ကျွန်တော်တို့ နေ့စဉ်စားလိုက်တဲ့ အစားအစာတစ်ခုစီတိုင်းဟာ ကျန်းမာရေးအပေါ် တိုက်ရိုက် သက်ရောက်မှု ရှိပါတယ်။ သန်စွမ်းကြံ့ခိုင်မှုအပြည့်နဲ့ ကျန်းမာရွှင်လန်းတဲ့ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်ဖို့ဆိုရင် ကျန်းမာရေးနဲ့ညီညွှတ်ပြီး အာဟာရဓာတ် ပြည့်စုံမျှတစွာ ပါဝင်တဲ့ အစားအစာတွေကို စားသုံးပေးဖို့ လိုပါတယ်။ အခုတစ်ခေါက် ပြောပြပေးမှာကတော့ အမျိုးသား တွေရဲ့ စိတ်နဲ့ ခန္ဓာကိုယ် အလုံးစုံကျန်းမာရေး အတွက် ကောင်းကျိုးပြုတဲ့ အစားအစာ တွေ အကြောင်းပါ။
(၁) အနီရောင်အသားများ
အမဲသား ၊ သိုးသားနဲ့ ဝက်သားတို့လို အနီရောင်အသားတွေဟာ အမျိုးသား တို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ပရိုတင်းဓာတ်ကို ပေးစွမ်းပါတယ်။ အဓိကအားဖြင့် ကြွက်သားတည်ဆောက်ရာမှာ အထောက်အကူပြုတဲ့ Leucine လို့ခေါ်တဲ့ အမိုင်နိုအက်ဆစ်ဓာတ်ကို အနီရောင်အသားတွေကနေ ရနိုင်ပါတယ်။ အားကစားကစားသမားတွေ ၊ Bodybuilding လုပ်နေသူတွေအနေနဲ့ တစ်ပတ်ကို ၄ ကြိမ်ခန့် အနီရောင်အသားတွေ စားသုံးပေးသင့်ပါတယ်။
(၂) အနက်ရောင် ချောကလက်
အနက်ရောင် ချောကလက်မှာ ကျန်းမာရေးအတွက် အကျိုးပြုဓာတ်တွေ ပေါပေါများများ ပါပါတယ်။ Flavanols လို့ခေါ်တဲ့ ဓာတုဒြပ်ပေါင်းတွေ ပါဝင်တဲ့အတွက် သွေးစီးဆင်းမှုကိုကောင်းစေပြီး မကောင်းတဲ့ ကိုလက်စထရောပမဏကို ထိန်းညှိပေးကာ နှလုံးကျန်းမာရေးနဲ့သွေးပေါင်ချိန်ကို ကောင်းမွန်မှန်စေပါတယ်။ သွေးစီးဆင်းမှုဟာ အမျိုးသား တွေရဲ့ လိင်အင်္ဂါသန်စွမ်းမှုနဲ့ ဆက်စပ်နေတဲ့အတွက် ကျန်းမာတဲ့ လိင်မှုဘဝကို ပိုင်ဆိုင်နိုင်ဖို့ အနက်ရောင်ချောကလက်တွေက အများကြီး အထောက်အကူ ပြုနိုင်ပါတယ်။
(၃) ခရုကမာ
ခရုကမာနဲ့ အခြားသော ပင်လယ်ထွက် အစားအစာ တွေမှာ ဇင့်ဓာတ်ကြွယ်ဝစွာပါဝင်ပြီး ၎င်းက နှလုံး ၊ ကြွက်သားနဲ့ မျိုးပွားမှုစနစ်အတွက် အလွန်အရေးကြီးပါတယ်။ လေ့လာမှုတွေအရ ဇင့်ဓာတ်ချို့တတဲ့ အမျိုးသား တွေမှာ သုတ်ပိုးအရည်အသွေးကျဆင်းပြီး မျိုးမအောင်နိုင်တဲ့ ပြဿနာတွေ ကြုံတွေ့ရနိုင်တယ်လို့ ဆိုပါတယ်။ အကယ်၍ ပင်လယ်စာမကြိုက်သူဆိုရင်တော့ အမဲသား ၊ ကြက်ဆင်သား ၊ ကြက်သား ၊ အခွံမာသီးနဲ့ အစေ့အဆန်တွေကနေ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ဇင့်ဓာတ်ကို မှီဝဲနိုင်ပါတယ်။
(၄) လိမ္မော်ရောင် ဟင်းသီးဟင်းရွက်များ
အမျိုးသား ကျန်းမာရေးအတွက် အထောက်ကူပြုတဲ့ အစားအစာ တွေထဲမှာ လိမ္မော်ရောင် ဟင်းသီးဟင်းရွက်တွေလည်း ပါပါတယ်။ လိမ္မော်ရောင် ဟင်းသီးဟင်းရွက်တွေဟာ Beta-Carotene ၊ Lutein နဲ့ Vitamin C အရင်းအမြစ်ဖြစ်ပါတယ်။ ဒီ အာဟာရဓာတ်တွေဟာ အမျိုးသားတွေမှာ အဖြစ်များတဲ့ ဆီးကျိတ်ကြီးခြင်း ရောဂါဝေဒနာကို လျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် လိမ္မော်ရောင် ဟင်းသီးဟင်းရွက်တွေဖြစ်တဲ့ ငရုတ်ပွ ၊ မုန်လာဥနီ ၊ ရွှေဖရုံသီးနဲ့ ကန်စွန်းဥတွေ များများစားပေး သင့်ပါတယ်။
