အလုပ်သဘာဝကြောင့်ဖြစ်ဖြစ်၊ ကွန်ပျူတာနဲ့ အလုပ်လုပ်ရလို့ဘဲဖြစ်ဖြစ်၊ အချိန်အကြာကြီး အင်တာနက်သုံးလို့ဘဲဖြစ်ဖြစ်၊ လူတော်တော်များများက တစ်နေရာထဲမှာပဲ အထိုင်များ နေတတ်ပါတယ်။ သုတေသနပြုချက်များအရ အချိန်အကြာကြီးထိုင်ခြင်းက ကျန်းမာရေးကို ဆိုးကျိုးသက်ရောက် စေကြောင်း တွေ့ရှိရပါတယ်။ ကျွမ်းကျင်သူများရဲ့ လေ့လာချက်အရ တစ်နေ့လျှင် ရှစ်နာရီထက်ပို၍ ထိုင်ခြင်းက လူတစ်ယောက်ရဲ့ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ကြောင်း တွေ့ရှိရပါတယ်။ ကွီးတို့ရော အကြောင်းအမျိုးမျိုးကြောင့် အထိုင်များနေပါသလား။ ဒီဆောင်းပါးလေးမှာတော့ အထိုင်များတဲ့ သူတွေမှာ ဖြစ်လာနိုင်တဲ့ ကျန်းမာရေး ပြဿနာများကို တင်ပြပေးချင်ပါတယ်။
နှလုံးကို ထိခိုက်နိုင်ပါတယ်

Photo : Lane Regional Medical Center
အထိုင်များတဲ့ သူတွေဟာ နှလုံး ကျန်းမာရေး ကို ထိခိုက်နိုင်တယ်ဆိုတာ သိပါသလား။ သိပ္ပံပညာရှင်တွေက အမြဲတန်းထိုင်နေရတဲ့ အလုပ်လုပ်သူ အုပ်စုနဲ့ မတ်တပ်ရပ်အလုပ်လုပ်ရတဲ့ အလုပ်လုပ်သူ ဝန်ထမ်းအုပ်စု (၂) ခုကို လေ့လာခဲ့ကြပါတယ်။ အုပ်စု(၂)ခုလုံးဟာ အစားအသောက်နဲ့ လူနေမှုပုံစံခြင်း တူကြပါတယ်။ ၎င်းတို့ရဲ့ လေ့လာချက်အရ ထိုင်တဲ့သူတွေက မတ်တပ်ရပ်တဲ့သူတွေထက် နှလုံးရောဂါဖြစ်နိုင်ခြေ နှစ်ဆပိုများကြောင်း လေ့လာတွေ့ရှိခဲ့ကြပါတယ်။
အသက်တိုစေနိုင်ပါတယ်

Photo : www.kanrojyouhou.co.jp
ကွီးတို့အနေနဲ့ အကြာကြီးတောက်လျှောက်ထိုင်နေမယ်ဆိုရင် ကျန်းမာရေး ထိခိုက်နိုင်ပြီး စောစော သေဆုံးနိုင်ခြေပိုများပါတယ်။ နေ့တိုင်း လေ့ကျင့်ခန်း မလုပ်တာ သို့မဟုတ် လှုပ်ရှားမှုနည်းလွန်းပြီး အထိုင်များတယ် ဆိုရင်တော့ သက်တမ်းတိုသွားနိုင်ပါတယ်။
မှတ်ဉာဏ်အားနည်းခြင်းလို ဦးနှောက်ရဲ့စွမ်းရည် ချို့ယွင်းမှု ပိုများနိုင်ပါတယ်

