ကွီးတို့ရေ အိပ်ရေးပျက်ရခြင်းရဲ့ အကြောင်းရင်းများစွာ ရှိပါတယ်။ ကွီးတို့ စိတ်ဆန္ဒအလျောက်လုပ်တဲ့ အပြုအမူတွေ၊ ကိုယ်ရေးကိုယ်တာကိစ္စတွေ၊ အလုပ်ချိန်တွေ၊ ကျန်းမာရေးဆိုင်ရာပြဿနာနဲ့ အိပ်ရာ နေရာအခြေအနေကြောင့် ဖြစ်နိုင်ပါတယ်။ စိတ်ကြောင့်လည်း အိပ်ရေးပျက် တာ ဖြစ်နိုင်ပါတယ်။ အိပ်ရေးမဝတဲ့အကြောင်းကို အတွေးလွန်တာ၊ အိပ်မပျော်တာကို စိုးရိမ်စိတ်တွေ လွန်ကဲတာတွေက ပုံမှန်အိပ်စက်ခြင်းအမူအကျင့်များကို ထိခိုက်စေတဲ့အတွက် အိပ်ရေးပျက်သည့်ကာလကို ကြာရှည် စေနိုင်ပါတယ်။

အိပ်ရေးပျက် ကျန်းမာရေး

Photo : Harvard

ဒါ့အပြင် အိပ်ရမဲ့အချိန်မှာ စာဖတ်တာ၊ တီဗွီကြည့်တာ၊ လက်ဖက်ရည်၊ ကော်ဖီ သောက်တာမျိုးလို ကိုယ်တိုင်လုပ်တဲ့ အပြုအမူတွေ၊ လူမှုဆိုင်ရာကိစ္စဖြစ်တဲ့ မိသားစုအတွင်း နာတာရှည်ရောဂါရှိသူကို စောင့်ရှောက်ရတာမျိုးတွေ၊ အိပ်ခန်းမှာ အပူချိန်များတာ၊ ဆူညံမှုများတာမျိုးတွေ၊ ကိုယ်တိုင်နေထိုင် မကောင်းဖြစ်တာမျိုးတွေ၊ စိတ်ဖိစီးမှုများတာမျိုးတွေ၊ အလုပ်ဖိစီးတာ၊ ခရီးထွက်ရတဲ့အခြေအနေ မျိုးတွေမှာ အိပ်ရေးပျက်တာ ဖြစ်နိုင်ပါတယ်။ အိပ်ရေးပျက် တာများလာရင် ရုပ်ပိုင်းရော စိတ်ပိုင်းပါ ထိခိုက်မှု ရှိနိုင်တဲ့အတွက် တစ်နေ့မှာ (၇-၈) နာရီ ခန့် အိပ်သင့်တယ်လို့ ကျန်းမာရေး ပညာရှင်တွေက အကြံပြုထားပါတယ်။ အိပ်ရေးပျက် ခြင်းကြောင့် ကွီးတို့ခန္ဓာကိုယ်မှာ ဖြစ်လာနိုင်တဲ့ ကျန်းမာရေး ပြဿနာများကို ဖော်ပြပေးလိုက်ပါတယ်။

ဖျားနာနိုင်ပါတယ်

အိပ်ရေးပျက် ကျန်းမာရေး

Photo : Syracause.com

အိပ်ရေးပျက်တာများလာရင် ကွီးတို့ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံစွမ်းအားစနစ်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဖျားနာရန် ပိုမိုလွယ်ကူစေသည်။ သုတေသီတွေက အိပ်စက်ခြင်းနှင့် ကိုယ်ခံအားစနစ်ကြား အပြန်အလှန် ဆက်စပ်မှုကို ဖော်ထုတ်တွေ့ရှိခဲ့ပါတယ်။ ဖျားနာပြီး ကောင်းကောင်းမအိပ်ရတဲ့အတွက် ပြင်ပက ဝင်ရောက်လာတဲ့ ပိုးမွှားတွေကို တွန်းလှန်နိုင်ဖို့အချိန် ပိုလိုအပ်ပြီး ဖျားနာမှုလည်း တာရှည်နိုင်ပါတယ်။

