အသုံးမလိုတဲ့ ပစ္စည်းများကို ချက်ချင်း မလွှင့်ပစ်ဘဲ ပြန်လည်အသုံးချခြင်းသည် ကောင်းသော အပြုအမူတစ်ခုဖြစ်ပြီး ပတ်ဝန်းကျင်အတွက်လည်း အကျိုးရှိတဲ့ လုပ်ရပ်တစ်ခုပဲဖြစ်ပါတယ်။ ကွီးတို့ အိမ်က ပလပ်စတစ်ဘူးများ၊ ဘီယာ ပုလင်းခွံများကိုလည်း Recycle ပြန်လုပ်ကာ DIY ပန်းပင်များ၊ ထိုင်ခုံများ၊ မီးလုံးများ ဖန်တီးနိုင်ပါတယ်။
အိမ်တွင်း ပန်းပင်ငယ်များအဖြစ် ဖန်တီးချင်သလား (သို့) စားလို့ရတဲ့ သီးပင်ငယ်များအဖြစ် ဖန်တီးချင်သလားဆိုတာကတော့ ကွီးတို့ရဲ့ စိတ်ကူးစိတ်သန်းနဲ့ သက်ဆိုင်သွားပါလိမ့်မယ်။
အခုဖော်ပြမယ့် နည်းလမ်းလေးကတော့ လွယ်ကူရိုးရှင်းပြီး ဘီယာ ပုလင်းခွံ အလွတ်တစ်လုံးရှိတာနဲ့ ပြုလုပ်နိုင်တဲ့ DIY နည်းလမ်းများပဲဖြစ်ပါတယ်။
ဘီယာ ပုလင်းလွတ်ဖြင့် ပြုလုပ်ထားတဲ့ ပန်းပင်
အဆင့် (၁) အရင်ဦးဆုံး ဘီယာပုလင်းခွံကို ရေဆေး သန့်စင်ကာ ခြောက်သွေ့အောင် ထားလိုက်ပါ။
အဆင့် (၂) ပုလင်းဖောက်တံ အသုံးပြုပြီး ဘီယာပုလင်းရဲ့ အပေါ်ဘက်အဖုံးကို ဖွင့်လိုက်ပါ။
အဆင့် (၃) ထို့နောက် ဘီယာ ပုလင်းခွံထဲသို့ အပင် စိုက်ပျိုးမယ့် မြေကြီးများ ထည့်လိုက်ပါ။ ဘီယာ ပုလင်း တစ်ဝက်ခန့် ပြည့်တဲ့အထိ ထည့်ရပါမယ်။
အဆင့် (၄) ထို့နောက် မိမိစိုက်ပျိုးမယ့် အပင်ကို ဘီယာပုလင်းထဲ ထည့်လိုက်ပါ။ ထို့နောက် မြေကြီးများ ထပ်လောင်းထည့်လိုက်ပါ။
အဆင့် (၅) ထို့နောက် မိမိစိတ်ကြိုက် အလှဆင်ပေးလိုက်ပါ။
ဒါဆိုရင်တော့ ဘီယာပုလင်းခွံနှင့် ပြုလုပ်ထားတဲ့ DIY ပန်းပင်လေး ရရှိသွားပြီပဲဖြစ်ပါတယ်။
ဘီယာ ပုလင်း ထိုင်ခုံ
Photo: Pinterest
ဒီထိုင်ခုံလေးကတော့ ဘီယာ ပုလင်းအလွတ်အများအပြား လိုအပ်မယ့် ထိုင်ခုံလေးပဲဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ ဘီယာ ပုလင်းအလွတ်များကို အရင်ဦးဆုံး သန့်စင်အောင် ပြုလုပ်ပြီးနောက် အခြောက်ခံလိုက်ပါ။ ထို့နောက် ကော်ဖြင့် အစီအရီကပ်ထားလိုက်ပါ။ ဒါဆိုရင်တော့ ဘီယာ ပုလင်းများဖြင့် ပြုလုပ်ထားတဲ့ DIY ထိုင်ခုံတစ်လုံး ရရှိသွားပြီပဲ ဖြစ်ပါတယ်။
ဘီယာ မီးလုံးများ
Photo: Thrillist
မီးလုံးများကို အပေါ်ကနေ ဘီယာ ပုလင်းအလွတ် ဖုံးအုပ်ထားတာပဲ ဖြစ်ပါတယ်။ များသောအားဖြင့် ဘားနှင့် စားသောက်ဆိုင်များတွင် အလှဆင်ထားတာကို တွေ့မြင်နိုင်ပါတယ်။ ကွီးတို့အနေနဲ့လည်း ကိုယ့်အိမ်မှာ ထိုနည်းအတိုင်း အလှဆင်ထားနိုင်ပါသေးတယ်။
Featured Image: Bonappetit