များသောအားဖြင့်တော့ အိမ်တွင်းအနိုင်ကျင့်ခံရမှုရဲ့ သားကောင်းတွေဟာ အမျိုးသမီးတွေလို့ သတ်မှတ်ထား ကြပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့ အမျိုးသားတွေထဲမှာလည်း အိမ်တွင်းအနိုင်ကျင့်ခံရမှုရဲ့ သားကောင်တွေ ရှိနိုင်သလို တကယ့်ပြင်ပ လက်တွေ့လောကမှာလည်း အနည်းအကျဉ်း ရှိနေကြပါတယ်။ အိမ်တွင်းအနိုင်ကျင့်ခံရမှုလို့ ဆိုရာမှာ ရုပ်ပိုင်းဆိုင်ရာ အနိုင်ကျင့် စော်ကားမှုနဲ့ စိတ်ပိုင်းဆိုင်ရာ ထိုးနှက်မှုတွေ ပါဝင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ သင့်ကို ရုပ်ပိုင်းဆိုင်ရာဖြစ်စေ စိတ်ပိုင်းဆိုင်ရာဖြစ်စေ တနည်းနည်းနဲ့ အနိုင်ကျင့်စော်ကားမှုတွေ ကျူးလွန်နေတဲ့ ဆိုးရွားတဲ့ဇနီး တစ်ယောက် ပိုင်ဆိုင်ထားကြောင်း သက်သေပြနေတဲ့ လက္ခဏာ ရပ်တွေကို ဖော်ပြပေးချင်ပါတယ်။
(၁) အရာရာထိန်းချုပ်ခြယ်လှယ်တက်သူ

Photo : AskApril
ယောကျာ်းဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် တခြားလူတစ်ယောက်က ကိုယ့်အပေါ် ရာနှုန်းပြည့် ထိန်းချုပ်ခြယ်လှယ်တာမျိုး နှစ်မြို့နိုင်မယ် မထင်ပါဘူး။ လက်ထပ်တယ်ဆိုတာဟာ လူတစ်ယောက်ဘဝကို တခြားလူတစ်ယောက်က စိတ်ကြိုက် ချုပ်ကိုင်ခြယ်လှယ်ခွင့် ပေးလိုက်တာမျိုး မဟုတ်ပါဘူး။ တကယ်တော့ အပြန်အလှန် လေးစားမှုနဲ့ လွတ်လပ်မှုကို မျှမျှတတ လက်ခံကျင့်သုံးရင်း အတူယှဉ်တွဲနေထိုင်သွားနိုင်မှသာ အောင်မြင်ပျော်ရွှင်တဲ့ အိမ်ထောင်ရေးတစ်ခုကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။
အမျိုးသမီးတွေ အနေနဲ့ ကိုယ့်လက်တွဲဖော်အပေါ် စိတ်မချတာ ၊ စိုးရိမ်ပူပင်တာတွေတော့ ရှိတက်တာ သဘာဝပါပဲ။ ဒါပေမယ့်လည်း တချို့သော မပြည့်ဝတဲ့ အမျိုးသမီးတွေကတော့ သင့်ရဲ့ ပေါင်းသင်းဆက်ဆံရေး ကစလို့ ဝင်ငွေအဆုံး အစစအရာရာမှာ ထိန်းချုပ်ခြယ်လှယ်ပြီး လူတစ်ယောက်မှာရှိသင့်တဲ့ လွတ်လပ်ခွင့်နဲ့ လူကျင့်ဝတ်တွေအားလုံးကို လေးစားမှုမရှိ ချိုးဖောက်ဖျက်စီးနေမှာ ဖြစ်ပါတယ်။
(၂) နှုတ်အားဖြင့် အနိုင်ကျင့်စော်ကားသူ

Photo : Exploring your mind
အိမ်ထောင်သည် ဇနီးမောင်နှံတွေမှ မဟုတ်ပါဘူး။ တချို့သမီးရည်းစား စုံတွဲတွေမှာလည်း ရန်ဖြစ်စကားများချိန်မှာ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်အော်ငေါက်မိတဲ့ အခြေအနေမျိုးတွေ ရှိတက်ကြပါတယ်။ ဒါဟာ ပုံမှန်အခြေအနေတစ်ခုလို့ ထင်ကြပေမယ့်လည်း Healthy ဖြစ်တဲ့ အပြုအမူတစ်ခုတော့ မဟုတ်ပါဘူး။ ဒီလိုအခြေအနေကို သာမာန်လို့ သတ်မှတ်လိုက်မယ်ဆိုရင်တော့ နောက်ပိုင်း ပြဿနာတက်ချိန်တွေမှာ ပိုမိုဆိုးရွားတဲ့ စကားလုံးတွေ ၊ ရိုင်းစိုင်းတဲ့ အသုံးအနှုန်းတွေနဲ့ ပြောဆို ဆက်ဆံတဲ့အထိ အခြေအနေဟာ ဆိုးရွားလာနိုင်ပါတယ်။
ရိုင်းစိုင်းတဲ့ အသုံးအနှုန်းစကားလုံးတွေနဲ့ နှုတ်အားဖြင့် အနိုင်ကျင့်စော်ကားခြင်းဟာ လေးစားမှုမရှိတဲ့ ဆက်ဆံရေးတစ်ခုကို ဖော်ပြနေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ချစ်သူရည်စားဘဝကတည်းက ရန်ဖြစ်စကားများချိန်မှာ အတက်နိုင်ဆုံး ကြမ်းတမ်းတဲ့ စကားလုံးတွေနဲ့ ဖြေရှင်းတဲ့ နည်းလမ်းကို ရှောင်ကြဉ်သင့်ပါတယ်။
(၃) ကိုယ်ထိလက်ရောက် အနိုင်ကျင့်စော်ကားသူ