နှလုံးကို ထိခိုက်စေပါတယ်

အိပ်ရေးပျက် ကျန်းမာရေး

Photo : University Hospitals

အိပ်ရေးပျက် တာများ သူတွေ ဒါမှမဟုတ် အိပ်ချိန်နည်းသူတွေမှာ လုံလောက်တဲ့ အိပ်ချိန်ရှိသူတွေနဲ့ နှိုင်းယှဉ်ရင် နှလုံး ကျန်းမာရေး အတွက်ဆိုးကျိုးပို ဖြစ်စေကြောင်း သုတေသနတွေက ပြောထားပါတယ်။ အထူးသဖြင့်၊ အိပ်ချိန်နည်းတာနဲ့ နှလုံးသွေးကြော ကျဉ်းရောဂါ ဒါမှမဟုတ် လေဖြတ်နိုင်ခြေ ပိုများပါတယ်။

ကင်ဆာဖြစ်နိုင်ခြေ တိုးလာနိုင်ပါတယ်

အိပ်ရေးပျက် ကျန်းမာရေး

Photo : South Louisiana Medical Associates

အိပ်ချိန်နည်းခြင်းက ရင်သားကင်ဆာ၊ အူမကြီးကင်ဆာနှင့် ဆီးကျိတ်ကင်ဆာ ဖြစ်ပွားမှုနှုန်း မြင့်မားခြင်း နဲ့ ဆက်စပ်နေကြောင်း American Academy of Sleep Medicine (AASM)ရဲ့ အိပ်စက်မှုထုတ်ပြန်ချက် မှာ ဖော်ပြထားပါတယ်။ အိပ်ချိန်နဲ့ပတ်သက်ပြီး လေ့လာ ကြည့်ရာမှာ တစ်ညလျှင်(၇) နာရီနှင့်အထက် အိပ်ရသော အမျိုးသားနှင့် အမျိုးသမီး နှစ်ဦးစလုံးက အလုပ်ကို ကောင်းကောင်း လုပ်နိုင်ကြပါတယ်။

လိင်ပိုင်းဆိုင်ရာ ဆန္ဒ လျော့ပါးလာတယ်

အိပ်ရေးပျက် ကျန်းမာရေး

Photo : Brew Like A Monk

အိပ်ချိန်လုံလောက်စွာမရခြင်းက လိင်ပိုင်းဆိုင်ရာ ဆန္ဒ လျော့ကျစေနိုင်ပါတယ်။ လေ့လာမှုတစ်ခုအရ တစ်ပတ်တာကာလအတွင်း အိပ်ရေးပျက်ခဲ့သော အမျိုးသား များမှာ တက်စတိုစတီရုန်းပမာဏကို ကျဆင်းသွားစေကြောင်း လေ့လာတွေ့ရှိရပါတယ်။ ၅ နာရီ သို့မဟုတ် ထို့ထက်နည်းသော အိပ်စက်ခြင်းက လိင်ဟော်မုန်းအဆင့်ကို ၁၀ မှ ၁၅ ရာခိုင်နှုန်းအထိ လျော့ကျစေပါတယ်။ ဒီလို လျော့ကျခြင်းကြောင့် လိင်မှုဆန္ဒကို လျော့နည်းစေပါတယ်။

အဝလွန်ခြင်းကို ဖြစ်စေနိုင်ပါတယ်

lack of sleep

Photo : HelpGuide.org

အလွန်အကျွံစားတာ၊ လေ့ကျင့်ခန်းမလုပ်တာနဲ့တွဲပြီး အိပ်‌ရေးပျက်လာမယ်ဆိုရင် ကွီးတို့အနေနဲ့ အဝလွန်တဲ့ အန္တရာယ်ကို ကြုံတွေ့ရနိုင်ပါတယ်။ အိပ်စက်ခြင်းက ဆာလောင်ခြင်းနဲ့ ကျေနပ်ခြင်းဆိုတဲ့ ခံစားမှုကို ထိန်းချုပ်ပေးတဲ့ Leptin နဲ့ Ghrelin ဟော်မုန်းတွေကို အကျိုးသက်ရောက်စေပါတယ်။ လေ့လာမှုတစ်ခု က အသက်(၂၀) နှစ်အထက် အရွယ်ရောက်ပြီးသူ (၂၁,၄၆၉) ဦးတွင် အိပ်စက်ခြင်းနှင့် ကိုယ်အလေး ချိန်ကြား ဆက်စပ်မှုကို ဆန်းစစ်ခဲ့ပါတယ်။ သုံးနှစ်တာ ကာလအတွင်း တစ်ညလျှင် (၅)နာရီထက် နည်းသော အိပ်သူများက ကိုယ်အလေးချိန် တက်လာပြီး နောက်ဆုံးတွင် အဝလွန်နိုင်ခြေ ပိုများလာတာကို တွေ့ရပါတယ်။

