြီး သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်နိုင်ပါတယ်။ ဘယ်လောက်ပဲ လင်မယားလို့ ဆိုနေပါစေ တစ်ယောက်နဲ့ တစ်ယောက်သည် သူ့စည်း ကိုယ့်စည်း ထားတတ်ပြီး တစ်ယောက်ကိုတစ်ယောက် လေးစားတတ်ကြပါတယ်။ အကူအညီလိုအပ်ပါကလည်း တစ်ယောက်ကို တစ်ယောက် ကူညီတတ်ကြသူတွေဖြစ်ပါတယ်။

ရှောင်ပြေးတတ်သူများ

couple marriage

ငယ်စဥ်က အချစ်တွေ အပြည့်အဝ မရရှိတဲ့ကလေးများကျပြန်တော့ ကိုယ့်အား ကိုယ်ကိုးကာ ကြီးပြင်းလာခဲ့ရကြပါတယ်။ မိမိစိတ်ခံစားချက်များကို ဖော်ပြတတ်ခြင်းသည် ကိုယ့်ရဲ့အားနည်းချက်ကို ဖော်ပြတာနဲ့ အတူတူပဲဆိုတဲ့ သွန်သင်ဆုံးမမှုများနဲ့ ကြီးပြင်းလာခဲ့ရတာဖြစ်ပါတယ်။

ဒါ့ကြောင့် လက်တွဲဖော်ရလာတဲ့အခါမှာလည်း သူတို့သည် သူတို့ရဲ့ ခံစားချက်အစစ်အမှန်ကို မဖော်ပြတတ်ကြတော့ပါဘူး။ ပြဿနာတစ်ခုခု ကြုံတွေ့ရတဲ့အခါမှာလည်း ရှောင်ဖယ်ပြေးတတ်ကြပြီး ကိုယ့်ရဲ့လက်တွဲဖော်ထံမှ အကူအညီ ရယူဖို့ကိုလည်း လက်တွန့်တတ်ကြပါတယ်။ ကိုယ့်ရဲ့ သန်မာတဲ့ပုံစံကိုပဲ ပြချင်တဲ့အတွက်ကြောင့် တစ်ယောက်နဲ့တစ်ယောက်ရဲ့ စိတ်ရင်းအမှန်တွေကို ဖုံးကွယ်လာတတ်ကြပါတော့တယ်။

အရာရာပြီးပြည့်စုံချင်လွန်းသူ

couple marriage

ငယ်ငယ်က ကိုယ့်မိဘတွေက အဆင့်ကောင်းရင် ဒါ ဝယ်ပေးမယ်၊ ဟိုဟာ ဝယ်ပေးမယ်ဆိုပြီး တကယ်တမ်း အဆင့်ကောင်းတော့ ပြောထားတဲ့အတိုင်း ကတိမတည်တာမျိုးနဲ့ ကြုံရဖူးပါသလား။ တစ်ကြိမ်တစ်ခါလောက်ကတော့ ပြဿနာမရှိပေမယ့် ငယ်စဥ်ဘဝမှာ ထိုကဲ့သို့ ကိုယ့်ရဲ့ယုံကြည်မှုကို မကြာခဏ ချိုးဖောက်ခံခဲ့ရတဲ့အခါ သူတို့ရဲ့ Trust Issue သည်လည်း တဖြည်းဖြည်း ကြီးမားလာပါလိမ့်မယ်။

အိမ်ထောင်ကျတဲ့အခါမှာလည်း ကိုယ့်ရဲ့ လက်တွဲဖော်ကို လွယ်လွယ်ကူကူ ယုံကြည်ဖို့ရာ ခက်ခဲလာပြီး အမြဲတမ်းဆိုသလို သံသယ ဝင်တတ်လာပါတော့တယ်။

အခုဖာ်ပြခဲ့တဲ့ အချက်များကြောင့် “ငါ့ရဲ့ ကလေးဘဝက ပျော်ရွှင်စရာမကောင်းလို့၊ ငယ်စဥ်က ကြမ်းတမ်းစွာ သွန်သင်ဆုံးမခံခဲ့ရပြီး ကြီးပြင်း လာခဲ့ရလို့၊ ငါ့ အိမ်ထောင်ရေးကတော့ သာယာပျော်ရွှင်မှာ မဟုတ်တော့ပါဘူးလေ” ဆိုပြီး စိတ်ဓာတ်မကျလိုက်ပါနဲ့။ ကိုယ့်ဘက်က ပြင်ဆင်မယ်၊ ကြိုးစားမယ်ဆိုရင် မဖြစ်နိုင်တဲ့အရာမရှိပါဘူး၊ သင့်ရဲ့ စိတ်ဒဏ်ရာများကိုလည်း သင့်ရဲ့ လက်တွဲဖော်ထံ ဖွင့်ပြကာ သူ(မ)ထံမှ အားပေးစကား ရယူလိုက်ပါ။ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် နားလည်ပြီး အပေးအယူမျှစွာ လုပ်ဆောင်တတ်မယ်ဆိုရင်တော့ သာယာပျော်ရွှင်ရတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ရမှာပဲဖြစ်ပါတယ်။

Source: Brightside

Featured Image: iBelieve