(၅) အစိမ်းရင့်ရောင် အရွက်များ
ဟင်းနုနွယ်ရွက် ၊ ဂေါ်ဖီစိမ်းနဲ့ ကိုက်လန်တို့လို အစိမ်းရင့်ရောင် အရွက်တွေက မျက်စိကျန်းမာရေးအတွက်သာမက အမျိုးသား တိုင်း အလေးထားရမယ့် ဆီးကျိတ် ကျန်းမာရေးကို ကောင်းမွန်စေဖို့ ကူညီပေးနိုင်ပါတယ်။ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေမှာ Lutein နဲ့ Zeaxanthin ဓာတ်တွေ အများကြီးပါပါတယ်။ ဒီအာဟာရဓာတ် နှစ်မျိုးစလုံးဟာ အတွင်းတိမ်နဲ့ အသက်အရွယ်ဆိုင်ရာ အမြင်အာရုံကြွက်သားများ ယိုယွင်းလာခြင်းနဲ့ မျက်စိရောဂါဝေဒနာတွေကိုလည်း ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။
(၆) ပဲပိစပ်
အမျိုးသား တွေမှာ အဖြစ်များတဲ့ ဆီးကျိတ်ကင်ဆာကို အကောင်းဆုံးကာကွယ်ပေးနိုင်တဲ့ အစားအစာ တွေထဲမှာ ပဲပိစပ်က ထိပ်ဆုံးကပါပါတယ်။ ဒါဟာ နိုင်ငံပေါင်း ၄၀ ကျော်က သုတေသနပြုချက်စစ်တမ်းတွေမှာ ဖော်ပြထားတာပါ။ ပဲပိစပ်ကနေ ထုတ်လုပ်တဲ့ တို့ဟူး(ပဲပြား) ၊ ပဲနို့နဲ့ မီဆိုဟင်းရည် တို့လိုအစားအစာတွေဟာ အာရှနိုင်ငံတွေမှာ လူကြိုက်များပြီး အနောက်နိုင်ငံတွေထက်စာရင် အဆ ၉၀ လောက် စားသုံးမှုပိုများပါတယ်။ ဒါကြောင့်လည်း အာရှသားတွေဟာ အမေရိကန်နဲ့ အနောက်နိုင်ငံသားတွေထက်စာရင် ဆီးကျိတ်ကင်ဆာ ဖြစ်ပွားမှုနှုန်း နည်းတာဖြစ်ပါတယ်။
(၇) ငှက်ပျောသီး
ငှက်ပျောသီးတွေဟာ ပိုတက်စီယမ်ဓာတ် ကြွယ်ဝစွာပါဝင်တဲ့ အစားအစာ တစ်ခုဖြစ်ပါတယ်။ ပိုတက်စီယမ်ဟာ ကြွက်သားတွေရဲ့ ကျုံ့ခြင်းဆန့်ခြင်းနဲ့ အရိုးအဆစ်တွေရဲ့ ကြံ့ခိုင်သန်မာမှု အတွက် အဓိကလိုအပ်တဲ့ အာဟာရဓာတ်တစ်ခုပါ။ ဒါ့အပြင် သွေးပေါင်ချိန်ကိုလည်း လျှော့ကျစေပြီး ဆားလျှော့စားခြင်းကဲ့သို့ အကျိုးအာနိသင်ကို ပေးပါတယ်။
(၈) ထောပတ်သီး
ထောပတ်သီးဟာ အဆီဓာတ် ပါဝင်မှုများတဲ့ အသီးလို့ လူသိများပါတယ်။ ဒါပေမယ့် ထောပတ်သီးမှာပါတဲ့ အဆီဟာ လူနဲ့တည့်တဲ့ ကျန်းမာတဲ့အဆီဓာတ်ပါ။ ထောပတ်သီးမှာပါတဲ့ Monounsaturated Fat ဟာ မကောင်းတဲ့ ကိုလက်စထရော (LDL) ပမဏကို ကျဆင်းစေပြီး အကျိုးပြု ကိုလက်စထရောပမာဏကို မြင့်တက်စေပါတယ်။ ထောပတ်သီးနည်းတူ သံလွင်ဆီနဲ့ အခွံမာသီးတွေမှာလည်း ကျန်းမာရေးအတွက် အကျိုးပြုတဲ့ ကောင်းမွန်တဲ့ အဆီဓာတ်တွေ ပါဝင်ပါတယ်။
အခုပြောပြပေးခဲ့တာကတော့ အမျိုးသား တွေရဲ့ ကျန်းမာရေး အတွက် စားပေးသင့်တဲ့ ကျန်းမာရေးအကျိုးပြု အစားအစာ တွေပဲ ဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ အာဟာရဓာတ်များစွာပါဝင်ပြီး ကျန်းမာရေးနဲ့ညီညွှတ်တဲ့ Healthy Foods တွေကို စားပေးခြင်းဖြင့် သန်စွမ်းကြံ့ခိုင်တဲ့ Healthy Lifestyle တစ်ခုကို တည်ဆောက်နိုင်မှာပဲ ဖြစ်ပါတယ်။
Photo : WebMD
Featured Photo : The Debrief