မှတ်ဉာဏ်ကို ဆုံးရှုံးစေပါတယ်

lack of sleep

Photo : The Gooden Center

သိပ္ပံပညာရှင်တွေက အိပ်စက်ခြင်းဟာ ဦးနှောက်ကို အလိုလိုစုစည်းဖို့ အချိန်ပေးလိုက်ခြင်း ဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။ အထူးသဖြင့် ရေတိုမှတ်ဉာဏ်မှ အချက်အလက်တွေကို ရေရှည်မှတ်သားဖို့ လုပ်ဆောင်ပေးလိုက်ခြင်း ဖြစ်ပါတယ်။ တစ်ညတာကောင်းကောင်း အနားယူအိပ်စက်ခြင်းဖြင့် မှတ်ဉာဏ် ပျောက်ဆုံးမှုကို ပြန်ကောင်းလာစေတယ်လို့ လေ့လာမှုတွေက ဖော်ပြကြပါတယ်။

ဆီးချိုရောဂါဖြစ်နိုင်ခြေ တိုးစေပါတယ်

lack of sleep

Photo : Medical News Today

ညဘက်အိပ်ချိန် (၅) နာရီဟာ လူတစ်ယောက်အတွက် လုံလောက်မှု မရှိဘူးလို့ သိပ္ပံပညာရှင်တွေက ထောက်ပြထားပါတယ်။ အိပ်ရေးပျက်ခြင်းဟာ ကိုယ်တွင်းဇီကမ္မဖြစ်စဉ်တစ်ခုဖြစ်တဲ့ ဂလူးကိုစ့်ပြိုကွဲမှုနဲ့ အင်ဆူလင်ပမာဏကို အနှောက်အယှက် ဖြစ်စေနိုင်ကြောင်း လေ့လာတွေ့ရှိထားပါတယ်။ ဒါကြောင့် အိပ်ရေးပျက်သူတွေဟာ အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်နိုင်ခြေများကြောင်း သိသာထင်ရှားပါတယ်။

အသားအရေကို ထိခိုက်စေပါတယ်

lack of sleep

Photo : Men’s Health

ကွီးတို့အနေနဲ့ ကျန်းမာရေး အန္တရာယ်တွေ ကင်းချင်ရင်တော့ အိပ်ရေးဝဝ အိပ်ဖို့ လိုပါတယ်။ ဒါမှလည်း ကွီးရဲ့ အသားအရေက စိုပြေနေမှာ ဖြစ်ပါတယ်။ အသက်(၃၀) နှင့် (၅၀) နှစ်ကြားရှိ လူအုပ်စုတစ်စုကို အိပ်စက်မှုအလေ့အထနှင့် အရေပြားကျန်းမာရေးအခြေအနေတို့ကို အကဲဖြတ်ကြည့်ရာ အိပ်ချိန်နည်းလွန်းသူတွေက အရေးအကြောင်းနဲ့ လိုင်းတွေ များတာ၊ အသားအရေအရောင်မညီတာ၊ အရေပြား လျော့ရဲတာ ပိုတွေ့ရကြောင်း တွေ့ရပါတယ်။

ကွီးတို့ရေ အိပ်ရေးပျက် တဲ့အခါ ခန္ဓာကိုယ်မှာ ဖြစ်လာနိုင်တဲ့ ကျန်းမာရေး ပြဿနာများ အကြောင်းကို သိပြီးဖြစ်တဲ့အတွက် သက်ရှည် ကျန်းမာဖို့ အပြည့်အဝ အနားယူအိပ်စက်ပါလို့ တိုက်တွန်းလိုက်ပါတယ်။

Source : Healthline

Featured Photo : Sleep Score