Photo : Harvard Health
အချိန်အကြာကြီးထိုင်သူတွေရဲ့ ဦးနှောက်ဟာ အယ်ဇိုင်းမားရောဂါရှိသူတွေနဲ့ တူလာပါတယ်။ မှတ်ဉာဏ်တွေ လျှော့နည်းလာတတ်ပါတယ်။ အချိန်ကြာမြင့်စွာ ထိုင်ခြင်းက နှလုံးရောဂါ၊ ဆီးချို၊ လေဖြတ်ခြင်း၊ သွေးတိုးခြင်းနှင့် ကိုလက်စထရော မြင့်မားခြင်းတို့လို အရေးကြီးတဲ့ ကျန်းမာရေး ပြဿနာကို ဖြစ်စေနိုင်ပါတယ်။ ဒါကိုသက်သာအောင်လုပ်ဖို့က တစ်နေ့တာလုံး လှုပ်လှုပ်ရှားရှား နေဖို့လိုပါတယ်။
ဆီးချိုရောဂါဖြစ်နိုင်ချေများ မြင့်တက်လာစေနိုင်ပါတယ်

Photo : Diabetes UK
အထိုင်များတဲ့ ကွီးတို့ ဖြစ်လာနိုင်တဲ့ ကျန်းမာရေး ပြဿနာတစ်ခုကတော့ ဆီးချိုရောဂါဖြစ်နိုင်ချေများ မြင့်တက်လာစေတာပဲ ဖြစ်ပါတယ်။ တစ်နေကုန်ထိုင်နေမယ်ဆိုရင် ခန္ဓာကိုယ်က သကြားဓာတ်နှင့် ကာဗိုဟိုက်ဒရိတ်ကို လောင်ကျွမ်း စေသည့် ဟော်မုန်းဖြစ်တဲ့ အင်ဆူလင်အပေါ် တုန့်ပြန်မှု ပြောင်းလဲမှု ဖြစ်နိုင်ကြောင်း ဆရာဝန်တွေက ယူဆကြပါတယ်။ ဒီအချက်ဟာ ဆီးချိုရောဂါ ဖြစ်ပွားနိုင်ချေကို မြင့်တတ်စေတယ်လို့ ဆိုပါတယ်။
ခြေထောက်သွေးခဲခြင်းကို ဖြစ်စေနိုင်ပါတယ်

Photo : The Healthy
ကွီးအနေနဲ့ အချိန်ကြာကြာထိုင်နေမယ်ဆိုရင် Deep Vein Thrombosis (DVT) လို့ခေါ်တဲ့ ခြေထောက် တွင် သွေးခဲများ ဖြစ်ပေါ်တတ်ပါတယ်။ သွေးခဲတွေက ကွီးရဲ့အဆုတ်ကို ရောက်ရှိပြီး ဆိုးဝါးတဲ့ ကျန်းမာ ရေးပြဿနာ ဖြစ်လာနိုင်ပါတယ်။ ဖြစ်လာနိုင်တဲ့ ရောင်ရမ်းခြင်းနှင့် နာကျင်ခြင်းကို သတိပြုမိပေမဲ့ အချို့လူများတွင် ရောဂါလက္ခဏာမပြတဲ့အတွက် အန္တရာယ်ရှိပါတယ်။ ဒါကြောင့် အကြာကြီးထိုင် နေရတဲ့ အလုပ်မျိုးကို ရှောင်သင့်ပါတယ်။
ကိုယ်အလေးချိန်တက်လာမယ်

Photo : Eat This, Not That
တီဗီအကြာကြီးကြည့်တာ၊ နာရီပေါင်းများစွာအင်တာနက်သုံးတာတွေက ကွီးတို့ကို ကိုယ်အလေးချိန် တက်ခြင်း သို့မဟုတ် အဝလွန်ခြင်း ဖြစ်နိုင်ခြေ ပိုများစေပါတယ်။ နေ့တိုင်း လေ့ကျင့်ခန်းလုပ်တာ ကောင်းပါတယ်၊ ဒါပေမယ့် လေ့ကျင့်ခန်း လုပ်ချိန်နည်းပြီး ဖန်သားပြင်မှာ အချိန်ကုန်နေရင်တော့ ကိုယ်အလေးချိန် တက်တာကို ထိန်းချုပ်နိုင်မှာ မဟုတ်ပါဘူး။
နောက်ကျောရိုးကို ထိခိုက်စေပါတယ်