Photo : The Firm For Men
ရုပ်ပိုင်းဆိုင်ရာအားဖြင့် ကိုယ်ထိလက်ရောက် အကြမ်းဖက်ကျူးလွန်နေပြီဆိုရင်တော့ ဒါဟာအနီရောင်အဆင့်လို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။ ခင်ပွန်းသည်ဖြစ်စေ ၊ ဇနီးသည်ဖြစ်စေ ကိုယ့်ပါတနာအပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်တိုက်ခိုက်တာမျိုးဟာ တကယ့်ကို အရုပ်ဆိုးအကျည်းတန်တဲ့ လုပ်ရပ်တစ်ခုပါပဲ။ ဘယ်လောက်ပဲ ကြီးမားတဲ့ ပြဿနာတစ်ခုဖြစ်နေပါစေ နှုတ်အားဖြင့် ရှင်းလို့မရရင် ၊ တရားဥပဒေနဲ့ နည်းလမ်းကျကျ ဖြေရှင်းလို့ရပါတယ်။
ကိုယ်ထိလက်ရောက် အနိုင်ကျင့်စော်ကားတာမျိုးဟာ လူ့အဖွဲ့အစည်းမှာ လက်ခံမပေးနိုင်တဲ့ အခြေအနေတစ်ခုပါ။ တကယ်ဆိုရင် ရန်ဖြစ်စကားများပြီး ဒေါသထွက်နေချိန်မှာ အနီးအနားက ပစ္စည်းတွေကို ရိုက်ခွဲဖျက်စီးတာ ၊ ကိုယ့်ပါတနာကို အရာဝတ္ထုတွေနဲ့ ပစ်ပေါက်တာအစ အကြမ်းဖက်မှုမြောက်တဲ့ လုပ်ရပ်တွေပဲ ဖြစ်ပါတယ်။
(၄) လွန်လွန်ကဲကဲ သဝန်တိုသူ

Photo : NetDoctor
မိန်းကလေးတိုင်း ကိုယ့်ချစ်သူ ၊ လက်တွဲဖော်နဲ့ ပတ်သတ်ရင် သဝန်တိုတက် ကြပါတယ်။ ဒါပေမယ့် စိုးမိုးလိုစိတ်နဲ့ လွန်လွန်ကဲကဲ သဝန်တိုတဲ့စိတ်တွေကတော့ ချစ်စရာကောင်းတဲ့ အရည်အသွေးတွေ မဟုတ်တာ သေချာပါတယ်။ လူနှစ်ဦးနှစ်ယောက်ရဲ့ ဆက်ဆံရေးဟာ ယုံကြည်မှုပေါ်မှာ အခြေတည်တာပါ။ အရာရာမှာ သဝန်တိုစိတ်တွေ များနေမယ်ဆိုရင် မလိုလားအပ်တဲ့ ပြဿနာတွေကို ဖြေရှင်းနေရပြီး ကြာလာရင် စိတ်ပိုင်းဆိုင်ရာမှာပါ ထိခိုက်လာနိုင်ပါတယ်။
(၅) လက်တွဲဖော်ကို အရှက်ရစေလိုသူ
Photo : INTJ Secrets
လူတိုင်းလူတိုင်း ဒါမှမဟုတ် လူနှစ်ယောက် ပေါင်းသင်းဆက်ဆံတဲ့ Relationship တိုင်းမှာ ကိုယ်ရေးကိုယ်တာကိစ္စတွေဆိုတာ ရှိကြစမြဲပါပဲ။ သင့်ရဲ့လက်တွဲဖော်ဟာ သင့်အပေါ်လေးစားမှု မရှိသလို လူကျင့်ဝတ်ကိုလည်း ကောင်းကောင်း နားလည်ထားသူတစ်ယောက် မဟုတ်ပါက သင့်ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေနဲ့ အိမ်ထောင်ရေးအကြောင်းတွေကို လူသိရှင်ကြား ထုတ်ဖော်ပြီး အရှက်ရအောင် ပြုမူလုပ်ဆောင်မှာ ဖြစ်ပါတယ်။