Photo : Welcoa
အချိန်အကြာကြီး ထိုင်ခြင်းက ကွီးရဲ့ကျောရိုးကြွက်သား၊ လည်ပင်းနဲ့ ကျောရိုးမကြီးကို ပြင်းထန်တဲ့ ဒါဏ်ဖြစ်စေပါတယ်။ ဒါကြောင့် သက်တောင့်သက်သာရှိစေမဲ့ ကုလားထိုင်မျိုးကို သုံးသင့်ပါတယ်။ ဒါပေမဲ့ အချိန်ကြာကြာထိုင်ခြင်းက နောက်ကျောရိုးကို ဒါဏ်ဖြစ်တဲ့အတွက် နာရီဝက်ကြာတိုင်း တစ်မိနစ် နှစ်မိနစ်လောက် လှုပ်ရှားပေးပါ။
သွေးပြန်ကြော ထုံးခြင်းကို ဖြစ်စေပါတယ်

Photo : Vein Health Clinics
အချိန်ကြာကြာထိုင်ခြင်းက ကွီးရဲ့ခြေထောက်ပိုင်းသွေးပြန်ကြောမှာ သွေးစုပြီး သွေးပြန်ကြောပေါ်မှာ ဖိအားသက်ရောက်စေပါတယ်။ သွေးပြန်ကြာထုံးတာကို ဖြစ်စေပါတယ်။ ပင့်ကူမျှင်လို သွေးကြောထုံး တွေ ဖြစ်လာပြီး နာကျင်မှု ရှိနိုင်ပါတယ်။
ကင်ဆာအန္တရာယ် ဖြစ်စေနိုင်ပါတယ်

Photo : Cytecare
အထိုင်များတဲ့ သူများအတွက် သတိထားရမဲ့ ကျန်းမာရေး ပြဿနာတစ်ခုကတော့ ကင်ဆာရောဂါ ဖြစ်ပွားနိုင်ခြေရှိ ခြင်းပဲ ဖြစ်ပါတယ်။ အူမကြီးနဲ့ အဆုတ်ကင်ဆာ အန္တရာယ်ရနိုင်ပါတယ်။ ထိုင်ချိန်များလေ အန္တရာယ်ပိုများလေ ဖြစ်ပါတယ်။ လှုပ်ရှားမှုက သက်သာနိုင်စေပေမဲ့ ကွီး အချိန်ဘယ်လောက်ထိုင်ခဲ့သလဲဆိုတဲ့ အချက်က အန္တရာယ် သက်ရောက်မှုကို လွှမ်းမိုးပါတယ်။
ကွီးတို့ရေ အချိန်ကြာမြင့်စွာ ထိုင်ခြင်းက ကျန်းမားရေးအတွက် ဆိုးကျိုးတွေ ဖြစ်နိုင်တယ်ဆိုတာ အထက်မှာ ဖော်ပြပြီးဖြစ်ပါတယ်။ ဒါကြောင့် အချိန်အကြာကြီးမထိုင်မိအောင် သတိပြုဖို့ လိုပါတယ်။ နေ့စဉ်လှုပ်ရှားမှု လုပ်ပါ။ အလုပ်မှာ မတ်တပ်ရပ်ပါ၊ ခြေချောင်းတွေ ထိအောင် အကြောဆန့်ပါ။ နာရီဝက်လောက် လုပ်ပေးပါ။ ရုံးခန်းပတ်လည် လမ်းလျှောက်ပါ။ ကွန်ပျူတာ၊ အလုပ်စားပွဲကို မြှင့်ပြီး အလုပ်လုပ်ပါ။ ပြေးစက်ပေါ် ပြေးပေးပါ။ အခုလိုလုပ်ပေးခြင်းက အထိုင်များတဲ့ အတွက် ဖြစ်လာနိုင်တဲ့ ကျန်းမာရေး ဆိုးကျိုးတွေကို ရပ်တန့်စေပြီး ကောင်းမွန်တဲ့ ကျန်းမာရေးကို ပေးနိုင်ပါလိမ့်မယ်။ လိုက်နာဖို့ အကြံပြုပါရစေ။
Source : Web MD
Featured Photo : Northwell
